ပြီးခဲ့သည့်လအတွင်းက အတည်ပြုခဲ့သော အငြင်းပွားဖွယ်ရာ မျိုးစောင့်ဥပဒေများ ပေါ်ပေါက်လာရေးအတွက် အောင်မြင်စွာ တွန်းအားပေးနိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က အခမ်းအနားများ ယခုအပတ်အတွင်း စတင်ပြုလုပ်ခဲ့သည်။
ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီအဖွဲ့ မဘသ က ဥပဒေအောင်မြင်မှု အထိမ်းအမှတ် အခမ်းအနားများကို မြန်မာ တနိုင်ငံလုံးတွင် ၁၄ ရက်အတွင်း ပြုလုပ်သွားရန် စီစဉ်ထားပြီး ရန်ကုန်မြို့၏ အထင်ကရ ဖြစ်သည့် ရွှေတိဂုံ စေတီတော်တွင် စက်တင်ဘာလ ၁၄ ရက်နေ့က အောင်ပွဲ အခမ်းအနားတခု စတင်ပြုလုပ်ခဲ့သည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စက်တင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပြီးနောက် ကရင်ပြည်နယ်တွင်လည်း ဆက်လက်ပြုလုပ် သွားမည်ဟု သိရသည်။
ထင်ရှားသည့် အမျိုးသားရေး ဝါဒီ ဘုန်းတော်ကြီး ဦးဝီရသူက မဘသ အဖွဲ့၏ အင်အားကိုပြသရန် ရည်ရွယ်ချက်ဖြင့် အခမ်းအနားများကို ကျင်းပခြင်း ဖြစ်သည်ဟု ဧရာဝတီသို့ မိန့်သည်။ မဘသ အဖွဲ့သည် ၎င်းတို့၏ လှုပ်ရှားမှုများကို လွန်ခဲ့ သော ၂ နှစ်ကမှ စတင်ခဲ့ခြင်းဖြစ်သည်။
“ဒီ မျိုးစောင့်ဥပဒေကြီး ဒီလိုဖြစ်ပေါ်လာတယ် ဆိုတာကို သမိုင်းတခုအနေနဲ့ မှတ်တမ်းတင် ကျန်ခဲ့အောင်လို့ပေါ့။ နောက်တခုကတော့ ဒီ မျိုးစောင့်ဥပဒေကို ရေရှည်တည်တံ့အောင်လို့ အင်အားပြတဲ့ သဘောပါပဲ” ဟု ဦးဝီရသူက ဧရာဝတီသို့ မိန့်သည်။
ဥပဒေများက အမျိုးသမီးများ၏ အခွင့်အရေးကို ထိခိုက်စေပြီး ဘာသာရေးကို အခြေခံ၍ ခွဲခြား ကန့်သတ်မှုများ ပါဝင်နေသည်ဟု ပြည်တွင်းကရော ပြည်ပကပါ ဝေဖန်မှုများရှိခဲ့ကြောင်းလည်း သူက ဆိုသည်။
“ဒီဥပဒေ ပေါ်ပေါက်လာဖို့ တို့တတွေ ပြည်တွင်းပြည်ပ အတိုက်အခံများစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒီဥပဒေ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ တကယ်လို့များ ဒီဥပဒေကို ဖျက်လိုဖျက်ဆီး လုပ်မယ့်သူ ပေါ်လာရင် အဲဒီပုဂ္ဂိုလ်ဟာ တနိုင်ငံလုံးမှာရှိတဲ့ ရဟန်းရှင်လူ ပြည်သူ အားလုံးရဲ့ ဒဏ်ခတ်မှုကို သေချာပေါက်ခံရမယ် ဆိုတာကို ကြိုတင် အသိပေးတဲ့ အနေနဲ့ အောင်ပွဲတွေ ကျင်းပရခြင်း ဖြစ်ပါတယ်” ဦးဝီရသူက မိန့်သည်။
ထိုဥပဒေများ အကောင်အထည် ပေါ်လာရေးအတွက် နှစ်ပေါင်း ၃၀ ခန့် လုပ်ဆောင်ခဲ့ရသည်ဟု မိန့်သည်။ ဥပဒေများ အောင်မြင်စွာ ပြဌာန်းနိုင်ခဲ့သည့်အတွက် ပျော်ရွှင်မှုကို ဖော်ပြရန် စကားလုံးပင် ရှာ၍မရနိုင်ကြောင်း၊ နိုင်ငံတကာမှ ဆန့်ကျင်ခြင်းများသည် မြန်မာနိုင်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုခြင်း ဖြစ်ကြောင်းလည်း ထပ် မိန့်သည်။
မျိုးစောင့် ဥပဒေများက မယားပြိုင် စနစ်ကို ကန့်သတ်ထားပြီး ဘာသာကွဲ လက်ထပ်ခြင်းနှင့် ဘာသာကူးပြောင်းခြင်းကို ကန့်သတ်မှုများ ပြုလုပ်ထားသည်။ လူဦးရေ တိုးပွားမှုကို ထိန်းချုပ်နိုင်ရန်လည်း အာဏာပိုင်များကို အခွင့်အာဏာ ပေးထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတကာ အစိုးရများ၊ ပြည်တွင်း အမျိုးသမီး အဖွဲ့အစည်းများ၊ ကုလသမဂ္ဂတို့က စိုးရိမ်ခဲ့ကြသည်။ ဥပဒေများသည့် မြန်မာနိုင်ငံမှ မွတ်ဆလင်များက ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းအပေါ် ခြိမ်းခြောက်လာမှုကို တုန့်ပြန်ရန် အားထုတ်မှုဖြစ်သည်ဟု ဥပဒေကို ထောက်ခံသူများရော ဆန့်ကျင်သူများကပါ ယူဆခဲ့ကြသည်။
မျိုးစောင့် ဥပဒေများကို နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မကျင်းပမီ နောက်ဆုံးပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် သြဂုတ်လ အတွင်းက ပြဌာန်းလိုက်ခြင်း ဖြစ်သည်။ စက်တင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်သည့် အောင်ပွဲအခမ်းအနားတွင် ဦးဝီရသူက တနိုင်ငံလုံးအနေဖြင့် မျိုးစောင့် ဥပဒေများ၏ ရည်ရွယ်ချက်များ အတိုင်း တိုင်းပြည်၏ ဘာသာ သာသနာကို ကာကွယ်စောင့် ရှောက်ပေးမည့် သူများကိုသာ မဲပေးရွေးချယ်ကြရန် တိုက်တွန်းလိုက်သည်။ စက်တင်ဘာလ ၉ ရက်နေ့ကလည်း အလားတူ ပြောကြားခဲ့သည်။
ဘာသာရေးအရ သည်းမခံနိုင်မှုများ ပေါ်ပေါက်လာစေရန် လှုံ့ဆော်မှုများပြု လုပ်နေသူဟု စွပ်စွဲခံရသူ တဦးလည်းဖြစ်သည့် ဦးဝီရသူ၏ မှတ်ချက်များက လာမည့်ရွေးကောက်ပွဲတွင် ဘာသာရေးကို ထည့်သွင်းရန် မဘသ အဖွဲ့ဝင်အချို့က အားထုတ်နေခြင်းကို ရောင်ပြန်ဟပ်ပြနေသည်။
လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီကို ထောက်ခံရန် မဘသ ထိပ်ပိုင်းခေါင်းဆောင်တဦးက အဖွဲ့ဝင်များကို ဇွန်လအတွင်း ပြောကြားခဲ့သည်။ တခြား အတိုက်အခံပါတီများမှာ တိုင်းပြည်ကို အုပ်ချုပ်ရန် လိုအပ်သော အတွေ့အကြုံများ မရှိကြ၍ ဖြစ်သည်ဟု ဆိုသည်။ မျိုးစောင့် ဥပဒေများကို ဆန့်ကျင်ခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်လောင်းများကို မဲပေးခြင်းမပြုရေး မဲဆန္ဒရှင်များကို တိုက်တွန်းရန်လည်း ဦးဝီရသူက ထပ်မိန့်သည်။
ထိုကဲ့သို့ ပြောဆို ကြေညာမှုများ ပြုလုပ်ခြင်းသည် ရွေးကောက်ပွဲဥပဒေ တခုခုကို ချိုးဖောက်သည်ဟု ယူဆရန် ဖြစ်နိုင် မဖြစ်နိုင်ကိုလည်း ရှင်းလင်းစွာ မသိရသေးပါ။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ အပါအဝင် ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ပါဝင်ခြင်း သို့မဟုတ် မဲပေးခြင်း ပြုလုပ်ခွင့် မပြုပါ။ သို့သော်လည်း မဘသ အဖွဲ့က တိုက်ရိုက်ပါဝင် ပတ်သက်နေမှုကြောင့် နိုင်ငံခြားသံရုံး ၉ ခုက စက်တင်ဘာလ ၁၅ နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။ အဆိုပါ ကြေညာချက်တွင် “ရွေးကောက်ပွဲ မဲဆွယ်မှုကာလ အတွင်းတွင် ဘာသာရေးကို အကြောင်းပြု၍ ခွဲခြားမှုများနှင့် ပဋိပက္ခများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်မည့် အလားအလာများ ရှိနေခြင်းကို စိုးရိမ်ကြောင်း” ဖော်ပြထားသည်။
ဗြိတိန်နှင့် အမေရိကန် သံရုံးများ အပါအဝင် နိုင်ငံတကာ သံရုံးများက အားလုံးပါဝင်နိုင်ပြီး ငြိမ်းချမ်းသော ရွေးကောက်ပွဲများ ဖြစ်လာရေးအတွက် အစိုးရ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်နှင့် ဘာသာရေး ခေါင်းဆောင်များ နှင့် ပြည်သူများ အားလုံးက သည်းခံနိုင်မှုကို မြှင့်တင်ရန်၊ အပြန်အလှန် လေးစားရန်နှင့် ဥပဒေအောက်တွင် အားလုံး တန်းတူညီမျှရှိကြရန် တိုက်တွန်းခဲ့သည်။
ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားရှိရန် ထိုကဲ့သို့ တိုက်တွန်းမှုများ ရှိနေသော်လည်း ဦးဝီရသူက နိုဝင်ဘာလ ရွေးကောက်ပွဲတွင် နှလုံးသားဖြင့် မဲပေးခြင်းမပြုဘဲ ဦးနှောက်ဖြင့် မဲပေးကြရန်၊ တိုင်းပြည်နှင့် ဗုဒ္ဓဘာသာကို အကောင်းဆုံး ကာကွယ်ပေးမည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန် ပြည်သူများကို စက်တင်ဘာလ ၁၅ ရက်နေ့က တိုက်တွန်းလိုက်သည်။
အကယ်၍ ပြည်သူများက မိမိတို့ချစ်ခင်သူကိုသာ ရွေးချယ်လိုက်ကြပြီး အဆိုပါပုဂ္ဂိုလ်က တိုင်းပြည်အတွက် အကျိုးမရှိခဲ့လျှင် မဲပေးသူများပါ တရားခံဖြစ်သွားနိုင်ကြောင်း၊ မိမိတို့ ချစ်ခင်နှစ်သက်ခြင်း မရှိသူက တိုင်းပြည်အတွက် အကျိုးပြုနိုင်သူ ဖြစ်နေခဲ့လျှင် တိုင်းပြည်အတွက် နစ်နာဆုံးရှုံးသွားနိုင်ကြောင်း ဦးဝီရသူက ဧရာဝတီသို့ မိန့်သည်။
ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်သလို ဖြစ်နေမည်ကို စိုးရိမ်ပါသလားဟု မေးသည့်အခါ ဦးဝီရသူက “သူတို့ရဲ့ ခေါင်းဆောင်ကို ဘယ်လို ရွေးချယ်ရမလဲဆိုတာ ပြည်သူတွေကို ပညာပေးနေခြင်းသာ ဖြစ်ကြောင်း” မိန့်သည်။
မန္တလေးမြို့မှ ကိုယ်စားလှယ်လောင်း တချို့ကို မဘသ အဖွဲ့က တွေ့ဆုံ၍ ရွေးကောက် တင်မြှောက်ခံရပါက မည်ကဲ့သို့ ဆောင်ရွက်ရန် အစီအစဉ် ရှိသည်ကို မေးမြန်းခဲ့သည်။ မဲဆန္ဒရှင်များကို ပညာပေးရန်အတွက် အဆိုပါ အင်တာဗျူးများကို ရေဒီယို သို့မဟုတ် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားမည်ဟုလည်း သိရသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Lawi Weng ၏ Ma Ba Tha Flaunts Political Clout With Celebration of Contentious Laws ကို ဘာသာပြန်ဆို ဖော်ပြသည်။