ရန်ကုန်မြို့တော်ရှိ တက္ကသိုလ်များတွင် စာမေးပွဲများ စတင်ကျင်းပနေချိန် လိုင်းကားများ ဆန္ဒပြမှုများ ဖြစ်ပွား၍ လိုင်းကား မထွက်ခြင်း များ ရှိနေရာ စာမေးပွဲဖြေဆိုမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအ ခက် အခဲများ ကြုံတွေ့နေရကာ သွားလာ ရေး ခက်ခဲနေကြောင်း သတင်းရရှိသည်။
စက်တင်ဘာလဆန်းတွင် အသစ်ပြဋ္ဌာန်းလိုက်သော မော်တော်ယာဉ်ဥပဒေသစ်၏ ပုဒ်မ ၄၅၊ ပုဒ်မ ၄၆ ၊ ပုဒ်မ ၄၇၊ ပုဒ်မ ၄၈ ၊ ပုဒ်မ ၄၉ တို့တွင် လိုင်စင်မပါဘဲ ယာဉ်မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ခြင်း အပါအဝင် စည်း ကမ်း များကို ဖောက်ဖျက်ပါက ငွေဒဏ် သုံးသောင်း(သို့မဟုတ်) ငါးသောင်း၊ ထောင်ဒဏ် တလ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း ထားရာ ယင်းပြဋ္ဌာန်းချက်သစ်အရ လိုင်းကားများ ဆောင်ရမည့် ဒဏ်ကြေး မြင့်တက်သွား၍ မကျေနပ်မှုများ ဖြစ်ပွားကာ ဆန္ဒပြမှုများ စတင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
လိုင်းကားများ ဆန္ဒပြ၍ ကားမထွက်မှုကြောင့် အများပြည်သူများ သွားလာရေး ခက်ခဲ့နေကြောင်း၊ ရန်ကုန်မြို့အတွင်းရှိ တက္ကသိုလ် အများစုတွင် စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ စာမေးပွဲများ ကျင်းပလျက်ရှိရာ တက္ကသိုလ်ကျောင်းသား အများစုမှာ လိုင်းကားများမရှိ၍ သွားလာရေးခက်ခဲပြီး စာမေးပွဲ အချိန်မီ မဖြေဆိုနိုင်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရ သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် ( သန်လျှင်)တက္ကသိုလ် ပထဝီမေဂျာမှ တတိယနှစ်ကျောင်းသူ မအိဖြူဖြူထွန်းက “ကားက လုံး၀ မရဘူး။ ဆိုက်ကယ်စီးသွားနေရတယ်။ ဖယ်ရီတွေကလည်း ကုန်လမ်းပို့ဆောင်ရေးကနေ ယူထားတာ။ လိုင်းကား တွေက နားတော့ သူတို့ပါ လိုက်နားရတာ။အခုချိန်မှာ ထွက်တဲ့ဖယ်ရီ အန္တရာယ်များတယ်။ ပြန်ဖို့ အရမ်းခက်ခဲ နေတယ်။ လိုင်းကား က မရှိဘူးတော့ မဟုတ်ဘူး။ တနာရီ တစီးတောင်မလာတော့ဘူး။ ကားဂိတ်မှာ ကျောင်းသားတွေ အများကြီးပုံ နေ တယ်”ဟု ပြောသည်။
လိုင်းကားများ ပြေးဆွဲမှုရပ်ဆိုင်းထား၍ တက္ကသိုလ်ကျောင်းသားကျောင်းသူများမှာ အငှားယာဉ်များနှင့် တက္ကသိုလ်ကြိုပို့ ယာဉ်များကို အဓိက အားထားနေရကြောင်း သိရှိရသည်။
“ တက္ကစီတွေ၊ ဖယ်ရီတွေနဲ့ပဲ အားကိုးပြီး လာကြတာပဲ။ ဒါပေမယ့် ကျောင်းကို စာမေးပွဲအချိန်မှီ မရောက်ဘူး။ ဘီအမ် တွေကလည်း ကျောင်းထဲထိ မရောက်ဘူး။ မြောက်ဒဂုံ ဘုန်းကြီးကျောင်းကွေ့ကနေ တက္ကသိုလ်ထဲထိ ကျောင်းသားတွေ လမ်းလျှောက်သွားရတယ်။ အခုက ကျောင်းသာတွေသာမကဘူး အတန်းစောင့် ဆရာတွေလည်း နောက်ကျတယ်။ နောက်ဆုံး စာမေးပွဲမေးခွန်းတောင် နောက်ကျတယ်”ဟု ဒဂုံတက္ကသိုလ်၊ သချၤာမေဂျာမှ ဒုတိယနှစ် ကျောင်းသား မင်းသုခက ပြောသည်။
လိုင်းကားများ ရပ်ဆိုင်းထားမှုကြောင့် ရန်ကုန်မြို့ရှိ ကားမှတ်တိုင်များတွင် ခရီးသည်ပေါင်း မြောက်မြားစွာ စုပုံနေပြီး ခရီးသွားပြည်သူအများစုမှာ အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။
အလုံမြို့နယ်မှ ခရီးသွားတဦးဖြစ်သူ မမေစုက “အခုလို ဒဏ်ကြီးကြီးတပ်တာ မှန်တယ်။ ကားသမားတွေကို လခစားစနစ်နဲ့ လုပ်နိုင်ရင်တော့ သူတို့ စည်းကမ်းဖောက်ဖျက်တာ မရှိနိုင်တော့ဘူး။အခု သူတို့က ဒဏ်ကြေးကြီးလို့ မထွက်ဘူး မထွက်ရင် ခရီးသည်တွေ ဘယ်လို ခံရမလဲဆိုပြီး လုပ်တာ။ အမှန်က သူတို့က စည်းကမ်းကိုလည်း အမှန်တကယ် ချိုးဖောက်နေတာ နေ့စဉ်တွေ့နေရတာပဲ”ဟုပြောသည်။
မော်တော်ယာဉ်ဥပဒေသစ်အရ ဒဏ်ကြေးတိုးမြှင့်မှုကြောင့် ခရီးသည်တင်လိုင်းကားတွေ တွက်ခြေမကိုက်ဘဲ ရပ်ဆိုင်း ရမယ့် အခြေအနေရှိတယ်လို့ သိရှိရပါတယ်။
ဗိုလ်တထောင် လမ်း ၅၀ မှ လှိုင်သာယာပြေးဆွဲသည့် ၂၂၆ (အစိမ်း)ယာဉ်လိုင်းမှ ယာဉ်မောင်း ကိုစိုင်းက “ အခုဒဏ်ကြေး က စပယ်ယာက ၃၀၀၀၀ကျပ်၊ အရင်က မောင်းရော ရောင်းရော ကျပ်၁၅၀၀ ပဲရှိတယ်။ ဒီလ ၇ရက်နေ့က စလုပ်တာ။ အကြောင်းမကြားပဲနဲ့ ရုတ်တရက်လုပ် တာ။ ဘာအတွက်ပေးရတာ မသိဘူး။ ကုမ္ပဏီကို လွှဲလိုက်လို့လည်းကြားတယ်။ စာကို ၁၆ ရက်နေ့မှ ပေးတာ။ မောင်းသူက ၅၀၀၀၀ကျပ်။ ကျနော်တို့က မကိုင်ရင်တော့ လိုင်းရပ်လိုက်မယ်”ဟု ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့က လိုင်းကားတွေ ရပ်ဆိုင်းနေမှုနှင့်ပတ်သက်၍ တစုံတရာ မှတ်ချက်ပြု ပြောဆိုရန် ငြင်းဆန်သည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး (ရန်ကုန်) ဒုရဲအုပ် ဦးဝင်းလွင်က “ကားတွေ ထွက်ခြင်း မထွက်ခြင်းက ကျနော်တို့နဲ့ မဆိုင်ဘူး။ ဒါက မထသနဲ့ပဲဆိုင်တယ်။ ကျနော်တို့က ဥပဒေအတိုင်း ကိုယ်တွယ်တာပဲရှိတယ်” ဟု ပြောသည်။
လတ်တလော ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲနေသည့် လိုင်း ၁၀ လိုင်းခန့်မှာ ရပ်နားထားကြောင်း ၊အချို့ ယာဉ်လိုင်းများမှာ လည်း ယာဉ်အစီးရေ အနည်းငယ်သာထွက်ရှိကြောင်း သိရှိရသည်။
မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံကြီးကြပ်ရေးကော်မတီ(မထသ)ဥက္ကဋ္ဌ ဦးလှအောင် လိုင်းကားများ ဆန္ဒပြခြင်းမဟုတ်ဟု ငြင်းဆိုသည်။
“အခုက အပြစ်ဒဏ်ဖြစ်လို့ လိုင်စင်ရွေးတာတွေလုပ်နေတဲ့ ယာဉ်လုပ်သားတွေရှိတယ်။ ယာဉ်ပိုင်ရှင်တွေကလည်း ထွက် ချင်တယ် ဒါမေပယ့် ယာဉ်လုပ်သားက မရှိတော့ ထွက်မရတာတွေ ရှိတယ်။ အရင်က လိုင်စင်မရှိလည်း ချလံနဲ့ ဘယ် နှရက် နေ့အထိ လုပ်လို့ရပေမယ့် အခု ဥပဒေမှာက လိုင်စင်မရှိ ကားပေါ်မတက်ရဖြစ်သွားပြီလေ ဒါကြောင့် လိုင်စင်တွေ ပြန်လုပ်နေတာတွေက အခု ဥပဒေအတိုင်း လုပ်ရတာ။ ဒီဥပဒေနဲ့ ပတ်သက်ပြီး စာတွေဘာတွေ လာတိုင်တာ မရှိသေးပါဘူး” ဟု မထသ ဥက္ကဌ ဦးလှအောင်က ပြောဆိုသည်။