တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးမည့် နေ့ရက် ညှိနှိုင်းသတ်မှတ်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ၁၅ ဖွဲ့ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ယခုလ ၁၇ ရက်နေ့က ဖိတ်ကြားလိုက်သည်။
ဝန်ကြီး ဦးအောင်မင်း ဖိတ်ခေါ်သည့် ရက်သည် ယခုလ ၂၀ ရက်နေ့ဖြစ်ပြီး ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တွင် တွေ့ဆုံကြမည် ဖြစ်သည်။ သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး တက်ရောက်နိုင်ခြင်း ရှိမရှိ မသိရသေးပေ။
MPC ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှမောင်ရွှေ က “ဝန်ကြီး ဦးအောင်မင်း က KIO အပါအဝင် (ပဏာမ) အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့တွေကို လာတက်ဖို့ ဖိတ်ထားတယ်။ သူတို့ လာတက်မယ် မတက်ဘူးဆိုတာတော့ မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဆင့်မြင့် ညှိနိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) က အစိုးရအနေဖြင့် တဖွဲ့ချင်းသီးခြားခွဲ၍ ဖိတ်ကြားခဲ့ခြင်းအပေါ် သဘောထား တုန့်ပြန်စာ ယခုလ ၁၈ ရက်နေ့က ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။
SD အဖွဲ့ဝင် နိုင်ဟံသာ က “သီးခြားအဖွဲ့တွေအနေနဲ့ကတော့ သွားတွေ့ရင်လည်း တွေ့ပေါ့လေ။ ကျနော်တို့ကတော့ မကန့် သတ်ဘူး။ အမှန်ကတော့ ဒီလိုမလုပ်သင့်ဘူးလို့ ကျနော်တို့မြင်တယ်။ နောင်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်လာရင်တော့ SD ကိုပဲ မေးမြန်းဆက်သွယ်ပါ၊ လုပ်ဆောင်ပါ။ ဒါတွေကို စာရေးပြီးပို့လိုက်တာပေါ့လေ” ဟု သတင်းထောက်များကို ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကလည်း “တဖွဲ့ချင်း ဖိတ်စာဖိတ်တဲ့ ကိစ္စမှာကတော့ SD အနေနဲ့လည်း တဖွဲ့ချင်းပဲ တုန့်ပြန်ဖို့ပေါ့နော် သွားမယ် မသွားဘူးဆိုတာ အဖွဲ့ကနေပြီးမှ ဆုံးဖြတ်ဖို့ဆိုပြီး အဲလိုလမ်းညွှန်တာပေါ့။ ကျနော်တို့ KIO ကတော့ ဌာနချုပ်က လူတွေ ဘယ်လိုဆုံးဖြတ်မလဲ မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆင့်မြင့် ညှိနိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခုလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ထိ ပြုလုပ်ခဲ့ပြီး ယခုလ ၉ ရက်နေ့က နေပြည်တော်၌ သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အဖွဲ့ဝင်များအား ချပြဆွေးနွေးခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဦးအောင်မင်း ဖိတ်ခေါ်ထားသည့် ၁၅ ဖွဲ့တွင် KIO အပါအဝင် “ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်- မိုင်းလား တပ်ဖွဲ့ (NDAA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA- PC)၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K)တို့ ပါဝင် သည်။