ရှမ်းပြည်နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) လက်အောက်ခံတပ်များအပေါ် အစိုးရစစ်တပ် က စစ်ရေး စီမံချက်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ် ၁၆ မြို့နယ် တွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ခေတ္တ ရပ်ဆိုင်းထားရန် RCSS က သဘောထား ကြေညာချက်ထုတ်ပြန်လိုက်သည်။
တပ်မတော်၏ ထိုးစစ်များ အရှိန်မြှင့်လုပ်ဆောင်မှုများရှိနေသဖြင့် RCSS ထိန်းချုပ်နယ်မြေအတွင်း ဘေးကင်း လုံခြုံမှု မရှိ ကြောင်း၊ ထို့ကြောင့် ပါတီမဲဆွယ်ခြင်းနှင့် စည်းရုံးရေးဆိုင်ရာလုပ်ငန်းများကို ဘေးကင်းလုံခြုံမှုရှိသည့် အချိန်အခါအထိ ခေတ္တ ဆိုင်းငံ့ ထားပေးကြရန် သတိပေး ထုတ်ပြန်ရခြင်းဖြစ်ကြောင်း RCSS က ပြောသည်။
နယ်မြေ မတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များ ခေတ္တ ရပ်ဆိုင်းထားရန် RCSS က ထုတ်ပြန်ထားသည့် အထဲတွင် အစိုးရနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ခိုလမ်၊ ကျောက်မဲ၊ မိုင်းပွန်၊ ပင်လုံ၊ ကွန်ဟိန်း၊ လင်းခေး မြို့နယ်များ အပါအဝင် စုစုပေါင်း ၁၆ မြို့နယ်ဖြစ်သည်။
ထိုဒေသများတွင် ရှမ်းအင်အားကြီးပါတီများဖြစ်သည့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေး ပါတီ (SNDP) တို့ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ယခုလ ၈ ရက်နေ့က စတင်ကာ မဲဆွယ် စည်းရုံးရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေကြသည်။
SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ” သူက သူတို့နေရာအားလုံးကို ပြောထားတယ်ဆိုတော့ သူတို့နဲ့ ပတ်သက်ရင်တော့ နေရာတော်တော်များပါတယ်။ သူတို့က ရပ်ခိုင်းနေတယ်ဆိုရင်တော့ သွားလို့မရဘူးလေ။ သူတို့ရပ်ခိုင်း နေတာကို ကျနော်တို့သွားလို့ရှိရင် ပြဿနာအများကြီးဖြစ်နိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါနယ်မြေများတွင် လုံခြုံရေးအနေအထားကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများမလုပ်ဖို့ တားမြစ်ခြင်းသည် မဲပေးမှုအပေါ် ရိုက်ခတ်မှု ကြီးကြီးမားမား မဖြစ်စေနိုင်သော်လည်း ထိုအကြောင်းပြချက်ဖြင့် ယင်းဒေသများကို ရွေးကောက်ပွဲ ပိတ်ပင်မည်ဆိုလျှင် ထိခိုက်မှုကြီးကြီးမားမားဖြစ်နိုင်ကြောင်း ဦးစိုင်းညွှန့်လွင် က ရှင်းပြသည်။
RCSS ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်ပြီး SNDP ပါတီ ဗဟိုက ညွှန်ကြားချက် တစုံတရာ မရှိသေးကြောင်း သို့သော်လည်း ရွေးကောက်ပွဲ ရက်ကိုတော့ ထိခိုက်မှုမရှိနိုင်ဟု မျှော်လင့်ကြောင်း ကွန်ဟိန်းမြို့နယ်တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေါ်နန်းဝါနုက ပြောသည်။
“ဘယ်လိုပဲဖြစ်ဖြစ်ပါ သူတို့က အောက်တိုဘာလကြလို့ရှိရင် အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးမယ်ဆိုတဲ့ အနေအထားလည်း ရှိတယ်။ ဆွေးလည်းဆွေးနွေးနေတယ်ဆိုတော့ ငြိမ်းငြိမ်းချမ်းချမ်းလေးဖြစ်သွားမယ်လို့ ကျမယုံကြည်ပါတယ်” ဟု ဒေါ်နန်းဝါနု ကဧရာဝတီသို့ပြောသည်။
RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလ က “ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ နိုင်ငံရေး ပါတီတွေကို သူတို့အတွက် လုံခြုံရေးအရ ဘေးအန္တရာယ် ကင်းရှင်းမှုမရှိတဲ့နယ်မြေမှာ သူတို့ရဲ့ စည်းရုံးရေး ကိစ္စတွေကို ခေတ္တရပ်နားပေးဖို့ အသိပေး အကြောင်းကြားထုတ်ပြန်ခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နယ်မြေရှင်းလင်းရေး အကြောင်းပြ ဝင်ရောက်လာသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များနှင့် ရှမ်းပြည် တပ်မတော် (SSA) တောင်းပိုင်း တပ်ဖွဲ့များအကြား ယခုနှစ် သြဂုတ်လ ကတည်းက ဖြစ်ပွားနေခြင်းဖြစ်ပြီး စုစုပေါင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်ပြီး တပ်မတော်ဘက်မှ ၂၀ ကျော်ကျဆုံးကာ ၎င်းတို့ဘက်မှ ၄ ဦးကျဆုံးကြောင်း RCSS ကပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့နယ် ဝမ်ကောင်းကျေးရွာအနီး၌ ဖြစ်ပွားခဲ့သော ယခုလ ၁၆ ရက်နေ့က တိုက်ပွဲတွင် တပ်မတော်က SSA ပျောက်ကျား တပ်ဖွဲ့များ ရှိရာနေရာများကို မြေပြင်မှ ခလရ ၁၅၂ နှင့် ခလရ ၉၉ တို့ဖြင့် ထိုးစစ်ဆင် တိုက်ခိုက် သကဲ့သို့ ဝေဟင်မှလည်း စစ်ရဟတ်ယာဉ် ၄ စီနှင့် တိုက်လေယာဉ် ၂ စီးကို အသုံးပြု၍ ဗုံးကျဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“နဂိုမရှိဘူးတဲ့ စစ်ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ ကျနော်တို့တပ်ဖွဲ့တွေကိုလိုက်လံ ချေမှုန်းတာကိုလည်း ကျနော်တို့ တွေ့ရှိရတယ်။ လောလောဆယ်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရနဲ့ ကျနော်တို့အကြားမှာ တစုံတရာ တွေ့ဆုံဆွေးနွေးမှု မရှိကြသေးဘူး” ဟု ဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။
တပ်မတော်နှင့် SSA တောင်ပိုင်းအဖွဲ့အကြား ယခင်ဖြစ့်ပွားခဲ့သည့် တိုက်ပွဲများကို နှစ်ဖက်ညှိနှိုင်းဖြေရှင်းနိုင်ခဲ့ကြောင်း ယခုလည်း RCSS တာဝန်ရှိသူများနှင့် တွေ့ဆုံ ညှိနှိုင်းရန် ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) ရဲ့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်မှု ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
“ကိုယ်တို့ ဖြေရှင်းလို့ရမယ်လို့ထင်ပါတယ်။ ခါတိုင်းလည်း အဲလိုဖြစ်နေကြတာတွေကို နှစ်ဖက်လုံးက ကြိုးစားပြီး ရှင်းကြ တာပဲ” ဟု ဒေါက်တာ မင်းဇော်ဦး က ဧရာဝတီသို့ပြောသည်။
RCSS သည် ယခုနှစ် ပြည်ထောင်စုနေ့က အစိုးရနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိ ပြုချက် လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) ကိုလည်း လက်မှတ်ထိုးရန် ပြင်ဆင်နေသည့် အဖွဲ့လည်းဖြစ်သည်။ သို့သော်လည်း တိုက်ပွဲများ ရပ်ဆိုင်းနိုင်ခြင်းမရှိပါက NCA သဘောတူ စာချုပ် လက်မှတ် ထိုးရေးကို ထိခိုက်နိုင်ကြောင်း ဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းထောက် ငြိမ်းငြိမ်း ပူးပေါင်းရေးသားသည်)