မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘာသာရေးကို နည်းလမ်းတစ်ခုအနေဖြင့် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို စိုးရိမ်ပူပန် ကြောင်း ရန်ကုန်အခြေစိုက် သံရုံး ၉ ရုံး၏ ကြေညာချက်နှင့် ပတ်သက်၍ မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက်ပယ်ချလိုက်သည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ တည်ဆဲဥပဒေ စည်းမျဉ်းနှင့် အညီဘက်လိုက်ခွဲခြားမှု မရှိပဲ ဖြေရှင်းနိုင်ရေး ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်ထားပြီးဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်ကလည်း နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်ရာတွင် မတူညီသည့် ကိုးကွယ်ယုံကြည်မှုကို မထိခိုက်စေရန် သတိပေးထားကြောင်း၊ ဖွဲ့စည်းပုံတွင်လည်း လူမျိုး၊ ဘာသာ၊ ကျား/မ မရွေး ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ မဲဆွယ်စည်းရုံးရေး ကာလတွင် ရန်ကုန်အခြေစိုက် သံရုံး ၉ ရုံး၏ ကြေညာချက်မှာ ဘာသာရေး၊ လူမှုရေး အထင်အမြင်လွဲမှားမှု သံသယဖြစ်စေသည့်အတွက် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။