တရုတ်နိုင်ငံမှ သစ်ခိုးဂိုဏ်းများသည် ပိတ်ပင်ထားသည့် မြန်မာ့သစ်တောဧရိယာများကို ဝင်ရောက်ရန်နှင့် အဖိုးတန်သည့် ကျွန်း၊ တမလန်း၊ ပိတောက်များကို တနှစ်လျင် ဒေါ်လာသန်းရာပေါင်းများစွာ ခိုးထုတ်ရန် ကွန်ရက်အသစ် လမ်းကြောင်းတစ်ခုကို အသုံးပြုနေကြောင်း စုံစမ်းစစ်ဆေးမှုအသစ်တရပ်အရ သိရသည်။
တရားမဝင်ကုန်သွယ်မှုသည် မြန်မာ့သစ်များကို တရုတ်နိုင်ငံသို့ ခိုးထုတ်နိုင်စေခဲ့ပြီး တရုတ်ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်တွင် ပရိဘောဂများ ထုတ်လုပ်ကြကြောင်း လန်ဒန်အခြေစိုက် ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်း စစ်ဆေးရေးအဖွဲ့ Environmental Investigation Agency က ထုတ်ဖော်ခဲ့ပါသည်။
သစ်ခိုးထုတ်မှုသည် ဆယ်စုနှစ်နှင့်ချီကြာ အရှိန်မြင့်လာခဲ့ပြီး ယခုအခါ မြန်မာပြည် အလယ်ပိုင်းသို့ပင် ရောက်လာနေခဲ့ပြီ ဖြစ်သည်။
တရုတ်သစ်ခိုးဂိုဏ်းများသည် မြန်မာနိုင်ငံတွင်းရှိ ဒေသခံ သစ်တောနှင့် အရပ်ဘက်အုပ်ချုပ်ရေးအရာရှိများ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်တပ်အား ရွှေချောင်းများပင် ပေးကာ လာဘ်ထိုး၍ သစ်ခိုးထုတ်လာသော ကားများကို စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်း ခွင့်ပြုစေခဲ့ကြောင်း EIA က ရေးသားထားသည်။
ချမ်းသာကြွယ်ဝသော တရုတ်ပြည်တွင်း စားသုံးသူများ မြင့်တက်လာခြင်းနှင့် ပရိဘောဂ ထုတ်လုပ်သူများ များပြားလာခြင်းက တရုတ်နိုင်ငံ၏ သစ်လိုအပ်မှုကို ပို၍ တွန်းအားဖြစ်စေသည်။ နယ်စပ်တလျောက် သစ်များကို အမြောက်အမြား ခိုးထုတ်ရသောကြောင့် ယခုဆိုလျင် ကျွန်း၊ တမလန်း၊ ပိတောက်များသည် တန်ဖိုး မြင့်တက်လာသည်။
ဆင်းရဲသည့် တရုတ်ရွာသားများက မြန်မာနိုင်ငံတွင်းသို့ လမ်းဟောင်းများကို သုံးပြီး သစ်ခိုးထုတ်နေကြသည်နှင့် တပြိုင်နက် အမြတ်ငွေ အများအပြားရရှိသော မှောင်ခိုရာဇာကြီးများကလည်း မည်သူမျှ မတို့ထိရဲဘဲ လွတ်လပ်စွာ သစ်ခိုးထုတ်မြဲဖြစ်သည်ဟု EIA က အစီရင်ခံထားသည်။
တရုတ်နိုင်ငံအား တရားမဝင် သစ်ခိုးထုတ်မှုများကို တားဆီးရန်နှင့် မြန်မာနိုင်ငံအား သစ်တောအရေအတွက်ကို ချင့်တွက်၍ သစ်ခုတ်မှု ရပ်တန့်ရန် EIA က တောင်းဆိုထားသည်။
“ပထမတုန်းက ဒီနယ်စပ်တလျောက်က ကုန်သွယ်မှုတွေဟာ ရှုပ်ထွေးပြီးတော့ ပရမ်းပတာပဲ။ သစ်ခိုးထုတ်တဲ့ လမ်းကြောင်းက လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်ထဲက ဖြတ်ထွက်ကြတယ်။ ဒါပေမယ့် အဲဒီ ပရမ်းပတာဖြစ်နေမှု နောက်ကွယ်က အမှန်တရားကတော့ သစ်လုံးတွေ ပုံမှန် ဆက်တိုက် ထွက်လာမှာ သေချာစေဖို့ တိုးတိုးတိတ်တိတ် ညှိနှိုင်းဆောင်ရွက်ရတဲ့ လူအမျိုးမျိုး ပါဝင်နေတဲ့ အသေးစိတ်ပြီး စနစ်ကျတဲ့ ထောက်ပံ့ရေး လမ်းကြောင်းပါ” ဟု EIA forest campaign team ၏ ခေါင်းဆောင် Faith Doherty က ပြောသည်။
ယခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံတရားရုံးမှ သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ယောက်အား ပြစ်ဒဏ်ချပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းကို နိုင်ငံတကာမှ ကြုံတောင့်ကြုံခဲ သိခွင့်ရလိုက်ပါသည်။ သို့သော် သစ်ခိုးနေခြင်းများကို မြန်မာအစိုးရက ထိုသို့ ဖမ်းဆီးခြင်းသည် ရှားရှားပါးပါး ဖြစ်ရပ်ဖြစ်သည်။
EIA ၏ ကမ်ပိန်း ဒါရိုက်တာ Julian Newman ကလည်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားမဝင် သစ်ခိုးထုတ်ရာတွင် တနှစ်လျှင် သစ်တန်ချိန် ပမာဏ ကုဗမီတာ ၉ သိန်း (ကုဗပေ ၃ ဒဿမ ၁၈ သန်း) ရှိပြီး ယင်းသည် တရုတ်အစိုးရ၏ ယာယီသစ်တင်သွင်းခွင့် ပိတ်လိုက်သော ၂၀၀၅ ခုနှစ်တွင် ကုဗမီတာ ၁ သန်းထိ ရောက်ခဲ့ပြီးနောက် ပြန်ကျသွားခြင်းဖြစ်သည်ဟု ဆိုသည်။
EIA မှ ထုတ်ပြန်သည့် “Organised Chaos: The illicit overland timber trade between Burma and China” အမည်ရှိ အစီရင်ခံစာတွင် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သတ်သည့် ၂ နိုင်ငံလုံးမှ အဓိက ပါဝင်သူများနှင့် လာဘ်စားမှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်ထားသည်။
ဂေဟစနစ်အတွက် အရေးပါသော သစ်တောများ ကျန်ရှိသည့် အရေအတွက်သည် အရှေ့တောင်အာရှတွင် စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း EIA အဖွဲ့က ပြောသည်။
EIA ၏ အစီရင်ခံစာကို ဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ။