စစ်တပ်မှ အာဏာသိမ်းခဲ့သည်မှာ ယနေ့ဆိုလျှင် ၂၇ နှစ် တင်းတင်း ပြည့်ပြီဖြစ်သည်။
ထိုနေ့က မှတ်မှတ်ရရ ညနေ ၄နာရီတွင် မြန်မာအသံမှ စစ်သီချင်းသံများ ရုတ်တရက် ထွက်ပေါ်လာကာ တိုင်းပြည် အာဏာကို စစ်တပ်က ရယူလိုက်ကြောင်း ဗိုလ်ချုပ်ကြီး စောမောင်၏ ကြေညာချက် ထွက်ပေါ်လာ၏။
ထိုအချိန်မှစ၍ တိုင်းပြည်သည်လည်း စစ်တပ်၏ အုပ်ချုပ်မှုအောက်သို့ ၂၃နှစ်တိုင်ကျ ရောက်ခဲ့ရလေသည်။
ထိုစဉ်က အခြေအနေကို ပြန်ပြောင်းပြောရလျှင် ရန်ကုန်မြို့တွင် ဆန္ဒပြနေသည့် လူအုပ်ကြီးမှာ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်းသတင်းကို ကြားသည့်အခါ ရုတ်တရက် ဘာလုပ်ရမှန်းမသိ။
သို့သော် ချက်ခြင်းပင် စစ်တပ်အာဏာသိမ်းခြင်းကို မကျေနပ်သည့်အတွက် ကျောင်း သား များအပါအဝင် ဒီမိုကရေစီတောင်းဆို သူများသည် ဆန္ဒပြမှုများကို ဆက် လက်ပြု လုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
မှောင်ရီပျိုးလာသည်နှင့် ကြွေးကြော်သံများ ပိုမိုကျယ်လောင်လာသလို၊ ရန်ကုန်ဘူတာ ကြီးနှင့် မျက်နှာချင်းဆိုင် ရှိ အောင်ဆန်းအားကစားကွင်းတွင် စခန်းချနေသည့် စစ်တပ် က လည်း အဆင်သင့်ပြင်လေပြီ။
ထိုနေရာသည် စစ်ရုံးချုပ်နှင့်လည်း နီးသည့်အတွက် အရေးပါသောနေရာတခု လည်းဖြစ် ၏။
အမှောင်ထုအောက်တွင် ကျယ်လောင်သော ကြွေးကြော်သံများနှင့်အတူ ဆန္ဒပြလူအုပ်ကြီး နီးကပ်လာသည့်အခါ၊ အောင်ဆန်းကွင်း အတွင်းရှိ မီးရှုးတိုင်စိုက်တင်သည့် စင်မြင့်ပေါ် တွင် နေရာယူထားသည့် စစ်တပ်က စတင်ပစ်ခတ်လေသည်။
သေနတ်ပြောင်းမှ ထွက်သော မီးပွင့်များကိုပင် မြင်နေရပြီး၊ ကျည်ဆံတချို့လည်း ဘူတာကြီးဘက်သို့ လာမှန်၏။
တိုက်ပွဲကြီး တပွဲအလားပင် ဆန္ဒပြသမားတချို့ကလည်း ရန်ကုန်ဘူတာကြီးဘက်မှ အောင်ဆန်းကွင်းအခြေကို ချဉ်းကပ်ကာ ဓာတ်ဆီထည့်ထား သည့် မိုလိုတော့ ပုလင်းများနှင့် အောင်ဆန်းကွင်းအတွင်းသို့ ပြန်လည် ပစ်ခတ်သည့်အတွက် အောင်ဆန်းကွင်း အတွင်းပိုင်း မီးလောင်နေ သည် ကို ဘူတာကြီးအပေါ်မှ တွေ့နေရသည်။
ဆန္ဒပြလူအုပ်ကြီးအပေါ် စစ်တပ်၏ ပစ်ခတ်မှုမှာ တတောင့်ခြင်း ပစ်ခတ်ခြင်းမဟုတ်ပဲ၊ အော်တိုမက် တစ် သေနတ်များဖြင့် အတွဲလိုက် စစ်မြေပြင်တွင် ရန်သူကို ပစ်ခတ် သကဲ့သို့ ပစ်ခတ်ခြင်းဖြစ်၏။
မကြာမီပင် စတော့ဂိတ်ဘက်မှ ကြွေးကြော်သံများနှင့် အတူ ပစ်ခတ်သံများကို ဆက်တိုက်ကြားရပြန်လေသည်၊
ဗိုလ်ချုပ်လမ်းဘက်တွင်မူ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အများအပြားရှိကြောင်းသိရသည်။
ရန်ကုန်မြို့လည်ရှိ နေရာလမ်းတိုင်းတွင် သစ်ပင်များလှဲကာ အကာအရံအတားဆီးများ ပြုလုပ်ကြသလို၊ ဝါးကပ်များ ဖြင့် လမ်းအတွင်းဝင်ပေါက်များကို ပိတ်ဆို့ထား သည့်အတွက် စစ်မြေပြင် တခုအလား ၊ စစ်ကားနှင့် စစ်သားများ ဝင်၍မရ။
ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်း၊ ကုန်သယ်လမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်း စသည့် လမ်းမကြီးများပေါ်တွင်သာ စစ်တပ်မှ ဘရင်းကယ်ရီယာများဖြင့် ကင်းလှည့်ခြင်းပြုလုပ်နိုင်ပေ၏။
ဗိုလ်ချုပ်လမ်းအောက်က ရုပ်ရှင်ရုံတွေ အောက်က တိုင်လုံးတွေမှတော့ ဗိုလ်ချုပ်ကျော်ဇော ဦးဆောင်သည့် မျိုးချစ်တပ်မတော်လာမည်ဆိုသည့် စက္ကူဖြူပေါ်တွင် ရေးသားထားသည့် ပိုစတာများကို မြင်တွေ့နေရသည်။
သို့သော် မျိုးချစ်တပ်မတော်က ဘယ်နေမှန်းမသိ လက်ရှိတပ်မတော်ကတော့ မဲမဲမြင်ရာ ပစ်ခတ်နေသည်၊ သို့သော် ထိုပို့စတာလေးက ဖတ်ရသူတိုင်းအတွက် အားဆေးတခွက်ပင်ဖြစ်သည်။
အာဏာသိမ်းစစ်တပ်၏ အဆိုးရွားဆုံး လူမဆန်စွာ ပစ်ခတ်မှုမှာ အမေရိကန်သံရုံးအနီး ပစ်ခတ်မှုဖြစ်၏။
ထိုနေ့က မိုးကလည်း သည်းသည်းမဲမဲ ရွာနေသည်၊ အဖြူနှင့် အစိမ်းဝတ်ထားသည့် အထက်တန်း ကျောင်းများပါဝင်သည့် ဆန္ဒပြလူအုပ်ကြီးသည် ကုန်သည်လမ်းအတိုင်း ချီတက်လာသည်၊ ရှေ့ဆုံးမှ အဖြူ အစိမ်းဝတ် ကျောင်းသားလေးများသည် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို ကိုင်ကာ ကြွေးကြော်သံများကို ကြွေးကြော်လျှက် ချီတက်ကြသည်။
လမ်းဘေးရှိ လူအုပ်ကလည်း လက်ခုတ်တီးကာ အားပေးကြသည်၊ မကြာမီတွင် သေနတ်သံများ ထွက်ပေါ်လာ ကာ ကျောင်းသားများကို ပစ်ခတ်ပြီဟုသိရသည်။
ထိုအဖြစ်အပျက်သည် ယနေ့တိုင် အရုပ်ဆိုးဆုံး အကျည်းတန်ဆုံး အဖြစ်အပျက်အဖြစ် သမိုင်းတွင် ထင်ကျန်နေတော့လေသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှ တိုင်းပြည် အာဏာကို ရယူခဲ့သည့် စစ်တပ်အစိုးရသည် နောင် ၂၃နှစ်ခန့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့လေသည်။
စစ်အစိုးရ၏ လက်ထက်တွင် တိုင်းပြည်မှာ စီးပွားရေး လူမှုရေး အဖက်ဖက်မှ ချွတ်ချုံကျရလေသည်၊ တမျိုးသား လုံး၏ အကျင့်စာရိတ္တပိုင်းမှာ အောက်ဆုံးအထိ ဒုတ်ဒုတ်ထိလေပြီ။ နေရာတကာတွင် အဂတိလိုက်စားမှုများနှင့် အပြည့်ဖြစ်လေသည်။
ထိုအခြေအနေများသည် ယခုတိုင်ပြုပြင် ၍ မရသေးသည့် ဒဏ်ရာဟောင်းတခုဟု ဆိုရပေမည်။