သမိုင်းမှတ်တမ်းများအရ ရှမ်းလူမျိုးအများစု နေထိုင်သော ရှမ်းပြည်နယ်သည် ပုဂံခေတ်မှ အင်္ဂလိပ်တို့ မြန်မာနိုင်ငံ တခုလုံးကို သိမ်းပိုက်ပြီးသည့် ၁၀၄၄ မှ ၁၈၈၅ အထိ ရှမ်းတို့၏ ဒေသသည် ဗဟိုအုပ်ချုပ်ရေး မရှိ၊ ပဒေသရာဇ်တို့၏ နယ်ပယ်ငယ်များဖြင့် ကွဲပြားလျက်ရှိသည်။
အင်္ဂလိပ်တို့ မဝင်ရောက်မီ ၁၈၈၅ ခုနှစ်အထိ ရှမ်းနယ်များတွင် ပဒေသရာဇ်စစ်ပွဲများ ဖြစ်ပွားလျက်ရှိပြီး၊ ဤသို့ ကွဲပြားလျက်ရှိသော ရှမ်းနယ်များ အားလုံးကို ၁၉၂၂ တွင် အင်္ဂလိပ် အစိုးရက စုစည်း၍ ရှမ်းပြည်ထောင်စု (Federated Shan State) ဟု ထူထောင်ပေးခဲ့သည်။ ကွဲပြားနေသော ရှမ်းပဒေသရာဇ် နယ်များကို အင်္ဂလိပ်တို့က စုစည်း၍ ရှမ်းပြည်ထောင်စုကို ထူထောင်ပေးလိုက်ခြင်း ဖြစ်သည်။
ဤသမိုင်းကြောင်းအရ ရှမ်းပြည်နယ်၏ပညာရေးသည် –
၁။ ၁၉၂၂ မတိုင်မီ ရှမ်းနယ်ရှင်များခေတ်
၂။ ၁၉၂၂-၁၉၄၇ ရှမ်းပြည်နယ် ပဒေသရာဇ် ကောင်စီခေတ်
၃။ ၁၉၄၈-၁၉၆၂ ရှမ်းပြည်နယ် အစိုးရခေတ်
၄။ ၁၉၆၂-၁၉၇၄ ရှမ်းဦးစီးအဖွဲ့-တော်လှန်ရေးကောင်စီခေတ်
၅။ ၁၉၇၄-၁၉၈၈ ရှမ်းပြည်နယ်ကောင်စီ – မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ဟု ပိုင်းခြားနိုင်ပြီး အသီးသီးတွင် တာဝန်ယူ အုပ်ချုပ်ခဲ့သော အထက်ဖော်ပြပါ အစိုးရအဖွဲ့များသည် ရှမ်းစာပေ သင်ကြားရေး လုပ်ဆောင်ပေးရန် တာဝန်အရှိဆုံး ဖြစ်ကြပါသည်။
အင်္ဂလိပ်အစိုးရ မတိုင်မီကာလ၌ ရှမ်းပြည်နယ်၏ ပညာရေးသည် ဘုန်းကြီးကျောင်း ပညာရေး ဖြစ်၍ ရှမ်းစာဖြင့် ရေးသား ပြုစုထားသော ဗုဒ္ဓကျမ်းစာများ၊ ဗုဒ္ဓဝင်များကို ဆရာတော်များက ဘာသာရေးနှင့် ရှမ်းစာတတ်မြောက်ရန် သင်ကြားပေးခြင်း ဖြစ်သည်။
၁၈၈၅ တွင် အင်္ဂလိပ်တို့ အထက်မြန်မာနိုင်ငံကို သိမ်းခဲ့သော်လည်း ၁၈၈၉ မှ ရှမ်းနယ်တခုလုံးကို ၎င်းတို့၏ လက်အောက်သို့ ရရှိနိုင်ခြင်း ဖြစ်သည်။ ထိုအခါမှစ၍ ရှမ်းပြည်နယ်၏ ပညာရေးကို မြန်မာနိုင်ငံ ပညာရေးဌာန လက်အောက်၌ ထားသည်။ ပဒေသရာဇ် ရှမ်းပြည်နယ်အစိုးရကို ထူထောင်သည့် ၁၉၂၂ ခုနှစ်မှစ၍ ရှမ်းပြည်နယ် ပညာရေးသည် ထိုအစိုးရ၏ လက်အောက်သို့ ရောက်ရှိခဲ့သည်။
ဒုတိယ ကမ္ဘာစစ် အကြိုကာလသို့ ရောက်သောအခါ ရှမ်းပြည်နယ်၌ စာသင်ကျောင်းပေါင်း ၂၂၉ ကျောင်း ရှိသော်လည်း ရှမ်းပြည်နယ်အစိုးရ ပညာရေးဌာနပိုင် ကျောင်းမှာ ၃ ကျောင်းသာ ရှိသည်။ ကျန်ရှိသော ကျောင်းများမှာ သက်ဆိုင်ရာ နယ်အတွင်းရှိ နယ်ရှင်များပိုင်ကျောင်းနှင့် ခရာဇ်ယာန် သာသနာပြု မစ်ရှင်ကျောင်းများ ဖြစ်သည်။ ထို မစ်ရှင်ကျောင်းများတွင် ဘာသာရပ်တိုင်း၌ အင်္ဂလိပ်စာဖြင့် သင်ပြီး မြန်မာစာကို သာမန် ဘာသာရပ်အဖြစ်သာ သင်ကြားသည်။ ရှမ်းစာကို တချို့သော ကျောင်းများတွင် သာမန်ဘာသာရပ်အဖြစ် သင်ကြားသည်။ ထို့ကြောင့် အင်္ဂလိပ် အုပ်စိုးသည့်ခေတ် ၁၈၈၅ မှ ၁၉၄၇ ခုနှစ် အထိ ရှမ်းစာသည် ဘုန်းတော်ကြီးကျောင်း၏ သင်ရိုးသာ ဖြစ်ခဲ့သည်။ ၎င်းမှာ အုပ်ချုပ်ရေး အာဏာကို ရှမ်းပြည်နယ်၊ ပဒေသရာဇ်ကောင်စီက အုပ်ချုပ်သောကာလ ရှမ်းစာ သင်ကြားရေး အခြေအနေ ဖြစ်သည်။
ရှမ်းစာနှင့် ပတ်သက်၍ ပညာရေး တာဝန်ရှိသူ တဦးက ရှမ်းပြည်နယ် လူဦးရေ ၂ သန်း (၁၉၆၀ သန်းခေါင်စာရင်း ခန့်မှန်းခြေ အရ) ခန့်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ ရှမ်းလူမျိုးများ ဖြစ်၍ ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား ပေါင်းစုံတို့သည် ရှမ်းစာနှင့် ရှမ်းစကားကို သုံးစွဲသင့်ကြောင်း၊ သို့သော် ရှမ်းပြည်နယ် တခုလုံးတွင် စာသင်ကျောင်း ၈ ကျောင်း၌သာ ရှမ်းစာသင်ကြားရန် ဆရာများ ရှိပြီး ရှမ်းစာမှာလည်း မသင်မနေရ ဘာသာရပ် မဟုတ်၊ ထို့အပြင် ပဉ္စမတန်း အထိသာ ရှမ်းစာကို စိတ်ကြိုက်ဘာသာအဖြစ် သင်ကြားခွင့် ပေးထားခြင်း ဖြစ်သည်ဟု ဆို၏။
ဤသို့ဖြစ်ရခြင်းမှာ ကျောင်းသုံး ရှမ်းဖတ်စာအုပ်များ မရှိခြင်း၊ ကျောင်းသားများက ၎င်းတို့၏ ဘဝတိုးတက်ရေး အတွက် အကျိုးရှိမည့် ဘာသာရပ်များကိုသာ သင်ကြားလိုခြင်း၊ အရည်အချင်းပြည့် လက်မှတ်ရ ရှမ်းစာသင်ဆရာများ မရှိခြင်းနှင့် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော အခြားတိုင်းရင်းသားများကလည်း ၎င်းတို့၏ စာပေကို ကျောင်းများ၌ သင်ကြားရန် တောင်းဆိုလာနိုင်ခြင်း ဟူသော အချက် ၄ ချက်ကြောင့် ဖြစ်သည်ဟု ဆို၏။
ထို့အပြင် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ အတွင်းရှိ ပြည်နယ်တခု ဖြစ်၍ မြန်မာစာကို ကျောင်းတိုင်းတွင် မသင်မနေရ ဘာသာရပ် အဖြစ် ပြဋ္ဌာန်းရမည်ဟူသော အချက်များကြောင့်လည်း ဖြစ်သည်။
ရှမ်းပြည်နယ် ပညာရေးနှင့် ရှမ်းစာသင်ကြားရေး ကိစ္စကို ပြည်ထောင်စုမြန်မာနိုင်ငံ (Union of Myanmar) မထူထောင်မီကပင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပင်လုံ အစည်းအဝေးကြီး၌ ရှမ်းစော်ဘွားများနှင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင်များက စဉ်းစားခဲ့ကြသည်။ ရှမ်းပြည်၊ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ (ရပလ) ဥက္ကဋ္ဌ ဦးတင်ဧ က ရှမ်းဘာသာသည် ကျောင်းသုံးဘာသာ မဟုတ်သဖြင့် ကျောင်းများတွင် သင်ကြားသော သင်ရိုးများသည် ရှမ်းကျောင်းသားတို့၏ လိုအပ်ချက်နှင့် ကိုက်ညီခြင်း မရှိကြောင်း ထို့ကြောင့် မြို့နယ်နှင့် ကျေးရွာတိုင်းတွင် ရှမ်းစာပေ အဖွဲ့အစည်းများ ဖွဲ့စည်းရန် အကြံပြုခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၉ တွင် ရှမ်းပြည်နယ် အစိုးရက ကျောင်းများတွင် ရှမ်းစာသင်ကြားနိုင်ရေး ရှမ်းစာမူ တခုကို ပြုစုရန် စာပေကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့သည်။ ထိုအချိန်မှစ၍ ရှမ်းစာမူဟောင်း၊ မူသစ်၊ ပြဿနာနှင့် နိုင်ငံရေး ပြဿနာများပါ ရောထွေးလာသည်ဟု ထင်ပါသည်။
ရှေးပဝေသဏီက ရှမ်းများ အသုံးပြုခဲ့သောစာသည် တိကျမှု မရှိ၊ စာတလုံးတွင် အသံထွက်နှင့် အဓိပ္ပာယ် ၄ မျိုး၊ ၅ မျိုး ထွက်ရှိနိုင်သဖြင့် ဖတ်ရှုနားလည်ရန် ခက်သည်ဟု ဆိုကာ ရှမ်းစာမူသစ်ကို ၁၉၄၀ ပြည့်နှစ် ဒုတိယကမ္ဘာစစ် မြန်မာနိုင်ငံသို့ မကူးစက်မီကပင် တီထွင်ခဲ့သည်။
သို့သော် စစ်အတွင်းကာလနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလများ၌ ဤစာပေကိစ္စကို အရေးတယူ ဆောင်ရွက်နိုင်ခြင်း မရှိ၊ ၁၉၄၉ နှစ်ရောက်မှ ရှမ်းပြည်နယ်အစိုးရက ကော်မတီဖွဲ့၍ ၁၉၄၀ ခုနှစ်က တီထွင်ခဲ့သော ရှမ်းစာကို အနည်းငယ် ပြုပြင်လိုက်သည်။ ဤစာကို ရှမ်းစာမူသစ် – ကျားခေါင်းစာဟု ခေါ်သဖြင့် ရှေးယခင်က အသုံးပြုခဲ့သော စာသည် မူဟောင်းရှမ်းစာ ဖြစ်သွားရပါတော့သည်။ “ကျားခေါင်းစာ” (Lik Ho Hso) ဟု ခေါ်ဆိုရခြင်းမှာ ထိုစဉ်က ရှမ်းပြည်နယ် အစိုးရ၏ အမှတ်တံဆိပ်သည် ကျားခေါင်းဖြစ်၍ အစိုးရက တီထွင်သောစာ ဖြစ်သောကြောင့် “ကျားခေါင်းစာ” ဟုခေါ်ဆိုခြင်း ဖြစ်သည်။
ကျောင်းများတွင် ရှမ်းစာသင်ကြားရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် ပါလီမန် အတွင်းဝန်က ရှမ်းပြည်နယ်၏ လူဦးရေအများစုသည် ရှမ်းဖြစ်သဖြင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ကိစ္စများတွင် ရှမ်းစကားကို အသုံးပြုရန် လိုအပ်ကြောင်း၊ ထို့အပြင် ရှမ်းစကားသည် ရှမ်းတို့၏ မိခင်ဘာသာစကား ဖြစ်သဖြင့် ရုံးသုံး စာပေအဖြစ် အသုံးပြုပါက ပို၍ သင့်လျော်မည်ဖြစ်ကြောင်း၊ ရှမ်းစာကို ကျောင်းများတွင် စိတ်ကြိုက်ဘာသာရပ် အဖြစ် သင်ကြားသင့်ကြောင်း အဆိုတင်သွင်းသည်။
ပြည်သူ့ လုပ်ငန်းဌာန ဝန်ကြီးက ကျောင်းများတွင် ရှမ်းစာကို စိတ်ကြိုက် ဘာသာရပ်အဖြစ် ပြဋ္ဌာန်းရန် လိုအပ်သော်လည်း အရည်အချင်း ပြည့်ဝသော ရှမ်းစာ သင်ဆရာများနှင့် ပြဋ္ဌာန်းစာအုပ်များ လိုအပ်ကြောင်း၊ ထိုဆရာများနှင့် ပြဋ္ဌာန်း စာအုပ်များ ရရှိရန် ၈ နှစ်ခန့် အချိန်ယူရမည် ဖြစ်ကြောင်း၊ အကယ်၍ အစိုးရ ဝန်ထမ်းများကို ရှမ်းစကားနှင့် ရှမ်းစာ တတ်သူများကိုသာ ရွေးချယ်ခန့်ထားမည် ဆိုပါက ရုံးသုံး ဘာသာစကားသည် မြန်မာဘာသာ ဖြစ်ရမည်ဟု ပြန်ပြဋ္ဌာန်း ထားသော ပြည်ထောင်စုမြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောသည်။ ဤပြဿနာ အရပ်ရပ်များကြောင့် ဝန်ကြီးက ရှမ်းစာကို ကျောင်းများတွင် စိတ်ကြိုက် ဘာသာရပ် အဖြစ်သာ ပြဋ္ဌာန်းရန် အဆိုတင်သွင်းသည်။
ပညာရေး ဝန်ကြီးကလည်း ယခုအချိန်ကာလ၌ ရှမ်းပြည်နယ်ရှိ ကျောင်းများတွင် ရှမ်းစာကို မသင်မနေရ ဘာသာရပ် အဖြစ်ပြဋ္ဌာန်းရန် မဖြစ်နိုင်၊ စိတ်ကြိုက် ဘာသာအဖြစ်သာ စတင် သင်ကြားသင့်ကြောင်း အဆိုတင်သည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဥက္ကဋ္ဌ စဝ်ခွန်ချိုက အကြံပြုသည်မှာ ရှမ်းတို့၏ ယဉ်ကျေးမှုကို ထိန်းသိမ်းရာ၌ မြန်မာနိုင်ငံ၏ အခြေခံဥပဒေပါ အချက်နှင့် မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ အရေးကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း၊ ရှမ်းစာပေကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဆွေးနွေးသင့်ကြောင်း အကြံပြုသည်။ ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ရှမ်းပြည်နယ် အတွင်းရှိ ရှမ်းများသာမက မြန်မာတနိုင်ငံလုံးတွင် ပျံ့နှံ့နေထိုင်လျက် ရှိသော ရှမ်းလူမျိုးတို့ အတွက်ပါ အကျိုးရှိအောင် ရှမ်းစာ သင်ကြားရေး ကိစ္စကို ကူညီဖြေရှင်း ပေးနိုင်မည် ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ် ပညာရေးအရာရှိချုပ် အပါအဝင် အောက်ပါ အဖွဲ့ဝင် ၆ ဦး ပါဝင်သော ရှမ်းစာပေကော်မတီကို ဖွဲ့စည်းရန် အကြံပြုခဲ့သည်။
ဥက္ကဋ္ဌအဖြစ် ရှမ်းပြည်နယ် အစိုးရ ပညာရေးဝန်ကြီး စဝ်မောင်၊ အတွင်းရေးမှူးအဖြစ် ခရိုင်ပညာဝန် ဦးခမ်းလှိုင်၊ အဖွဲ့ဝင်များအဖြစ် ဆေးမင်းကြီး ဒေါက်တာ ဉာဏ်၊ ခရိုင်ပညာဝန် ခွန်ပန်းလှ၊ ပညာရေးအရာရှိချုပ် စဝ်ဆိုင်မိုင်း၊ ကျေးသီးနယ် စော်ဘွားကြီး စဝ်ရွှေမှုန်တို့ပါဝင်သော ရှမ်းစာပေကော်မတီ ဖြစ်သည်။
ဤကော်မတီက ၁၉၅၄ ဇူလိုင် ၂၂ တွင် ရှမ်းစာမူသစ် (ကျားခေါင်းစာ) ကို တရားဝင်စာအဖြစ် အသိအမှတ်ပြုရန်၊ ကျောင်းများတွင် ရှမ်းစာသင်ကြာေးရး ကိစ္စကို အစိုးရအဖွဲ့က သင့်တော်သော အချိန်၌ ဆုံးဖြတ်ရန် ရှမ်းပြည်နယ် အစိုးရထံ အဆိုတင်သွင်းခဲ့သည်။ ရှမ်းပြည်နယ် အစိုးရကလည်း ရှမ်းစာမူသစ် (ကျားခေါင်းစာ) ကို ၁၉၅၅ မေ ၂၂ နေ့တွင် တရားဝင်စာအဖြစ် အသိအမှတ်ပြုခဲ့၍ ဤအသိအမှတ်ပြု စာတမ်းကို ၁၉၅၅ ဩဂုတ် ၁၁၊ မြန်မာဂေဇက် နံပါတ် ၃၂၊ အတွဲ (၉) ၌ ပုံနှိပ် ဖော်ပြသည်။
ကျားခေါင်းရှမ်းစာကို အသိအမှတ်ပြုပြီးနောက် ရှမ်းပြည်နယ်အစိုးရသည် ကျောင်းသုံးစာအုပ် ရရှိရေးကို ဆောင်ရွက်သည်။ သို့သော် ၁၉၅၅ ခုနှစ်အထိ မူလတန်းအဆင့် သင်ကြားရန် စာအုပ်ပေါင်း ၁၁၀ဝ၀ သာ စုဆောင်းရရှိသဖြင့် ပညာရေးဌာနက အစိုးရအား ကျောင်းသုံးစာအုပ် ပြဋ္ဌာန်း ရေးကော်မတီတခု ဖွဲ့စည်းရန်လည်း အဆိုပြုခဲ့သည်။
ဤသို့ ရှမ်းစာကို ကျောင်းသုံးဘာသာအဖြစ် ပြဋ္ဌာန်းရန် ကြိုးပမ်းနေချိန်တွင် တောင်ကြီးမြို့၌ ဖွဲ့စည်းထားသော ရှမ်းစာပေ အသင်းက ၁၉၅၈ ခုနှစ် ဧပြီလတွင် ရှမ်းစာအား မြန်မာစာကဲ့သို့ ရုံးသုံးစာအဖြစ် အသိအမှတ် ပြုရန် ပညာရေးဝန်ကြီး၏ မှတ်ချက်နှင့်အတူ ဝန်ကြီးများအဖွဲ့ အစည်းအဝေးသို့ တင်ပြခဲ့သည်။ ပညာရေးဝန်ကြီး၏ မှတ်ချက်မှာ ရှမ်းစာကို တရားဝင်ရုံးသုံးစာအဖြစ် အသိအမှတ်ပြုခြင်းအားဖြင့် ရုံးသုံးဆိုင်ရာ လုပ်ငန်းများကို ထိခိုက်မည် မဟုတ်ကြောင်း၊ ရှမ်းလူထု၏ဆန္ဒမှာ ရှမ်းစာကို ရုံးသုံးစာအဖြစ် အသုံးပြုရန် လိုလားပါသောကြောင့် ရုံးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်မည် ဖြစ်ကြောင်း မှတ်ချက် ပေးခဲ့သည်။
ရှမ်းပြည်နယ် အစိုးရ၏ အတွင်းဝန်က ရှမ်းတယောက်အနေဖြင့် ရှမ်းစာကို ရုံးသုံးစာအဖြစ် အသုံးပြုရန် လိုလားသော်လည်း ၁၉၄၇ ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေပါ အပိုဒ် ၂၁၆ တွင် “ပြည်ထောင်စုမြန်မာနိုင်ငံ၏ ရုံးသုံးစာသည် မြန်မာစာ ဖြစ်ရမည်။ သို့သော် အင်္ဂလိပ်စာကိုလည်း အသုံးပြုခွင့် ရှိသည်။ Paragraph 216: the official language of the UNION shall be Burmese, provided that the use of English may be permitted” ဟု ဆိုထားကြောင်း၊ အင်္ဂလိပ်စာကိုလည်း အသုံးပြုခွင့် ရှိကြောင်း အခြေခံဥပဒေ၌ ပြဋ္ဌာန်းထား သော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရက ၁၉၅၂ ဧပြီ ၁၈ ၌ မြန်မာစာသာ သုံးရမည်ဟု ညွှန်ကြားထားပါသဖြင့် ရှမ်းစာကို ရုံးသုံးသုံးအဖြစ် ပြဋ္ဌာန်းရေးမှာ မဖြစ်နိုင်ကြောင်း ထောက်ပြသည်။ သို့သော် ရှမ်းပြည်နယ် အစိုးရက ရှမ်းစာ သင်ကြား ရေးကို အထောက်အကူဖြစ်စေရန် ကျောင်းများ၌ ရှမ်းစာကို စိတ်ကြိုက်ဘာသာအဖြစ် ပြဋ္ဌာန်းရန်၊ မြန်မာစာသည် ရုံးသုံးစာ ဖြစ်သော်လည်း အစိုးရ ရုံးများနှင့် ဆက်သွယ်ရာတွင် ရှမ်းစာကိုလည်း အသုံးပြုနိုင်ရန်၊ အစိုးရ ရုံးများတွင် လစ်လပ်သော ရာထူးနေရာများ၌ ရှမ်းစာတတ်သူများကို ဦးစားပေး ခန့်ထားရန် ဆုံးဖြတ်ခဲ့သည်။
အထက်ပါ အကြောင်းကိစ္စရပ်များကြောင့် ရှမ်းပြည်နယ်အတွင်း၌ ရှမ်းစာသင်ကြားရေးကိစ္စသည် (၁) ရှမ်းပြည်နယ် အတွင်း လူဦးရေပျံ့နှံ့မှု၊ (၂) ရှမ်းစာသင် ဆရာအခက်အခဲနှင့် ရှမ်းဖတ်စာအုပ်များ အလုံအလောက်ရရှိရေး ပြဿနာ နှင့် (၃) ထိုစဉ်က မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အပိုဒ် ၂၁၆ တို့သည် ရှမ်းစာသင်ကြားရေးကို အဟန့်အတား ဖြစ်စေခဲ့သည်။
သို့သော် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် အများစုမှာ စော်ဘွားများ ဖြစ်ကြပြီး ၎င်းတို့၏ သက်ဆိုင်ရာ နယ်များတွင် ကျောင်းများ၌ ရှမ်းစာကို သင်ကြားလိုကြသဖြင့် ၁၉၅၉ နိုဝင်ဘာတွင် ရှမ်းပြည်နယ်အစိုးရက မူလတန်းတွင် ရှမ်းစာကို မသင်မနေရ ဘာသာရပ်အဖြစ် ပြဋ္ဌာန်း၍ ရှမ်းစာသင်ကြားရန် ပညာရေးဌာနကို စီမံကိန်း ရေးဆွဲစေသည်။ ပညာရေး အရာရှိချုပ်က ကျောင်းသုံးစာအုပ်များ ဆက်လက် ပုံနှိပ်ရန် လိုအပ်သဖြင့် ၁၉၆၁-၆၂ ပညာသင်နှစ်မှသာ စတင် သင်ကြားသင့်ကြောင်းနှင့် မူလတန်းတွင် ရှမ်းစာကို မသင်မနေရ ဘာသာရပ်အဖြစ် ပြဋ္ဌာန်းပြီးသော်လည်း ရှမ်းနှင့် တခြား တိုင်းရင်းသားများ ရောနှောနေထိုင်ရာ ဒေသများ၌ ရှမ်းစာကို စိတ်ကြိုက် ဘာသာရပ်အဖြစ်သာ ပြဋ္ဌာန်းရန် အဆိုတင်သွင်းသည်။
ကျောင်းများတွင် ရှမ်းစာ သင်ကြားရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပညာရေး ဝန်ကြီး၏ ပြောကြားချက်မှာ မှတ်သားစရာ ကောင်းသည်။
၎င်းက ရှမ်းအများစု နေထိုင်ရာ ကျေးလက်ဒေသများတွင် ရှမ်းစာကို မသင်မနေရ ဘာသာရပ်အဖြစ် ပြဋ္ဌာန်းရန် လိုအပ်ကြောင်း၊ ကျေးလက်ရှိ ကျောင်းများတွင် စာသင်နေကြသော ကျောင်းသားများအနက် ၉၀ ရာခိုင်နှုန်းသည် မူလတန်း မပြီးဆုံးခင် ကျောင်းမှ ထွက်ကြကြောင်း၊ ၎င်းတို့သည် မိမိတို့ နားမလည်သော ဘာသာရပ်ဖြင့် သမိုင်း၊ ပထဝီ၊ သချၤာ၊ ကျန်းမာရေး စသော ဘာသာရပ်များကို သင်နေကြရကြောင်း၊ ဤစနစ်သည် ရှမ်းပြည်နယ်၌ နှစ်ပေါင်း ၆၀ ကျော် တည်ရှိခဲ့ပြီး၊ မြန်မာပြည်မှ ပညာရေးစနစ်နှင့် နှိုင်းယှဉ်ပါက အလဟဿ ဆုံးရှုံးမှုပင် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးက ပြောသည်။ ထို့အပြင် ကျောင်းသားများသည် မိမိတို့ နားမလည်သော ဘာသာရပ်ဖြင့် မူလတန်းတွင် ၃ နှစ်၊ ၄ နှစ် စာသင်နေကြ၍ မိဘများကလည်း ကလေးများကို ကျောင်းသို့ မစေလွှတ်ချင်ကြောင်း၊ ဂဏန်းသချၤာ ဘာသာရပ်၌ ၂+၂ ၏ အဖြေသည် မည်သည့် ဘာသာရပ်ဖြင့် သင်သည် ဖြစ်စေ အမြဲပင် ၄ ဖြစ်ပြီး၊ ပညာရေး၌ မည်သည့်ဘာသာဖြင့် သင်ကြားရမည်ဟု စည်းမျဉ်းဘောင် မခတ်သင့်ပါကြောင်း၊ ကျောင်းများ၌ ရှမ်းစကား မတတ်သော ဆရာအနည်းငယ်သာ ရှိ၍ ၎င်းတို့ကို မြို့ကျောင်းသို့ ရွှေ့ပြောင်းပြီး ၎င်းတို့၏ နေရာ၌ ရှမ်းဆရာများဖြင့် အစားထိုးရန် လိုအပ်ကြောင်း တင်ပြခဲ့သည်။
ပညာရေး အရာရှိချုပ်က ရှမ်းပြည်နယ် အတွင်းရှိ ၂၉ ရာခိုင်နှုန်းသော ကျောင်းပေါင်း ၂၉၇ ကျောင်းတွင် ရှမ်းစာကို ကျောင်းသုံးစာအဖြစ် သင်ကြားနိုင်ကြောင်း အစီရင်ခံ၍ ၁၉၆၂-၆၃ ပညာသင်နှစ်မှ စပြီး အဆိုပါ ကျောင်းများတွင် ရှမ်းစာကို ဘာသာရပ်တခုအဖြစ် သင်ကြားရန် အဆိုပြုသည်။
သို့သော် ၁၉၄၉ ခုနှစ်မှ စတင်၍ ရှမ်းစာ သင်ကြားရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့အတွင်း ဆွေးနွေးခဲ့သမျှ၊ စီမံကိန်းရေးဆွဲ၍ ဆောင်ရွက်ခဲ့သမျှတို့သည် ၁၉၆၂ မတ်လ ၁ ရက်နေ့တွင် ကျင်းပသော ရှမ်းပြည်နယ် ဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေး၍ ရှမ်းစာသင်ကြားရေးကိစ္စကို ပယ်ဖျက်ခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)
(စိုင်းခမ်းမိုင်းသည် ရန်ကုန် အခြေစိုက် သမိုင်းဆရာတဦး ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ သမိုင်းအထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်အထိ မန္တလေး တက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊ မိတ္ထီလာ ကောလိပ်တို့တွင် နည်းပြအဖြစ် လည်းကောင်း၊ လက်ထောက် ကထိက အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဆန္ဒအရ အလုပ်မှ နုတ်ထွက်ခဲ့သည်။ နိုင်ငံခြား တက္ကသိုလ် တချို့တွင်လည်း သုတေသီ ပညာရှင်အဖြစ် လုပ်ကိုင်ခဲ့သည်။)