ဘန်ကောက်ဗုံးကွဲမှုဟာ ဝိဂါလူမျိုးတွေ ကို တရုတ်နှင့် တူရကီနိုင်ငံများသို့ ပြန်ပို့သည့်အတွက် လက်စားချေခြင်း သာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ Somyot Poompunmuang ကပြောလိုက်ပါတယ်။ ဒါဟာ ထိုင်းအာဏာပိုင်များ အနေဖြင့် ဝိဂါတို့နှင့် ဗုံးပေါက်ကွဲမှု ဆက်စပ်နေတယ်လို့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြော ဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ တရားမဝင် ဝိဂါလူမျိုး ၁၀၉ ဦး ကို တရုတ်နိုင်ငံသို့ ပြန်ပို့ လိုက်သည့်အတွက် တူရကီနိုင်ငံ အန်ကာရာရှိ ထိုင်းကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံခဲ့ရသလို၊ ကမ္ဘာလှည့် ခရီးသွား ၂၀ ခန့်သေဆုံးကာ ၁၃၀ ဒဏ်ရာရရှိသည့် ဘန်ကောက်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
သို့သော်လည်း ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကတော့ ပထမပိုင်းမှာ ဝိဂါတွေ ပြန်ပို့လို့ လက်စားချေ ဗုံးကွဲမှုတွေဖြစ်တယ်ဆိုတာကို ဝန်ခံခြင်းမရှိပါဘူး။
အလားတူ ထိုင်းရဲချုပ်က ဝိဂါတွေကို နိုင်ငံကို အခြေခံပို့တာ တရုတ်ကိုတင်ပို့တာမဟုတ်ဘူး၊ တူရကီကိုလည်း ပို့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ တူရကီအပါအဝင် အရှေ့အလယ်ပိုင်းဒေသက လူကုန်ကူးသူတွေရဲ့ လမ်းကြောင်းပေါ်မှာရှိနေပြီး ဒါကြောင့် လူမှောင်ခိုဂိုဏ်းတခုကလည်း သူတို့စီးပွားရေးကို ထိခိုက်လို့ ဖောက်ခွဲမှုပြုလုပ်တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပါတယ်။
ဒီတိုက်ခိုက်မှုကို ထိုင်း နိုင်ငံသား ၅ဦးနှင့် နိုင်ငံခြားသား ၁၇ ဦးခန့်က စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။