ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် စပါးခင်းများကို တောဆင်ရိုင်းများက လာရောက် ဖျက်ဆီးနေမှုကြောင့် ဒေသခံ လယ်သမားများ ဆင်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အဆိုပါ စပါးခင်းများကို လာရောက် ဖျက်ဆီးနေသည့် တောဆင်ရိုင်းများသည် ရခိုင်ပြည်နယ်ရှိ မယူတောင်တန်းမှ ဆင်းလာခြင်း ဖြစ် ပြီး တကြိမ်လျှင် ၅ ကောင်မှ ၇ ကောက်အထိ လိုက်ပါလာတတ်ကြောင်း၊ ယင်းတောရိုင်းဆင်းများသည် စပါးပင်ပေါက်သည့် အချိန်မှစ၍ ရိတ်သိမ်းသည့် အချိန်အထိ လာရောက် စားသောက်ဖျက်ဆီး တတ်ကြောင်း ရသေ့တောင်မြို့နယ် လယ်သမားများက ဧရာဝတီ သို့ ပြောသည်။
ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမြကလည်း“ဆင်တွေကတော့ ညဘက်ဆိုရင် ထွက်လာကြပြီး နေ့တိုင်းကို လာကြတာ။ စပါးပင်တွေကို စားတယ်။ အပင်တွေ နင်းတယ်။ ကျနော်တို့လည်း ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိတော့ ပါ ဘူး။ အခုဆို ဆင်တွေလာစားလို့ ဧက ၅၀ လောက် ပျက်စီးသွားပြီ။ ဆင်အန္တရာယ်ကိုသာနိုင်ရင် ကျနော်တို့ မယူတောင်မှာ ငှက်ပျော တခုတည်းကို စိုက်ပျိုးပြီး ဘ၀ ရပ်တည်လို့ ရတယ်”ဟု ပြောပြသည်။
တောင်ဆင်ရိုင်းများသည် မယူတောင်ခြေတွင် တည်ရှိသော ကျေးရွာများ ဖြစ်ကြသည့် ချွတ်ပြင်၊ ပတောက်မြိုင်၊ သဇင်မြိုင်၊ နန်းရာ၊ ဆင်အိုး၊ ညောင်ပင်လှ ကျေးရွာများသို့ လာရောက်ကာ စပါးပင်များကို စားသောက်ကြကြောင်း လယ်သမားများက ပြောဆိုသည်။
သဇင်မြိုင်ကျေးရွာမှ ဦးစံလှထွန်းက“ကျနော်တို့ရွာဘက်မှာ ဆင်တွေ အမြဲတမ်း ရှိတယ်။ နေ့တိုင်းကို လာတယ်။ ကျနော့် လယ်တွေက တောင်နားမှာဆိုတော့ ဆင်လာပစ်တာတာကို ပထမဆုံး ခံရတယ်။ အစိုးရက ချပေးတဲ့ လယ်ကလည်း မကောင်းဘူး။ ကုန်းမြင့် တွေ၊ ဒီကြားထဲ ဆင်လာပစ်တယ်ဆိုတော့ လယ်မလုပ်ချင်ကြတော့ဘူး။ ဒီလိုပဲ ကြုံရာအလုပ်ကို လုပ်နေကြရတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ် မယူတောင်တန်းများတွင် ဆင်မုဆိုးများသည် တောဆင်ရိုင်းများအား လိုက်လံသတ်ဖြတ်ပြီး အစွယ်အပါအဝင် ဆင်အ ရေခွံများကို ရောင်းဝယ်ခြင်း ပြုလုပ်သည့်အတွက် တောဆင်ရိုင်းများ တောနက်အတွင်းမှ အုပ်စုကွဲပြီး လယ်ယာမြေများသို့ လာရောက် စားသောက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ရခိုင်ပြည်နယ် သစ်တောဦးစီးဋ္ဌာနမှ ဦးစီးအရာရှိ ဦးတင်ဦးကျော်က“တောဆင်ရိုင်းတွေ ဝင်လာတတ်တာ ဟုတ်ပါတယ်။ အခုလို လယ်သမား စပါးခင်းတွေကို နေ့တိုင်း ဖျက်ဆီးနေတယ်ဆိုတဲ့ Information မရသေးဘူး”ဟု ဧရာဝတီသို့ ပြောဆိုသည်။