ချီလီကမ်းရိုးတန်းမှာ ပြင်းအား ၈.၃ မဂ္ဂနီကျု့ရှိ ငလျင်ကြီး လှုပ်ခတ်သွား ပြီးနောက်၊ နောက်ဆက် တွဲ ဆူနာမီရေလှိုင်းတွေ လာနိုင်တဲ့အတွက် ချီလီပြည်ထဲရေးဝန်ကြီးဌာန၏ အမျိုးသား အရေးပေါ်အခြေအနေ ကူညီရေးဌာနက(ONEMI) နိုင်ငံတဝှမ်း အနီရောင်အဆင့်သတ်မှတ်ကာ သတိပေးတပ်လှန့်ထားလိုက်ပါတယ်။
အမေရိကန်ငလျင်တိုင်းတာရေးဌာနအဆိုအရ အဆိုပါ ငလျင်ကြီးဟာ ပစ္စဖိတ်သမုဒ္ဒရာအောက် ၄.၈မိုင်အကွာ မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး၊ ဗဟိုချက်ဟာ မြို့တော် ဆန်တီယေးဂိုနဲ့ မိုင်ပေါင်း ၃၁၀ခန့်ကွာဝေးတဲ့ Illapel မြို့နဲ့နီးကပ်တယ်လို့ သိရပါတယ်။
အဲဒီငလျင်ကြီးဟာ ပထမပိုင်းမှာ ပြင်းအား ၇.၉ မဂ္ဂနီကျု့ရှိပေမယ့် နောက်ပိုင်းမှာ ၈.၃ မဂ္ဂနီကျု့ အထိ ပြင်းထန်တယ်လို့ သိရပါတယ်။
ဒါပေမယ့် ONEMI ကတော့ ၈.၄ မဂ္ဂနီကျု့ ရှိတယ်ဆိုပြီး ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်ကာ ကမ်းရိုးတန်းမြို့တွေ ထိခိုက် နိုင်တဲ့အတွက် အနီရောင်အဆင့် သတိပေးတပ်လှန့်မှု ထုတ်ပြန်ကာ ကမ်းခြေဒေသများမှာ ပြောင်းရွေ့ မှုတွေပြုလုပ်ဖို့ ပြောခဲ့ပါတယ်။
ဒီငလျင်ကြောင့် ကြီးမားတဲ့ အပျက်အဆီး အသေအပျောက်မရှိဘူးလို့ သိရပေမယ့်၊ Illapel မြို့မှာတော့အမျိုးသမီးတဦး အိမ်ပြိုလို့ သေဆုံးကြောင်း ဒေသတွင်းသတင်းတွေကဆိုပါတယ်။
Daily Mirror သတင်းမှာတော့ ၅ဦးသေဆုံးပြီး လူ ၁သန်းခန့် ပြောင်းရွေ့နေတယ်လို့ ဆိုပါတယ်။
ပစ္စဖိတ် ဆူနာမီသတိပေးမှုဌာန (PTWC)ကတော့ ချီလီ၊ ပီရူး၊ ဟာဝိုင်ယီနဲ့ ပြင်သစ်ပိုင် ပိုလီနီးရှား ကျွန်းတို့ကို ပြင်းထန်တဲ့လှိုင်းများ လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။