ဟန်ဂေရီရဲတွေ လိုက်လံဖမ်းဆီးလို့ ၇နှစ်အရွယ်သားငယ်ကို ပိုက်ကာ ထွက်ပြေးရတဲ့ ဆီးရီးယား ဒုက္ခသည်တဦးကို ရုပ်မြင်သံကြား သတင်းဌာနက အမျိုးသမီးက ခြေထိုးခံလိုက် တဲ့အတွက်လဲကျသွားတဲ့ ပူပူနွေးနွေး ကမ္ဘာကျော် သတင်းတပုဒ်ကို မှတ်မိအုံးမယ်ထင်ပါတယ်။
ဆီးရီးယား ပြည်တွင်းစစ်ကြောင့် မိသားစုလိုက် ထွက်မပြေးရခင်က အိုစမာ အဗ္ဗဒူ မိုရှန် လို့ ခေါ်တဲ့သူဟာ ဘောလုံး နည်းပြတဦးဖြစ်ပြီး၊ အခုအခါမှာတော့ သူ့ရဲ့ ကမ္ဘာကျော် အဖြစ်အပျက်ကြောင့် စပိန်နိုင်ငံ မက်ဒရစ်မြို့ဆင်ခြေဖုံးက က CENAFE လို့ ခေါ်တဲ့ အားကစားကျောင်းရဲ့ ဘောလုံးလေ့ကျင့်ရေးနည်းပြအဖြစ် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
သူ့ကို လဲကျအောင် ခြေထိုးခံလိုက်တဲ့ ဟန်ဂေရီရုပ်မြင်သံကြားဌာန N1TVက ရုပ်သံရိုက်ကူးသူ အမျိုးသမီး ကတော့ အဲဒီလိုပြုမူတဲ့အတွက် အလုပ်က ထုတ်ခံလိုက်ရတဲ့အပြင် တရားစွဲဆိုမှုနဲ့ လည်း ရင်ဆိုင်နေရပါတယ်။ အိုစမာ အဗ္ဗဒူ မိုရှန်ကတော့ စပိန်မှာ အခြေချကာ သူ့ရဲ့ဘဝကို စတင်တော့မှာပါ။
CENAFE ကျောင်းပိုင်ရှင်က “အိုစမာ အဗ္ဗဒူ မိုရှန် ရဲ့ အဖြစ်အပျက်ကို သတင်းစာမှာမြင်တော့ ခံစားရတဲ့ အတွက် အသင်းမှာ ခေါ်လိုက်တာပါ”လို့ ဆိုပါတယ်။
အိုစမာ အဗ္ဗဒူ မိုရှန်ဟာ ကျောင်းရဲ့ အာရပ်စကားပြော နည်းပြတဦးအဖြစ် ကူညီသွားမှာဖြစ်ပြီး၊ တူရကီမှာ ကျန်ခဲ့တဲ့ ဇနီးနဲ့ ကလေး ၂ဦးအပါအဝင် မိသားစုကို လည်း စပိန်ကို ခေါ်ယူသွားမှာဖြစ်ပါတယ်။
လေးနှစ်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် ဆီးရီးယား ဒုက္ခသည်များအပါအဝင် အရှေ့အလယ်ပိုင်းဒေသ တွင်းက ဒုက္ခသည်တွေဟာ တူရကီ၊ ဂရိ၊ မက်ဆီဒိုးနီးယား၊ ဆာဘီးယား၊ ဟန်ဂေရီ နယ်စပ်တွေကို ဖြတ်ကျော် ကာ ကောင်းမွန်တဲ့ဘဝနဲ့ အနာဂတ်ရရှိဖို့ ဂျာမနီနိုင်ငံကို ဦးတည်ကာ သွားရောက်နေကြပါတယ်။
ယခုအခါ ဒုက္ခသည်တွေ အဝင်များလာတဲ့အတွက် အစိုးရများဟာ နယ်စပ်ဂိတ်တွေကို တင်းကျပ်လိုက်ပြီး နိုင်ငံ ဖြတ်ကျော်ခုတ်မောင်းတဲ့ ရထားအစီအစဉ်တွေကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။
ဟန်ဂေရီနိုင်ငံကတော့ ဒုက္ခသည်တွေဟာ တကယ့် စစ်ဘေးကြောင့်ပြေးလာသူတွေထက် စီးပွားရေးအရလာသူ တွေများတယ် ဒါကြောင့် အဝင်မခံနိုင်ဘူးဆိုကာ မျက်ရည်ယိုဗုံးများ၊ ရေပိုက်များနဲ့ထိုးကာ ဖြိုခွဲခဲပါတယ်။