ဇူလိုင်လအတွင်း မင်္ဂလာဒုံ စက်မှုဇုန် နယ်မြေ ကားလမ်းဘေး တနေရာတွင် ပီနံအိတ်များဖြင့် ထုပ်ပိုးထားသည့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီးရရှိမှုနှင့် ဆက်စပ်ပြီး ရဲတပ်ဖွဲ့အလိုရှိသူ ကုလားတန်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး ကုမ္ပဏီ ဒါရိုက်တာ မင်းဦးခိုင်ကို ဖမ်းမိပြီဖြစ်ကြောင်း မြဝတီခရိုင်ရဲတပ်ဖွဲ့ ထံမှ သိရသည်။
ငွေကျပ် ၁၄၀ ဘီလီယံကျော် တန်ဖိုးရှိသော စိတ်ကြွဆေးပြားပေါင်း ၂၈၂ သိန်းကျော်၏ ပိုင်ရှင်၊ ရဲတပ်ဖွဲ့က ပြစ်မှုဆိုင်ရာပုဒ်၁၉(က)/၂၀ ဖြင့် အလိုရှိနေသည့် တရားခံပြေး ဖြစ်သူ မင်းဦးခိုင်ကို စက်တင်ဘာ ၁၅ ရက်နေ့ က ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်ခရိုင်မှ တဆင့် မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့ က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မည်သို့မည်ပုံ စုံစမ်းဖမ်းဆီးခဲ့သည်ကိုမူ မသိရှိရသေးပါ။
“အထက်က တိုက်ရိုက်လာခေါ်သွားတာ။ စခန်းမှာတောင် မထားဘူး။ ရန်ကုန်တန်း ခေါ်သွားတယ်။ မဲဆောက်ကနေ ဖမ်းခေါ်လာတာ။ ကျန်တာ မသိဘူး”ဟု မြဝတီခရိုင် ရဲတပ်ဖွဲ့ မှ အမည်မဖော်လိုသူရဲတဦး က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ က စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်နေသည့် ကုလားတန် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး ကုမ္ပဏီပိုင်ရှင် မင်းဦးခိုင် အပါအဝင် ဝင်းလှိုင်၊ ကျော်အေးလှိုင်၊ ကျော်လှိုင်၊ လှမောင်၊ မောင်ဝင်း၊ စိုးရှင်း (ခ) အားရှင်၊ ရန်ရှောက်ဟွာ၊ မြတ်နှင်းအေး၊ သန်းမြင့်၊ နှင်းအေးငြိမ်း၊ သန်းရွှေ စုစုပေါင်း ၁၂ ဦးကို တရားခံပြေးများ အဖြစ် ဇူလိုင်လ ကတည်းက ကြေညာခဲ့သည်။
အဆိုပါအမှုတွင် အဓိကပါဝင်ပတ်သက်နေသည့် တရားခံပြေး မင်းဦးခိုင် ကို စတင်ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် တရားခံများကိုလည်း ဖမ်းမိနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ယခုလ အစပိုင်းက လည်း အဆိုပါအမှုနှင့်ပတ်သက်နေသည့် သံသယရှိသူ ၆ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်သိန်းက ဧရာဝတီသို့ပြောဆိုထားသည်။
ဇူလိုင်လ ၂၆ ရက်နေ့က မင်္ဂလာဒုံ စက်မှုဇုန် နယ်မြေ ကားလမ်းဘေး တနေရာတွင် ပီနံအိတ်များဖြင့် ထုပ်ပိုးထားသည့် စိတ်ကြွ ဆေးပြားပေါင်း ၂၆၇ သိန်း (ငွေကျပ်တန်ဖိုး ၁၃၃ ဒသမ ၅ ဘီလီယံ) ကို ကွန်တိန်နာ ကားငယ် တစီးအတွင်း ပိုင်ရှင်မဲ့ အဖြစ် နယ်မြေခံ ရဲတပ်ဖွဲ့က စတင်တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွဆေးပြားများ၏ ပိုင်ရှင်သည် ကုလားတန် မြစ်ဝှမ်း ဒေသ ဖွံ့ဖြိုးရေး ကုမ္ပဏီပိုင်ရှင် မင်းဦးခိုင်နှင့် ဒါရိုက်တာအဖွဲ့ဝင်များ ဖြစ်ကြောင်း မူးယစ်အထူးတပ်ဖွဲ့ (ဗဟို) က ကြေညာခဲ့ သည်။
ထို့ကြောင့် ယင်းရုံးချုပ်၊ ကုမ္ပဏီရုံးခွဲနှင့် ၎င်းတို့၏ နေအိမ်များကို ဩဂုတ် ၃ ရက်တွင် ရှာဖွေစစ်ဆေး ခဲ့ရာ ၎င်းတို့သည် နေအိမ်နှင့်ရုံးများကို သော့ပိတ် ထွက်ပြေးတိမ်းရှောင် သွားပြီ ဖြစ်ကြောင်း သိကြရ သည်။ ရုံးချုပ် အခန်းအတွင်းမှ ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်ထားသော စိတ်ကြွ ဆေးပြား ၁ ဒသမ ၅ သန်း စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၇၅၀ဝ၀ (၇ ဒသမ ၅ ဘီလီယံ) ကို ထပ်မံ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။