စစ်တပ်မှ အရာရှိ၊ အရာခံများ အရပ်ဘက်ဝန်ကြီးဌာနများသို့ အဆင့်မြင့် ရာထူးများဖြင့် ပြောင်းရွှေ့မည့်အပေါ် လက်မခံနိုင်သော အစိုးရဝန်ထမ်းများက ဖဲကြိုးတပ် ဆန့်ကျင်လှုပ်ရှားမှုများ ပြုလုပ်နေကြသည်။
“မိုးကျရွှေကိုယ်များ” ဟု အမည်ပေးထားသည့် စစ်ဘက်ပုဂ္ဂိုလ်များက အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်း၊ ပညာရှင်ကဏ္ဍများတွင် ဝင်ရောက် နေရာယူသည့်အပေါ် လက်မခံနိုင်သည့် အရပ်ဘက် ဆရာဝန်များ၊ သူနာပြုများ၏ ဖဲကြိုးနက်လှုပ်ရှားမှု၊ တရားလွှတ်တော် ရှေ့နေများ၏ ဖဲကြိုးဝါလှုပ်ရှားမှု၊ ဘူမိဗေဒပညာရှင်များ၏ ဖဲကြိုးနီလှုပ်ရှားမှု၊ လျှပ်စစ်ဌာန ဝန်ထမ်းများ၏ ဖဲကြိုးပြာ လှုပ်ရှားမှုနှင့် ပညာရေးဝန်ထမ်းများ၏ ဖဲကြိုးစိမ်း လှုပ်ရှားမှုများဖြင့် မိုးကျရွှေကိုယ် ဆန့်ကျင်ရေး ရောင်စုံဖဲကြိုး လှုပ်ရှားမှုများကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒဖော်ထုတ် ပြုလုပ်နေကြခြင်း ဖြစ်သည်။
အဆိုပါ ဖဲကြိုးလှုပ်ရှားမှုကို အစိုးရဝန်ထမ်း ဆရာဝန်များက စတင်ခဲ့ရာမှာ ကျန်နယ်ပယ်များသို့ အရှိန်မြင့်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဗိုလ်ကြီးအဆင့်ရှိ ၃ ဦးနှင့် ဗိုလ်မှူး ၁ ဦးကို ရန်ကုန်၊ နေပြည်တော်၊ မြစ်ကြီးနားတို့ရှိ ဆေးရုံများတွင် အုပ်ချုပ်ရေးပိုင်း ဦးစီးအရာရှိများ၊ ကုသရေး ဆရာဝန်များအဖြစ် လည်းကောင်း၊ ဇူလိုင်လကုန်တွင် ဒု ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူ ၅ ဦးအား နေပြည်တော် ကုသရေးဦးစီးဌာနနှင့် ရန်ကုန်ဆေးရုံကြီးတို့သို့ ဒု ညွှန်မှူး၊ လက်ထောက် ညွှန်မှူး၊ အထူးကုဆရာဝန် ရာထူးများအဖြစ် ခန့်ထားကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ သန်းအောင်က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဆရာဝန်များက ၎င်းတို့၏ ဝတ်စုံတွင် ဖဲကြိုးနက်များ တပ်ဆင်ကာ လူမှုကွန်ရက် ဖေ့စ်ဘုတ်တွင် ဓာတ်ပုံများတင်၍ “စစ်ဘက်အရာရှိများ အလိုမရှိ” ကြောင်း ဆန့်ကျင်လှုပ်ရှားများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ကျန်းမာရေးကဏ္ဍတွင် စစ်တပ်အရာရှိများ တိုက်ရိုက်ခန့်အပ်မှုကို ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်ကြောင်း အစိုးရက နှုတ်ကတိပေးခဲ့သည်။
ဖဲကြိုးနက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ရှေ့နေများ၏ ဖဲကြိုးဝါလှုပ်ရှားများ၊ ဘူမိဗေဒပညာရှင်များ၏ ဖဲကြိုးနီလှုပ်ရှားမှုများလည်း ဆက်လက် ပေါ်ပေါက်လာခဲ့သည်။
“မိုးကျရွှေကိုယ်တွေက ဒီလိုလုပ်တဲ့ကိစ္စ လက်မခံဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အနိုင်ရအောင်လုပ်မယ်။ စစ်အစိုးရလက်ထက်နဲ့ ဒီဘက် ဦးသိန်းစိန် လက်ထက်မှာ တပ်ထွက်တွေ အရပ်ဘက်ကို ဝင်လာတာက အရေအတွက် သိပ်မကွာဘူး။ အစဉ်အလာကို ဆက်ထိန်းသိမ်းနေတယ်။ စစ်တပ်ပုံစံ သွင်းချင်တာ။ အခုလုပ်တာတွေလည်း ရည်ရွယ်ချက်ရှိပုံရတယ်။ လာမယ့်ရွေးကောက်ပွဲမှာသာ NLD က အနိုင်ရပြီး အစိုးရဖွဲ့နိုင်ရင် သူတို့လူတွေကို အခုချိန်ကတည်းက ကြိုတင်ထည့်ထားတဲ့ သဘောမျိုးပဲ။ ဌာနတွေကို စစ်ဘက်က ဝင်လာတာ တကယ်တမ်း ဘယ်သူမှ မကျေနပ်ဘူး။ သူတို့ကိုရော အဲဒီလို လုပ်ရင်ကြိုက်မလား” ဟု ဖဲကြိုးဝါလှုပ်ရှားမှု ဆောင်ရွက်နေသည့် အထက်မြန်မာပြည် ရှေ့နေကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
နိုင်ငံ၏ တရားစီရင်ရေးစနစ်တွင် အမြင့်ဆုံးအာဏာရှိသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ထိပ်တန်းအရာရှိ ၇ ဦးတွင် ၆ ဦးမှာ စစ်တပ်မှ ပြောင်းရွှေ့လာသူများ ဖြစ်နေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ရှိ သက်ဆိုင်ရာ နယ်မြေအလိုက် တရားသူကြီး ၅ ဦးတွင် ၃ ဦးသည် စစ်တပ်မှ ပြောင်းရွှေ့လာသူများ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရှေ့နေကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “စစ်တပ်က ပုဂ္ဂိုလ်တွေကို အာဃာတနဲ့ ထွက်ပါလို့ ပြောချင်တာ မဟုတ်ဘူး။ တပ်မတော်ကလူတွေကို တရားရေးမှာ မထည့်ပါနဲ့၊ တရားစီရင်ရေးဆိုတာ ကျယ်ပြန့်ပါတယ်လို့ ပြောချင်တယ်။ ကျနော်တို့ လက်မခံတာ စစ်တပ်ကို မုန်းလို့မဟုတ်ဘူး၊ သက်ဆိုင်ရာကဏ္ဍမှာ မကျွမ်းကျင်တော့ ပြည်သူနစ်နာလို့ တောင်းဆိုတာ။ မကျွမ်းကျင်တဲ့သူတွေ ဝင်လာတော့ တရားရေးမဏ္ဍိုင်လည်း ယိုယွင်းလာပြီ။ ကိုယ့်နေရာကိုယ် ပြန်ပါလို့ ပြောချင်တယ်” ဟု ဆိုသည်။
အစိုးရဌာနများသို့ စစ်တပ်မှ အရာရှိများ ခန့်အပ်မှုသည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာယူချိန်မှ စတင်ခဲ့ခြင်း ဖြစ်သည်။
တပ်မတော်မှ အနားယူလိုက်ပြီဖြစ်သည့် အဆင့်မြင့်အရာရှိ များစွာသည် အစိုးရဝန်ကြီးဌာနများ၊ အစိုးရက ဖွဲ့စည်းထားသည့် ကော်မတီနှင့် ကော်မရှင်များတွင် ညွှန်ချုပ်အဆင့်၊ ဥက္ကဋ္ဌအဆင့်များဖြင့် ယနေ့အချိန်အထိ နေရာယူနေကြဆဲ ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဒု သမ္မတ ဦးဉာဏ်ထွန်း၏ ကိုယ်ရေးအရာရှိ ဒု ဗိုလ်မှူးကြီး ထက်လျှန်ဖြိုးကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံလုပ်ငန်း၏ အမြင့်ဆုံးရာထူး တနေရာသို့ ပြောင်းရွှေ့ခန့်အပ်လိုက်သည်။ ထိုကိစ္စအပေါ် မကျေနပ်သည့် မြန်မာနိုင်ငံ ဘူမိဗေဒပညာရှင်များက ဖဲကြိုးနီများတပ်ဆင်၍ ကန့်ကွက် ဆန္ဒထုတ်ဖော်ကြသည်။
ဘူမိဗေဒပညာရှင်များက စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံလုပ်ငန်း၏ ရေနံမြေ အထွေထွေမန်နေဂျာ ၁၁ ဦး တွင် ၅ ဦးမှာ စစ်တပ်ထွက်ပုဂ္ဂိုလ်များ ဖြစ်နေသည့်အတွက် ပညာရှင်ဆိုင်ရာ ရာထူးများ အနိုင်ကျင့် လုယူနေသည့်ကိစ္စများကို ဆန့်ကျင်သည့်အနေဖြင့် ဖဲကြိုးနီများ တပ်ဆင်ကြခြင်းဖြစ်ကြောင်း ၎င်းတို့၏ ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာများတွင် ရေးသားပြောဆိုထားသည်။
မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဝန်ထမ်းများကလည်း “မိုးကျရွှေကိုယ်” များကို ကန့်ကွက်သည့်အနေဖြင့် ဖဲကြိုးပြာများ တပ်ဆင် ဆန္ဒပြကြသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက် ဌာနများ၊ ကော်ပိုရေးရှင်းများ၏ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်တိုင်းသည် စစ်တပ်မှ ပြောင်းရွှေ့လာသူများ ဖြစ်သည်။ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့များ၊ ခရိုင်၊ မြို့နယ်မှူးများ အားလုံးသည်လည်း စစ်ထွက်များပင်ဖြစ်ပြီး ယင်းဝန်ကြီးဌာနတခု၌ပင် “မိုးကျရွှေကိုယ်” ၂၀၀ ကျော်က ရာထူးအမြင့်များဖြင့် နေရာယူထားကြောင်း တပ်မတော်နှင့် အာဏာရပုဂ္ဂိုလ်များ၏ အတွင်းရေးကို လူမှုကွန်ရက်မီဒီယာမှ ထုတ်ဖော် ပြောဆိုလေ့ရှိသူ ကိုမိုးဇေငြိမ်းထံမှ သိရသည်။
မဲစာရင်း မှားယွင်းမှုများကြောင့် ဝေဖန်သုံးသပ်မှုများ ခံနေရသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကိုယ်တိုင် ဗိုလ်ချုပ်ကြီးဟောင်းတဦး ဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲ ကော်မရှင်၏ ထိပ်ပိုင်း ၈ ဦးတွင် ဦးတင်အေး၊ ဦးတင်ထွန်း၊ ဦးဝင်းကိုနှင့် ဦးအောင်မြင့်တို့သည် တပ်ထွက်ပုဂ္ဂိုလ်များ ဖြစ်နေသည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက “စစ်ဗိုလ်ချုပ်ကြီး တယောက် ဖြစ်တဲ့အတွက်ကြောင့် သံသယရှိမယ်ဆိုလည်း ရှိနိုင်ပါတယ်။ ရှိပါလို့လည်း မပြောဘူး၊ မရှိပါနဲ့လို့လည်း မပြောဘူး။ နိုင်တဲ့ပါတီကတော့ ကောင်းတယ်ပြောမှာပဲ၊ ရှုံးတဲ့ပါတီကတော့ မတရားဘူးပဲ ပြောမှာပဲ။ အကောင်းဆုံးဖြစ်အောင် လုပ်ပါ့မယ်။ ဒါပေမယ့် ခင်ဗျားတို့ မယုံဘူးဆိုတာ သိပါတယ်၊ သက်သေနဲ့လုပ်ပါ့မယ်၊ ကျနော် ဒီလိုပဲပြောပါတယ်။ မယုံလည်း မတတ်နိုင်ပါဘူး၊ ကျနော်ကတော့ အကောင်းဆုံး ကြိုးစားပါ့မယ်။ ဘာကြောင့်လဲဆို ဒါကြီးကလည်း လူတိုင်းက မျက်စိဒေါက်ထောက် ကြည့်နေကြတာလေ၊ ကျနော် လုပ်လို့လည်း မရပါဘူး” ဟု ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးရာတွင် ပြောကြားထားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကော်မရှင် ဥက္ကဋ္ဌ ၁၄ ဦးသည် စစ်ဘက်မှ ပြောင်းရွှေ့လာသူများဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်း ၂၅ ရာခိုင်နှုန်းမှာ စစ်ဘက်မှ အရပ်ဘက်ပြောင်းရွှေ့ကာ နေရာယူနေသူများဖြစ်ကြောင်း ကိုမိုးဇေငြိမ်းက သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
သူက “၁၉၉၉ ခုက နိုင်ငံခြားရေးမှာ အရာထမ်းအဖြစ် ဝင်ရောက်အလုပ်လုပ်ခဲ့တဲ့ အရပ်သားတွေ ယခုအချိန်မှာ လက်ညွှန်တွေ၊ ဒု ညွှန်တွေ မဖြစ်နိုင်သေးပေမယ့် တပ်ပြောင်းတွေကတော့ ဖြစ်နိုင်နေတယ်။ ဒါကြောင့်မို့ မိုးကျရွှေကိုယ်လို့ ခေါ်တာလည်း မမှားပါဘူး” ဟု ရေးသားထားသည်။
“မိုးကျရွှေကိုယ်” ဟူသည့် စကားလုံးအသုံးအနှုန်းကို ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက စတင် သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။
ဖဲကြိုးဝါအရေးလှုပ်ရှားသူ ရှေ့နေဦးသိန်းသန်းဦးက “မိုးကျရွှေကိုယ်ဆိုတဲ့ စကားလုံးကို ဒေါက်တာ စိုင်းမောက်ခမ်းက စပြောခဲ့တာ။ အဲဒါပြောပြီး နောက်ပိုင်းတော့ သူဆက်ပြောတာ မတွေ့တော့ဘူး။ သူက အဲလိုလူတွေ ဝင်လာတော့ ဝန်ထမ်းတွေ စိတ်ဓာတ်ကျတယ်လို့ ပြောခဲ့တာ” ဟု ရှင်းပြသည်။
စစ်တပ်အသိုင်းအဝိုင်းမှ နီးစပ်သူများ၏ အဆိုအရ တချို့ စစ်တပ်အရာရှိများမှာလည်း ၎င်းတို့ဌာနတွင် ဆက်လက် လုပ်ကိုင်လျှင် တက်လမ်းနည်းနေသည့်အတွက် အရပ်ဘက်ဌာနများသို့ ပြောင်းရွှေ့ဝင်ရောက်ရန် သက်ဆိုင်ရာ အဆင့်အလိုက် သိန်းချီ၍ လာဘ်ပေးရကြောင်း သိရသည်။
“တကယ်တော့ စစ်တပ်ကနေ မပြောင်းချင်ခဲ့ဘူး။ ဒါပေမယ့် နောက်က တက်လာတဲ့ သူတွေကိုလည်း နေရာပေးရမယ်။ လုပ်ခဲ့တာလည်း ကြာပြီဆိုတဲ့ အကြောင်းပြချက်ပေးလို့ ပင်စင်ယူပြီး အရပ်ဘက်ကို ပြောင်းခဲ့ရတာ။ အခုလောက်ဆို ကျနော်ဟာ တိုင်းမှူးအဆင့်မှာ ရှိနေမှာဖြစ်ပေမယ့် အရပ်ဘက်ပြောင်းခဲ့ရတော့ ဒီလို မဟုတ်တော့ဘူး။ ဒီရာထူးက ဒါဂိတ်ဆုံးပဲ” ဟု အမည်မဖော်လိုသူ စစ်တပ်အရာရှိဟောင်းတဖြစ်လဲ အရပ်ဘက် အရာရှိကြီးတဦးက ရှင်းပြသည်။
မကြာသေးမီ က ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီး ရာထူးမှ ရဲမှူးချုပ်အဖြစ် ရာထူး တိုးမြှင့်ခန့်အပ်ခံခဲ့ရသည့် ရဲမှူးချုပ် ဝင်းနိုင် တဦးတည်းသာ ရဲဝန်ထမ်းအဖြစ်မှ ရဲမှူးချုပ်အဖြစ် ခန့်အပ်ခံရသည့် ပထမဆုံး ရဲမှူးချုပ်ဖြစ်ပြီး အများစုမှာ စစ်တပ်မှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ရွေ့ပြောင်းလာသူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။
လတ်တလောတွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနငယ်များသို့ စစ်တပ်မှ ဦးရေ ၄၀၀ နီးပါး ပြောင်းရွှေ့လာဖွယ် ရှိနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
အမည်မဖော်လိုသူ ရဲအရာရှိတဦးက “စစ်ဘက်က ပြောင်းလာတဲ့သူတွေက ရဲဝန်ထမ်း စစ်စစ်တွေထက် ပိုပြီး အခွင့်အလမ်း သာတယ်။ ၂ လလောက်အတွင်းမှာ ရာထူး ၁ ဆင့် တက်တယ်။ ရဲစစ်စစ်တွေကတော့ ဒုံရင်းအတိုင်းပဲ။ သူတို့တွေက ရဲဘက်မှာ မလုပ်ချင်လို့ တခြားဌာနကို ပိုင်တယ်ဆိုရင် ပြောင်းလို့ရတယ်။ အဲဒီအခါကျတော့လည်း ရာထူး ထပ်တက်ပြန်ရော” ဟု ဆိုသည်။
တပ်မတော်သည် ယခင် စစ်အစိုးရလက်ထက်မှ လက်ရှိ သမ္မတ ဦးသိန်းစိန် လက်ထက်အထိ စီးပွားရေးလုပ်ငန်း၊ လွှတ်တော်၊ တရားစီရင်ရေးနှင့် လုံခြုံရေးကောင်စီ စသည့်နေရာများစွာတွင် ဝင်ရောက် နေရာယူနေဆဲဖြစ်သည်။
နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ အစိုးရဝန်ကြီးဌာန ၃၁ ခုနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ နေပြည်တော်ကောင်စီနှင့် စည်ပင်သာယာရေး ကော်မတီများ၏ အကြီးအကဲများ၊ ရာထူးအမြင့်ပိုင်း ပုဂ္ဂိုလ်များစွာသည် တပ်မတော်မှ အရပ်ဘက်သို့ ပြောင်းရွှေ့လာသူများပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ စစ်တပ် အရာရှိများ အရပ်ဘက်ဌာနများတွင် ဝင်ရောက် နေရာယူနေမှုကြောင့် ဌာနတွင်း နှစ်ပေါင်းများစွာ အလုပ်လုပ်နေခဲ့ကြရသည့် အစိုးရဝန်ထမ်းများသည် “မိုးကျရွှေကိုယ်”များ၏ လက်အောက်ခံ ဝန်ထမ်းများအဖြစ်သာ ရှိနေကြဆဲ ဖြစ်သည်။
ထို့ကြောင့် ဆရာဝန်များ၊ ရှေ့နေများ၊ ဘူမိဗေဒပညာရှင်များ၊ ပညာရေးဝန်ထမ်းများ စသည့် အစိုးရဝန်ထမ်းများစွာက “မိုးကျရွှေကိုယ်” များကို ပေါ်ပေါ်တင်တင် ကန့်ကွက်ကြသည်။
“သူတို့သာ ဒီလှုပ်ရှားမှုကို မြင်ရင် ရှက်တတ်မှာပေါ့” ဟု ဖဲကြိုးဝါအရေး လှုပ်ရှားသူ ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။
“မိုးကျရွှေကိုယ်များ” ကို အလိုမရှိသည့် ရောင်စုံဖဲကြိုးများ၏ ဆန့်ကျင်မှုကို အစိုးရနှင့် တပ်မတော်ပိုင်းက မည်ကဲ့သို့ တရားဝင် တုံ့ပြန်သွားမည်ဆိုသည်ကို ဖဲကြိုးတပ် လှုပ်ရှားသူများနှင့် ပြည်သူလူထုက စောင့်ကြည့်နေကြသည်။