မြန်မာအစိုးရအနေနဲ့ အရင်ခေတ်ဟောင်းက ပုံစံခွက်ထဲကို ပြန်မသွားဖို့ အမေရိကန် လက်ထောက် နိုင်ငံခြား ရေး ဝန်ကြီး Daniel Russel က သတိပေးလိုက်ပါတယ်။
မြန်မာပြည်ကိုမကြာခင်ကို လည်ပတ်ခဲ့တဲ့ သမ္မတအိုဘားမားရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်က ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌ ရာထူးကနေ ဖြုတ်ချခံခဲ့တာဟာ အရင်ခေတ်ဟောင်း စနစ်ဟောင်းကို အမှတ်ရစေပြီး ကျောချမ်းစရာ ကောင်းတယ်လို့ သူ့ရဲ့ ခရီးစဉ်အပြီး ဝါရှင်တန်မှာ ကျင်းပတဲ့ Carnegie Endowment for International Peace မှာ ပြောကြားခဲ့ပါတယ်။
အစိုးရနဲ့ အာဏာရပါတီဟာ ပြည်သူလူထုရဲ့ ယုံကြည်ချက်တွေ ပိုတိုးပွားလာအောင် လုပ်ဖို့ပဲ ဖြစ်ပြီး ပျက်ပြယ် သွားအောင် လုပ်တာမျိုးတော့ မဖြစ်သင့်ဘူးလို့ ပြောဆို လိုက်ပါတယ်။
Daniel Russel က မကြာခင် မြန်မာပြည်မှာ ကျင်းပပြုလုပ်တော့မယ့် ရွေး ကောက်ပွဲအကြောင်း ကို ပြောဆိုတဲ့အခါမှာတော့ ရွေးကောက်ပွဲကျင်းပမယ့် ပုံစံဟာ ပြီးပြည့်စုံတဲ့ စနစ်နဲ့ တည်ဆောက်ထားတာ မဟုတ်ပေမယ့် မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ Reform ကို ရှေ့ဆက်သွားဖို့အတွက်တော့ အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် “ကျနော်တို့ဟာ ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကို စောင့်ကြည့်နေပါတယ်။ ဒီရလဒ်ဟာ ရှေ့သို့ တိုးတက်မှုပဲ ဖြစ်ပြီး ဒီမိုကရေစီ လမ်းစဉ်ကို ရှေ့ဆက်သွားဖို့ပဲ ဖြစ်ပါတယ်”လို့လည်း ဆိုပါတယ်။
ဒါ့အပြင် သူက ရွေးကောက်ပွဲပြီးသွားရင် အာဏာလွှဲဖို့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ အနိုင်ရတဲ့ ပါတီကို အာဏာလွဲဖို့ကိစ္စကို မြန်မာအာဏာပိုင်တွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အသေအချာ ဆွေးနွေးခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ရန်ကုန်က ဧရာဝတီ သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာတော့ “ ကျနော်တို့ဟာ လက်တွေ့ကျတဲ့ သူတွေဖြစ်ပါတယ်။ ဒါပေမယ့် အဆိုးမြင်တဲ့ သူတွေတော့ မဟုတ်ပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်ခိုင်မာပြတ်သားမှု ရဲရင့်မှုကိုလည်း လေးစားကြောင်း ပြောဆိုသွားခဲ့ပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russelဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ရက်နေ့မှ ၅ရက်နေ့အထိ မြန်မာနိုင်ငံကိုလာရောက်ကာ အစိုးရ အရာရှိများနဲ့ တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။