မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘာသာရေးကို နည်းလမ်းတစ်ခုအနေဖြင့် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို စိုးရိမ်ပူပန် ကြောင်း သြစတေးလျ သံရုံး၊ ကနေဒါ သံရုံး၊ ဒိန်းမတ် သံရုံး၊ ပြင်သစ် သံရုံး၊ နော်ဝေး သံရုံး၊ ဂျပန် သံရုံး၊ ဆွီဒင် သံရုံး၊ ဗြိတိသျှ သံရုံးနှင့် အမေရိကန် သံရုံး တို့မှ ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်သည်။
ကြေညာချက်တွင် နိုဝင်ဘာ ၈ တွင် ကျင်းပမည့် အသီးသီးသောလွှတ်တော်ဆိုင်ရာရွေးကောက်ပွဲများ၏ အရည်အသွေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်ပါလိမ့်မည်။ သို့ပါ၍ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် လူ့အခွင့်အရေး လေးစားမှုကို အာမခံချက်ပေးနိုင်သည့် ကောင်းမွန်သောယှဉ်ပြိုင်မှုများဖြင့် အခြေပြုထားသည့် စိတ်ချယုံကြည်ရသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်ရေး အတွက် အသိပေးနှိုးဆော်သည့် ကြိုးပမ်းအားထုတ်မှုများကို ကျွနု်ပ်တို့က ကူညီပံ့ပိုးလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ တရားဝင်စတင်ခဲ့ပြီး ဖြစ်သည့်အလျောက် ဤနိုင်ငံနှင့် ဤရွေးကောက်ပွဲများ၏ အောင်မြင်ရေးအတွက် ရင်းနှီးပံ့ပိုးပေးထားသည့် ကျွန်ုပ်တို့ကဲ့သို့ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်နိုင်ငံများအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘာသာရေးကို နည်းလမ်းတစ်ခုအနေဖြင့် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို စိုးရိမ်ပူပန်မိပါသည်။
ကျွနု်ပ်တို့ကိုယ်တိုင်လည်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံများဖြစ်သည့်အလျောက် ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေးအခြေအနေများ၏ စိတ်လှုပ်ရှားဖွယ်ရာ ပြောင်းလဲမှုများကို ကောင်းကောင်းနားလည် သဘောပေါက်ပါသည်။ မြန်မာနိုင်ငံတွင် သွေးကွဲမှုနှင့် အရပ်ဘက်ပဋိပက္ခ ဖြစ်ခဲ့ဖူးသည့် သာဓကများရှိခဲ့ပါသဖြင့် ရွေးကောက်ပွဲများသည် ငြိမ်းချမ်းပြီး အားလုံးပါဝင်မှုရှိစေရန် သည်းခံခြင်းစိတ်၊ အပြန်အလှန်လေးစားခြင်းနှင့် ကျောသားရင်သားမခွဲခြားဘဲ မျှတမှုရှိသည့် တရားဥပဒေဖြစ်ရေးတို့ကို အသိအမြင်ကျယ်ပြန့်လာစေရေး နှိုးဆော်ပေးကြပါရန် (ဤရွေးကောက်ပွဲနှင့်) ဆက်စပ်သက်ဆိုင်သူများဖြစ်သည့် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်နှင့် ဘာသာရေး ခေါင်းဆောင်များ နှင့် နိုင်ငံသားများ အားလုံးကို ထပ်တူထပ်မျှ ကျွန်ုပ်တို့ တောင်းဆိုပါသည်။ ရွေးကောက်ပွဲစည်းမျဉ်းများနှင့် ဥပဒေများအားလုံးကိုလည်း ပြဌာန်းအသုံးပြုရာတွင် လူမျိုး၊ ဘာသာနှင့် နိုင်ငံရေးပါတီမရွေး မျှတမှုရှိရန်၊ တသမတ်တည်းဖြစ်စေရန် နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။ လက်ရှိရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားများကို ပံ့ပိုးကူညီရန် နိုင်ငံတကာမှ သန္နိဋ္ဌာန်ချမြဲချထားလျက်ရှိပြီး ဖြစ်စဉ်ကိုလည်း အစိုးရသစ်တစ်ခု ၂၀၁၆ခုနှစ်တွင် ထူထောင်ခြင်းတစ်လျှောက် အနီးကပ်စောင့်ကြည့်လေ့လာသွားမည် ဖြစ်ပါသည်။