သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်စီစဉ်ထားသော အောက်တိုဘာလ ပထမပတ်တွင် ပြုလုပ်မည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) စာချုပ်ဆိုရာတွင် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K) အဖွဲ့က ပါဝင်လက်မှတ်ထိုးခြင်း မပြုပါက မတရားအသင်း စာရင်းတွင် ပါဝင်သွားမည် ဖြစ်သည်ဟု အစိုးရဘက်က ပြောဆိုလိုက်ကြောင်း သိရသည်။
“ကျနော်တို့ အဖွဲ့က သမ္မတ ဖိတ်ခေါ်တဲ့နေ့မှာ NCA ထိုးတဲ့အထဲ မပါခဲ့လို့ရှိရင် မတရားအသင်းထဲ ထည့်မယ်လို့ ပြောပါတယ်။ သူတို့ (UPWC) ပြောတာကတော့ ဥပဒေကြောင်းအရလို့ ပြောပါတယ်။ အခုတော့ မတရား အသင်းထဲ မပါသေးဘူး”ဟု NSCN-K ၏ ဗဟို ကော်မတီဝင် ဦးကျော်ဝမ်းစိန်က ဧရာဝတီကို ပြောသည်။
NSCN-K အဖွဲ့သည် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် စက်တင်ဘာ ၁၆ ရက် က ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဌာန(MPC) ၌ NCA ကိစ္စရပ်များကို ဆွေးနွေးခဲ့ရာ UPWC က ထိုသို့ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း ဦးကျော်ဝမ်းစိန်က ဆက်ပြောသည်။
အစိုးရနှင့် အပစ်ရပ်စာချုပ် မချုပ်ဆိုပါက NSCN-K အား နိုင်ငံတော် ဥပဒေအရ ပြည်ထဲရေး ဝန်ကြီးဌာနက မတရားအသင်းအဖြစ် မှတ်ချက်ပြုပြီး ထိုမတရား အသင်းအဖွဲ့ဝင်များသည် အစိုးရပိုင် နယ်မြေများအတွင်း ဝင်ရောက်လာပါက မတရားအသင်း ပုဒ်မ ၁၇ (၁) (၂) တို့ဖြင့် ထောင်ချအရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။
ထိုအစည်းအဝေးတွင် အစိုးရဘက်မှ UPWC ဒုဥက္ကဋ္ဌ ဦးအောင်မင်း ၊ အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဦးမြင့်စိုး၊ ဦးဝင်းမြင့်နှင့် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့ တက်ရောက်ကြပြီး NSCN-K ဘက်မှ ဦးကျော်ဝမ်းစိန်၊ ဦးအန်ကမ်းနှင့် ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းတို့ တက်ရောက်ခဲ့ကြသည်။
NSCN-K အဖွဲ့က ၎င်းတို့သည် ဒေသဖွံ့ဖြိုးရေးနှင့် ပညာရေး ကဏ္ဍတွင် နောက်ကျနေသဖြင့် နိုင်ငံရေး ဆွေးနွေးရန် အစီအစဉ် မရှိသေးဘဲ ဒေသဖွံ့ဖြိုးရေးနှင့် ပညာရေး ကဏ္ဍကိုသာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်လိုသည့် ဆန္ဒသာရှိသည်ဟု ပြောဆိုသည်။
NSCN-K အဖွဲ့က လက်နက်ကိုင်များသာရှိပြီး နိုင်ငံရေး ဆွေးနွေးနိုင်ရန် ပညာရှင်များ မရှိသဖြင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်လို သည့် ဆန္ဒမရှိဟုလည်း ပြန်လည်ပြောဆိုကြောင်း၊ UPWC နှင့် တွေ့ဆုံမှုတွင် သဘောထား မှတ်ချက်များ၊ အစိုးရနှင့် ကတိကဝတ်များ ပေးထားခဲ့ခြင်း မရှိကြောင်း ဦးကျော်ဝမ်းစိန်က ပြောသည်။
“NCA နဲ့ပတ်သက်ပြီး ဘာ Plan မှ မရှိသေးဘူး။ နာဂလူကြီးတွေ အတွင်းပိုင်းမှာ သေချာညှိနှိုင်းရဦးမယ်။ ကျနော်တို့ နိုင်ငံရေး ရည်ရွယ်ချက်၊ ကျနော်တို့ ကံကြမ္မာအတွက် အခြေအနေ ကြည့်ရမယ်၊ အခုက NCA ကို ထိုးဖို့ဆန္ဒရော မထိုးဖို့ဆန္ဒရော ဘာမှမရှိသေးဘူး” ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါ အစည်းအဝေးတွင် ဦးသိန်းဇော်က နာဂဒေသသည် မြန်မာနိုင်ငံ၏ အဓိက အရေးပါသည့် နယ်စပ် ဒေသ တခုဖြစ်ပြီး နာဂဒေသ တည်ငြိမ်အေးချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နာဂ ခေါင်းဆောင်များက အစိုးရနှင့် ပူးပေါင်းမည် ကို ယုံကြည်ပါသည်ဟု ပြောဆိုခဲ့ကြောင်း စက်တင်ဘာလ ၁၇ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထား သည်။
NSCN-K အဖွဲ့သည် ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်တွင် အစိုးရနှင့် ပြည်နယ်အဆင့် ပဏာမ ငြိမ်းချမ်းရေး ယူထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
စစ်ကိုင်းတိုင်း ဒေသကြီးရှိ ခန္တီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ လဟယ်၊ လေရှီး၊ နန်းယွန်း ဒေသများနှင့် အိန္ဒိယအရှေ့ မြောက်ပိုင်း ပြည်နယ်များတွင် တပ်စခန်းများ ရှိကြောင်း သိရသည်။
NSCN-K အဖွဲ့သည် NCA စာချုပ် ရေးဆွဲရာတွင် ပါဝင်ခြင်းမရှိဘဲ NCA ဆွေးနွေးပွဲများကို ၅ ကြိမ်ခန့် လေ့လာသူအဖြစ် တက်ရောက် ထားသည့် အဖွဲ့ဖြစ်ကြောင်း၊ NSCN-K အဖွဲ့သည် အိန္ဒိယတပ်မတော်၊ အိန္ဒိယနယ်ခြားစောင့်တပ်တို့နှင့် မြန်မာ-အိန္ဒိယနယ်စပ်တွင် မေလနှောင်းပိုင်းမှ စတင်ပြီး ယခုအချိန်အထိ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေကြောင်း ဦးကျော်ဝမ်းစိန်က ပြောသည်။
အစိုးရနှင့် NCA ဆွေးနွေးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ကလည်း ၎င်းတို့၏ မဟာမိတ် အဖွဲ့များဖြစ်သည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA ) နှင့် ရကိ္ခုင့်တပ်မတော် (AA) တို့ NCA ရေးထိုးမှုတွင် မပါဝင်ကြသဖြင့် NCA လက်မှတ်ထိုးရေး မထိုးရေးကို စက်တင်ဘာလ ၂၄ ရက်တွင် အစည်းအဝေး ပြန်ထိုင်မည်ဖြစ်ကြောင်း သိရသည်။