မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရေး-မော်လမြိုင် ကားလမ်းမပေါ်၌ ခရီးသည်တင်ယာဉ်များကို ပြောက်ကျားဝတ်စုံဝတ် လက်နက် ကိုင် အဖွဲ့တဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းတဦးနှင့် ယာဉ်နောက်လိုက်တဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း ရေးမြို့နယ် ရဲစခန်းက ပြောသည်။
အဆိုပါ ပြောက်ကျားဝတ်စုံဝတ်အဖွဲ့သည် ရေး-မော်လမြိုင်ကားလမ်း နှင်းစုံကျေးရွာ အနီးတွင် ယခုလ ၁၅ ရက်နေ့ နံနက် ၁ နာရီခန့်က သေနတ်ပစ်ဖောက်၍ ကားများကို ရပ်ခိုင်းခဲ့ကြောင်း ယာဉ်မောင်းများက ရပ်မပေးဘဲ ဆက်လက်မောင်းနှင်ခဲ့သဖြင့် ပစ်ခတ် ခံခဲ့ ရခြင်း ဖြစ်ကြောင်း ရေးမြို့နယ်ရဲစခန်း တပ်ကြပ်ကြီး ဇော်မင်း က ဧရာဝတီသို့ ပြောသည်။
“သူတို့က ပိုက်ဆံတောင်းမလို့ ခရီးသည်ကားတွေကို ရှေ့ကနေကြိုပြီး သေနတ်ဖောက်ပြီးတားတာကို ကားတွေက မရပ်ဘဲ ဆက်သွားတော့ ပစ်တာ ခရီးသည်ကား ၈ စီးလောက်ထိသွားတယ်။ လူကတော့ နောက်ပိုင်း ကားတွေက ဒရိုင်ဘာတယောက်နဲ့ စပါယ်ယာ တယောက်ထိသွားတယ်”ဟု တပ်ကြပ်ကြီး ဇော်မင်း က ပြောသည်။
Lucky Star ယာဉ်မောင်း ကိုမင်းမင်း (ခ) ကိုနှုတ်ခမ်းမွေး၏ ဝဲဘက်မျက်ခုံးအောက်မှ ဝဲနားရွက်အထိ ကျည်ဆန်ဒဏ်ရာ ရရှိခဲ့ပြီး ရွှေပုလဲသီ ယာဉ်နောက်လိုက် တဦးလည်း ပေါင်တွင်ကျည်ဆန် ထိမှန်ခဲ့ကြောင်း ၎င်းတို့ ၂ ဦးကို ရေးပြည်သူ့ဆေးရုံကြီးကို ပို့၍ ဆေး ကုသ ပေးလျက်ရှိကြောင်း သိရသည်။
လက်နက်ကိုင် ပြောက်ကျားအဖွဲ့သည် ခရီးသည်တင်ယာဉ် ဦးပိုင်းများကို သေနတ်နှင့်ပစ်ခတ်၍ ရပ်တန့်ခိုင်းပြီး ခရီးသည်များထံမှ ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ရေး-မော်လမြိုင် ခရီးသည်တင်ယာဉ်လိုင်းမှ တာဝန်ရှိသူတဦးကလည်း ဧရာဝတီသို့ပြော သည်။
“ခရီးသည်တွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ ဒါပေမယ့်သူတို့ဆီကတော့ ပိုက်ဆံတွေ သိန်းနဲ့ချီပြီးပါကုန်တာပေါ့။ တောင်းတဲ့ အဖွဲ့ကလည်း ပိုက်ဆံရပြီးတာနဲ့ တောထဲပြေးဝင်သွားတာ”ဟုလည်း ၎င်းက ဆိုသည်။
ယင်းသို့ဖြစ်ပွားမှုရှိသော်လည်း အဝေးပြေး ကားများ ပုံမှန်ပြေးဆွဲလျက်ရှိကြောင်းလည်း ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ယဉ်မောင်းတဦးနှင့် ယာဉ်နောက်လိုက်တဦး သေနတ်မှန် ဒဏ်ရာရရှိခဲ့ပြီး ခရီးသည် ၂ဦးထံမှ ကျပ် ၁၈၀၀၀ နှင့် Huawei အမျိုးအစား ဖုန်းတလုံး ပါသွားကြောင်း ယမန်နေ့က မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ရေးမြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့အား အပူတပြင်း စုံစမ်းမှုများ ပြုလုပ်နေသကဲ့သို့ ထိုအဖွဲ့အား လုယက်မှု ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်း ရေးမြို့နယ် ရဲစခန်းက ပြောသည်။
အဆိုပါ လမ်းကြောင်းတွင် ယခင်နှစ်ကလည်း အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့က ခရီးသည်တင်ကားကို တားဆီး၍ ပိုက်ဆံနှင့် ရွှေများကို အတင်းအဓမ္မ တောင်းယူခဲ့ပြီး ယာဉ်မောင်းတဦးနှင့် ခရီးသည်တဦးလည်း ပစ်ခတ်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။