မန္တလေးတိုင်း မိုးကုတ်မြို့တွင် အစိုးရက ကျောက်မျက်ဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားသော ရေပူဆရာတော် ဦးဣန္ဒက အမှုကို ယခုလ အတွင်း တရားရုံး ပြောင်းရွှေ့ စစ်ဆေးခွင့် ရရှိရန် ဆောင်ရွက်သွားမည်ဟု ဆရာတော်၏ အကျိုးဆောင်ရှေ့နေများက ဧရာဝတီသို့ ပြောသည်။
မိုးကုတ်မြို့ ရေပူရပ်ကွက် ကျောင်းထိုင် ဆရာတော် ဦးဣန္ဒကကို ကျောက်မျက် ဥပဒေ ပုဒ်မ (၄၁) က/ခ ဖြင့် သတ္တုတွင်း ဝန်ကြီး ဌာန ကျောက်မျက် တူးဖော်ရေး ဌာနခွဲက တရားလို ပြုလုပ်ပြီး တိုင်တန်းသဖြင့် မိုးကုတ်မြို့နယ် ရဲစခန်းက ဇွန်လ ၉ ရက်တွင် ဖမ်းဆီး လူဝတ်လဲခဲ့ကြောင်း သိရသည်။
ဆရာတော်သည် မိုးကုတ်မြို့နယ် ရေပူရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် စေတီ အဟောင်းများကို ဖြိုဖျက်ပြီး ဓာတ်ပေါင်းစု စေတီ တခု တည်ရန် ကြိုးပမ်းစဉ် စေတီအဟောင်းများ၏ မြေစာပုံများအား ရေစုပ်စက်ဖြင့် ရှင်းလင်းရာ ထိုလုပ်ဆောင်မှုကို တရားမဝင် ကျောက်မျက် တူးဖော်သည်ဟု စွပ်စွဲခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ ဆရာတော်အား စစ်ဆေးနေသည့် ပြင်ဦးလွင်ခရိုင် တရားရုံးမှ တရားသူကြီးက ဆရာတော်ကို မထီမဲ့မြင် ပြုလုပ်နေကြောင်း၊ ဆရာ တော်အား စစ်ဆေးနေချိန်တွင် တရားခွင်ထဲသို့ ရဲဝန်ထမ်းက လက်နက်ကိုင်ဆောင်လာကြောင်း၊ ဆရာတော်သည် တရား သူကြီးကို အယုံအကြည် မရှိသဖြင့် ယခုလအတွင်း တရားရုံး ပြောင်းရွှေ့ခွင့်ရရန် ဆောင်ရွက်သွားမည်ဟု ရေပူ ဆရာတော် ၏ ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီသို့ ပြောသည်။
ဦးသိန်းသန်းဦးက“ပြင်ဦးလွင်ခရိုင် တရားရုံးက ဆရာတော်ကို ဆက်ဆံတာ ရင့်သီးတယ်လို့ ယူဆရတယ်။ ကျနော်တို့ ဘုန်းကြီးက လည်း တရားသူကြီးကို မယုံကြည်တဲ့အတွက် ရုံးပြောင်း လျှောက်ထားမယ်။ ပြောင်းမယ်ဆိုတာ မန္တလေးခရိုင် အတွင်းမှာရှိတဲ့ ရုံးတခုခုပေါ့။ မန္တလေးခရိုင် တရားရုံးပါ။ နီးစပ်ရာ လျှောက်မယ်။ ဆရာတော်ကလည်း သဘောတူပါတယ်။ အခုလ ၂၁ရက်မှာ ရုံးချိန်း ပြန်ခေါ် ထားပါတယ်။ အဲဒီရက်မတိုင်ခင် တရားရုံး ပြောင်းရွှေ့ဖို့ လုပ်သွားပါမယ်”ဟုလည်း ဆိုသည်။
တရားရုံး လက်စွဲ အရ ကိုက် ၅၀ အတွင်း လက်နက် ကိုင်ဆောင်ခွင့် မပြုသော်လည်း ယခုလ ၁၄ ရက်က ပြင်ဦးလွင်ခရိုင် တရား ရုံးတွင် ရုံးထုတ်စစ်ဆေးချိန် ရေပူဆရာတော်ကို ရဲတပ်ဖွဲ့ဝင်တဦးက သေနတ် မောင်းတင်ပြီး ချိန်ရွယ်ခဲ့ကြောင်း ယင်းအမှုဖြစ်စဉ်ကို စောင့်ကြည့်နေသည့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးစိုးေဋ္ဌးက ဧရာဝတီသို့ ပြောသည်။
ထိုသို့ တရားခွင်ထဲတွင် သေနတ် မောင်းချိန်ပြီး ကျည်အပြည့်ဖြင့် ဆရာတော်အား ချိန်ရွယ်ခဲ့သည့် ရဲဝန်ထမ်းကို ပြည်ထဲရေး ဝန်ကြီးဋ္ဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ တိုင်ကြားစာပို့သွားမည် ဖြစ်ကြောင်းလည်း ဦးစိုးေဋ္ဌးက ပြောဆိုသည်။
ဦးစိုးေဋ္ဌးက“ခရိုင် တရားသူကြီးကို ကျနော်တို့ ဆန္ဒပြဖို့ ရှိတယ်။ ရက်ကိုတော့ ကျနော်တို့ ပြန်တိုင်ပင်ရဦးမယ်။ ပြင်ဦးလွင် ခရိုင် တရားရုံး ရှေ့မှာပဲ လုပ်မယ်”ဟု ဆိုသည်။
စက်တက်ဘာ ၁၄ ရက်က ပြင်ဦးလွင် ခရိုင်တရားရုံးတွင် ကျောက်မျက်ဥပဒေ ပုဒ်မ၄၁(က)ဖြင့် ရေပူ ဆရာတော်ကို ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် စက်တင်ဘာ ၁၆ ရက်တွင်လည်း ဆရာတော်ကို ပြင်ဦးလွင်မြို့နယ် တရားရုံးက သာသနာ ညိုးနွမ်းစေမှု (၂၉၅)၊ သစ်တော ဥပဒေ ပုဒ်မ ၄၁၂(ခ) များအတွက် ရုံးထုတ်ခဲ့ကြောင်း ဆရာတော်၏ တရားလွှတ်တော် ရှေ့နေ ဒေါ်မြနီလာစိုးကလည်း ပြောသည်။
လက်ရှိတွင် ရေပူဆရာတော်ကို မန္တလေး အိုးဘို အကျဉ်းထောင်တွင် ထားရှိကြောင်း သိရသည်။
ရေပူဆရာတော်သည် ရေပူရပ်ကွက် မီးလင်းရေး ဦးဆောင် လုပ်ဆောင်ခဲ့ခြင်း၊ ရွှေဝါရောင် တော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင် ခဲ့ခြင်းနှင့် မိုးကုတ်မြို့နယ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့တွင် သံဃာ့ကိုယ်စားလှယ် ဦးဆောင်ဆရာတော်တပါးအဖြစ် ပါဝင် ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ ပြဿနာ ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း မိုးကုတ်ဒေသခံများက ပြောဆိုကြသည်။