၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် နယ်ပယ်ပေါင်းစုံမှ အမျိုးသမီး ကိုယ်စားလှယ်လောင်းများသည်လည်း ဝင်ရောက်ယှဉ်ပြိုင်လာကြသည်။
ထိုအမျိုးသမီး ကိုယ်စားလှယ်လောင်းများထဲတွင် စီးပွားရေးလုပ်ငန်းများစွာ၌ အောင်မြင်မှုများ ရရှိနေသည့် ရွှေနန်းတော် ရာတနာ ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါက်တာ ဒေါ်သက်သက်ခိုင် သည်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ရန်ကုန်တိုင်း ဒဂုံမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ဒဂုံမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ပါတီဝင် တဦးဖြစ်သည့် ပြည်ထောင်စု လွှတ်တော် နာယက ဦးနန္ဒကျော်စွာလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ NLD ပါတီ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် ဒေါက်တာ ဒေါ်သက်သက်ခိုင်အား မဲဆွယ် စည်းရုံးမှု အခြေအနေ၊ မဲစာရင်းအခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် မေစစ်ပိုင် က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ဒေါ်သက်သက်ခိုင် အနေနဲ့ ဘယ်ပါတီကနေ ဘယ်လို ဝင်ရောက်ယှဉ်ပြိုင် ဖြစ်တာပါလဲ။
ဖြေ။ ။ ကျမ ဒဂုံမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီကနေ ယှဉ်ပြိုင်မှာပါ။ ၁၉၈၈ ကာလ တုန်းက အသက် ၂၁ နှစ်အရွယ် ကျောင်းသူဘဝ မန္တလေးဆေးတက္ကသိုလ်မှာ တက်ခဲ့တုန်းက မိုးကုတ် NLD ပါတီဝင် ဖြစ်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ မိုးကုတ်မြို့ မြို့မိမြို့ဖတွေက ပါဝင်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ ကျမက ရည်ရွယ်ချက်ရှိပေမယ့် Ph.D အတွက် စာတွေကများတော့ ကျောင်းစာကိုပဲ အာရုံစိုက်ပြီး လုပ်ချင်သေးတယ်။ တကယ်လို့ စမယ်ဆိုရင်လည်း ၂၀၁၄ လောက်မှ စချင်တယ် လို့ ပြောလိုက်ပါတယ်။ မိုးကုတ်မှာက ကျမအတွက်လည်း လက်တွေ့မကျဘူး။ မိုးကုတ်သူဆိုပေမယ့် နေတာက ရန်ကုန်မှာဖြစ် တယ်။ ဒီမှာနေတာ ၂၁ နှစ်လည်းရှိပြီ။ အဲဒီအချိန်မှာ ဒဂုံမြို့နယ်က NLD က ခေါ်တာနဲ့၂၀၁၄ မှာပါတီ ပြန်ဝင်လိုက်တယ်။
မေး။ ။ မဲဆွယ်စည်းရုံးကာလ ရောက်နေပြီဆိုတော့ ဝင်ပြိုင်မယ့် ဒဂုံမြို့နယ်မှာ ဘာတွေလုပ်ဆောင်နေပါပြီလဲ။
ဖြေ။ ။ မဲဆွယ်စည်းရုံးမှုတွေက စတာတော့စနေပြီ။ မဲဆွယ်ကာလ မတိုင်ခင်တော့ ဗီနိုင်းတို့ ဒီဇိုင်းတို့ ကြိုတင် ပြင်ဆင်ထားတယ်။ စာရွက်တွေဝေဖို့ ဘာစာတွေထည့်ရေးမှာလဲဆိုတာ လုပ်ထားတယ်။ မြို့နယ်အဆင့်မှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့နဲ့ ကျမတို့ကိုယ်စားလှယ်လောင်းတွေ အစည်းအဝေးလုပ်ပြီး ငွေကြေးစီမံတာက အစပေါ့။ နောက်ပြီး မဲရုံစောင့်တာ၊ မဲရုံအကူနဲ့ မဲစာရင်း စိစစ် တာ လုပ်တယ်။ မြို့နယ်အဆင့် သင်တန်းတွေ လုပ်တယ်။ ပါဝင်လုပ်ဆောင်သူတွေအားလုံး ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင် ပေါ့။
Door to Door လည်းသွားပါတယ်။ ပထမအကြိမ် အခြေခံမဲစာရင်းကို တအိမ်တက်ဆင်း စစ်ဆေးပေးတဲ့ ဝန်ဆောင်မှုလုပ်တယ်။ အဲဒီတွေ့ရှိချက်တွေ ကျမတို့မှာ ရှိထားတယ်။ မဲဆန္ဒရှင်တွေလည်း မဲစာရင်းမှားတာ သိကုန်တော့ ပြင်ဖို့ လျှောက်လွှာတွေကို ရပ်/ကျေးကော်မရှင်ကို တင်တယ်။ အခုချိန်မှာ ဒုတိယအကြိမ် မဲစာရင်း ထွက်လာတယ်။ အမှားတွေ မပြင်တဲ့အပြင် ထပ်အမှားတွေ ပါလာ တယ်။ ကျမတို့ မြို့နယ်အပေါ် တွေ့ရှိချက်ပေါ့။ မီဒီယာတွေမှာ နားထောင်တော့လည်း တခြားမြို့နယ်တွေမှာလည်း ဒီလိုပဲဖြစ်နေတာ ကို တွေ့ရတယ်။ အခုချိန်မှာ ဒုတိယအကြိမ် မဲစာရင်းလည်း စစ်မယ်။ စည်းရုံးမဲဆွယ်တာလည်း လုပ်မယ်။
Mobile Team လေး လုပ်မယ်။ စားပွဲ ကုလားထိုင်ချပြီး မဲစာရင်း တိုက်ဆိုင်စစ်ဆေးချင်ရင်လာဖို့ ဝန်ဆောင်မှု အိမ်တိုင်ရာရောက် ပေးမယ်။ မဲစာရင်း ပြင်ချင်သူတွေ အတွက်လည်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ထားတဲ့ ပြင်ဆင်လွှာကို သူတို့ကို ထုတ်ပေးမယ်။ မိတ္တူကူးစက်လည်း တခါတည်းယူပြီး မှတ်ပုံတင်၊ သန်းခေါင်စာရင်းကအစ မိတ္တူကူးပေးတာမျိုး၊ One Stop Service လုပ်ဖို့ရှိပါတယ်။ အခုတော့ ယောမင်းကြီး ရပ်ကွက်မှာ လာပြင်နေတာတွေ ရှိတယ်။ မီဒီယာတွေမှာလည်း ချပြတော့ မှားနေတာ လူထပ်တာ တွေ အမှားများတော့ လာပြင်ကြတယ်။ ယောမင်းကြီး ရပ်ကွက်မှာတော့ လူတဖွဲဖွဲနဲ့ လာပြင်နေကြတယ်။ တခြားရပ်ကွက်တွေတော့ ကျမတို့ ဒီနေ့(စက်တင်ဘာ ၁၈ ရက်) စဆင်းမယ်။
မေး။ ။ မဲစာရင်းမှားယွင်းမှုတွေ ရှိနေတယ်။ ရွေးကောက်ပွဲ ကာလကလည်း နီးနေပြီဆိုတော့ လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်အနေနဲ့ အဲဒီအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေလား။
ဖြေ။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ ရွေးကောက်ပွဲကို ဦးစီးကျင်းပပေးရတဲ့ အဖွဲ့ဖြစ်တယ်။ ရွေးကောက်ပွဲ ကျင်း ပ ဖို့ အာဏာအလုံးစုံ ရထားတယ်။ ဥပဒေပြုခွင့်တွေ ရှိတယ်။ အင်အားစုတွေလို့ပြောရင် ပြည်ထောင်စု ကော်မရှင်ကနေ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်ရှိတယ်။ တတိုင်းပြည်လုံးပေါ့။ အချိန်အားဖြင့်လည်း ၅ နှစ် ရခဲ့တယ်။ နိုင်ငံတကာကနေ နည်းပညာ အထောက်အပံ့၊ ငွေကြေးအထောက်အပံ့တွေလည်း ပေးခဲ့တာတွေ ရှိတယ်။ နိုင်ငံတော်ကလည်း သင့်လျော်တဲ့ ဘတ်ဂျက်ချထား ပေး မှာပဲ။
တနိုင်ငံလုံးက ကော်မရှင် အဆင့်ဆင့်မှာလည်း လူတွေလည်း ရှိရဲ့သားနဲ့ ဘာလို့မှန်ကန်အောင် မလုပ်ခဲ့သလဲဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညံ့ဖျင်းမှုလို့ပဲ ပြောချင်ပါတယ်။ ညံ့ဖျင်းတာလား ဒါမှမဟုတ် မရိုးသားတဲ့စိတ်နဲ့ တမင်သက်သက် မဲ စာရင်းမမှန်အောင် လုပ်တာလားပေါ့။ ကျမတို့အ ခြေခံမဲစာရင်း ထွက်ပြီးတုန်းကတည်းက မဲစာရင်းတွေ မှားနေတာ သိသွားပြီပေါ့နော်။ ဒါကြောင့် မဲဆန္ဒရှင် ပညာပေးမှုတွေလုပ်ပြီး မဲတပြားက တိုင်းပြည်အတွက် ပြည်သူလူထုအတွက် အရေးကြီးတယ်ဆိုတာ ကျမ တို့ ပြောခဲ့တဲ့အတွက် ပြည်သူတွေလည်း တော်တော်လေး နိုးနိုးကြားကြား ရှိနေတယ်။
ရွေးကောက်ပွဲ သိပ်ပြီးနီးကပ်လာချိန် ဒုတိယမဲစာရင်းက အရင် ၈၀ ရာခိုင်နှုန်း မှားရာကနေ ၅၀ ရာခိုင်နှုန်းလောက်ပဲ မှားတယ်ဆိုရင် လူတွေက စိတ်ကျေနပ်ကြမှာပါ။ ဒါပေမယ့် အရင်တုန်းကထက် ပိုမှားတာတွေ တွေ့ရတယ်။ ပထမအရစ် စစ်တုန်းက တွေ့ရှိချက်တွေထက် ပိုပြီးမှားလာတော့ သမားရိုးကျ ညံ့ဖျင်းမှုထက် သာလွန်ပြီး မရိုးသားမှုတွေ ပါလာတာ တွေ့ရတော့ အဲဒီအတွက်ကို ကျမတို့တော်တော်လေး စိုးရိမ်ပါတယ်။ စိုးရိမ်ပေမယ့် ကောင်းတဲ့တချက်က ပြည်သူတွေက မဲပေးခွင့် မဆုံးရှုံးအောင် ရပ်ကျေးကော်မရှင်တွေမှာ လာပြင်ကြတယ်ဆိုတော့ ဘယ်လောက် မှန်မှန်ကန်ကန် ပြင်ပေးနိုင်မလဲ ကြည့်ရမှာပေါ့။ မှားတာကတော့ အခြေခံ ဥပဒေက စမှားတာ။
ရွေးကောက်ပွဲ ကော်မရှင်ကို ပြည်သူလူထုက မဟုတ်ဘဲ လက်ရှိသမ္မတက ဖွဲ့စည်းပေးရတာဆိုတော့ လက်ရှိအာဏာရပါတီ အာဏာ ရ အစိုးရရဲ့ စိတ်ဆန္ဒအတိုင်း ဖော်ဆောင်နေရသလို ဖြစ်နေပြီး တကယ်ကို သမာသမတ်ကျကျနဲ့ ရွေးကောက်ပွဲ ကျင်းပပေးနေတာ မဟုတ်ဘဲ အာဏာရပါတီ အလိုကျ လုပ်ပေးရတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒါသည် အခြေခံဥပဒေ အရပေါ့။ အခြေခံဥပဒေကိုက မှားယွင်းနေတယ်။ ဖြစ်သင့်တာက လွတ်လပ်တဲ့၊ အာဏာရပါတီရဲ့ သြဇာလွှမ်းမိုးမှု မရှိတဲ့၊ ပြည်သူတွေရဲ့ နိုင်ငံရေးအခွင့်အရေးကို အပြည့်အဝ အကာအကွယ်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝတဲ့ ကော်မရှင်ပဲ ဖြစ်သင့်တာကို အစိုးရရဲ့ လက်ကိုင်တုတ် ဖြစ်နေတယ်။
မေး။ ။ ဒဂုံမြို့နယ်မှာ တခြားဘယ်ပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိထားပါလဲ။
ဖြေ။ ။ ကျမသိထားတာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ကြီးပွား တိုးတက်ရေး ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ လို့တော့ အကြမ်းဖျင်း သိထားတယ်။
မေး။ ။ ယှဉ်ပြိုင်ရမယ့် ပါတီတွေကလည်း နာမည်ရပါတီတွေ ဖြစ်နေတော့ ဒေါ်သက်သက်ခိုင် အနေနဲ့ လူထုဆီက ထောက်ခံမှုတွေရအောင် ဘယ်လိုမျိုး ဆောင်ရွက်ဖို့ ရှိပါလဲ။
ဖြေ။ ။ ဆွေးနွေးပွဲ၊ တွေ့ဆုံပွဲလေးတွေလုပ်ပြီး မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံစကားပြောဖို့ စီစဉ်ထားတယ်။ ဒါပေမယ့် ကျမတို့က စက်တင်ဘာ ၈ ရက်မှ စည်းရုံးခွင့်ရတာဆိုတော့ အဲဒီရက်ကနေ ၁၅ ရက်အတွင်း မြို့နယ်ကော်မရှင်၊ ခရိုင်ကော်မရှင်ကို တင်ပြီးမှပဲ လုပ်မယ်။ လတ်တလောတော့ ကိုယ်စားလှယ်လောင်းတွေနဲ့ ရပ်ကွက်ထဲကနေ နာမည်နဲ့ မိတ်ဆက်တယ်။ ကားပေါ်မှာ ဗီနိုင်းချိတ်ပြီးတော့ ဒီပါတီက ဒီလူကတော့ ဒီမြို့နယ်မှာ ပြိုင်မယ်ဆိုတဲ့ မိတ်ဆက်သဘော လုပ်တယ်။ Billboard တွေလဲ ထောင်တယ်။
မေး။ ။ ဒေါ်သက်သက်ခိုင်က စီးပွားရေးလုပ်ငန်းရှင် တဦးလည်းဖြစ်တော့ နိုင်ငံရေးအနေနဲ့ လုပ်ဆောင်ဖို့မှာ အလုပ် ၂ ခုလုံး မလစ်ဟင်းအောင် ဘယ်လိုလုပ်ဆောင်မယ်လို့ စဉ်းစားထားပါလဲ။
ဖြေ။ ။ စီးပွားရေးက ကျမရဲ့ အမျိုးသားက ဦးဆောင်ပြီး လုပ်နေတာပေါ့။ မိသားစုလုပ်ငန်းလို့ ပြောလို့ရမယ်။ ကျမက နောက်က နေ စနစ်လိုက်ချပေးတာပါ။ ကျမတို့ စီးပွားရေးမှာ စနစ်ကောင်းခြင်းအားဖြင့် ကျမရှိနေစရာ မလိုတော့ပါဘူး။ အခုချိန်မှာလေ။ ကျမ အမျိုးသားနဲ့ ဒါရိုက်တာအဖွဲ့ ရှိပါတယ်။ ဝန်ထမ်းတွေကလည်း အလုပ်ဝင်ပြီဆိုရင် မထွက်ကြဘူး။ မြဲကြတယ်။ ကျမတို့ဘက်က လည်း ဝန်ထမ်းတွေအပေါ်ကို ကောင်းဖို့ကြိုးစားတယ်။ ဝန်ထမ်းတွေကလည်း ပြန်ပြီးကောင်းကြတဲ့ မိသားစုပုံစံ ဆက်ဆံရေးဆိုတော့ လုပ်ငန်းမှာ လူဦးရေ ၆၀၀ ကျော် ရှိတယ်။ အကုန်လုံးက မိသားစုတွေလိုပဲ ဖြစ်ကြတယ်။ စနစ်ကလည်း ရှိပြီ။ ဦးဆောင်သူကလည်း ရှိ ဝန်ထမ်းကလည်းကောင်းတော့ စီးပွားရေးဘက်ကို ကျမထားခဲ့လို့ရပြီ။ ကျမအမျိုးသားက ဆက်ပြီးဦးဆောင်မှာပေါ့။
မေး။ ။ ဒါဆိုရင် နိုင်ငံရေးဘက်ကို စိတ်နှစ်ပြီး လုပ်တော့မယ်လို့ စဉ်းစားလိုက်ပြီပေါ့။
ဖြေ။ ။ မှန်ပါတယ် ကျမက တောက်လျှောက်အလုပ်ကိုလည်း ကြိုးစားလုပ်ခဲ့တယ်။ ဦးဆောင်နိုင်မှု စွမ်းရည်ရှိအောင်လည်း ကိုယ့် ဘာသာကိုယ် လုပ်ခဲ့တယ်။ တချိန်တည်းမှာပဲ ပညာတွေ သင်ခဲ့တယ်။ မဟာဘွဲ့ ၂ ခု ယူတယ်။ ပါရဂူဘွဲ့ ယူနေတာ အခုဆိုရင် စာ တွေ အကုန်ပြီးလို့ စာတမ်းပြုစုတဲ့ အချိန်ရောက်ပြီ။ ကျမက ကျောင်းကို တောင်းဆိုထားတာက ဒီ ၃ လတော့ ခဏနားပြီးမှ စာတမ်း ဆက်ရေးမယ် ဆိုပြီးတော့ပါ။ Ph.D (ABD) All But Dissertation အဆင့် ရောက်နေပါပြီ။
အလုပ်နဲ့စာနဲ့တွဲပြီး ပညာရှင် တယောက်လိုဖြစ်အောင် လုပ်ခဲ့တယ်။ နောက်တခုကလည်း မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းနဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တို့မှာလည်း ပါခဲ့တာ ကြာပြီ။ အမျိုးသမီး ဖွံ့ဖြိုးရေးတွေလုပ်ဖို့ အမျိုးသမီး လုပ်ငန်းရှင်တွေ၊ ရာထူးမြင့်တဲ့အ မျိုးသမီးတွေ၊ ပညာရှင်တွေ ပူးပေါင်းထားတဲ့ အဖွဲ့ဖြစ်တော့ ဒါတွေလည်း ကျမလုပ်ဖြစ်တယ်။
အဲဒီလို အသင်းအဖွဲ့တွေနဲ့ လုပ်လာတာ ၁၀ နှစ် ကျော်ပြီ။ နိုင်ငံတကာ အစည်းအဝေး၊ အာဆီယံ အစည်းအဝေးတွေ ညီလာခံတွေ သင်တန်းတွေလည်း တက်ခဲ့တယ်။ ပြည်တွင်းမှာလည်း နိုင်ငံတကာကလာတဲ့ အဖွဲ့တွေနဲ့ အလုပ်လုပ်ခွင့်ရတယ်။ ဒါတွေက ကျမ အတွက် တောက်လျှောက် လုပ်လာတယ်။ ကျမက နိုင်ငံရေးကို အခုမှ စလုပ်တာ မဟုတ်ဘဲ ပညာရပ်ပိုင်းဆိုင်ရာကအစ တောက် လျှောက် ပြင်ဆင်လာတာပါ။
မေး။ ။ နိုင်ငံရေးအတွက် အချိန်အတော်ယူပြီး ပြင်ဆင်လာတယ်ဆိုတော့ ပြုပြင်ပြောင်းလဲရေးမှာ ပြည်သူတွေအတွက် ဘယ်လိုမျိုးတွေ လုပ်ဆောင်ဖို့ ဆန္ဒရှိပါလဲ။
ဖြေ။ ။ တိုင်းပြည်ကို လမ်းကြောင်းအမှန်ပေါ် ရောက်သွားအောင် လုပ်ချင်တယ်။ အဓိက ကတော့ စနစ်ပေါ့။ ကောင်းတဲ့စနစ်သာ ထားခဲ့လို့ရှိရင် ဥပမာအားဖြင့် ဘုရားရှင်က သူပရိနိဗ္ဗာန်စံသွားရင် တရားကို ကိုးကွယ်ဖို့ ပြောခဲ့တာကိုး။ ဒီလိုစနစ်နဲ့ ချန်ခဲ့တာသည် နှစ်ပေါင်း ၂၆၀၀ ကျော်ပြီလေ။ ဆိုလိုချင်တာက စနစ်ကို တည်ထောင်ခဲ့ချင်တာပါ။ ပြောမယ်ဆိုရင် NLD ဆိုရင် အမေဒေါ်အောင်ဆန်းစုကြည် ရှိတယ်။ သူသည် အသက်အားဖြင့် ၇၀ ဝန်းကျင်၊ နေကောင်းကျန်းမာပြီး အလုပ်တွေလည်း လုပ်နိုင်သေးတယ်။ ဒါပေမယ့် ဘယ်သူပဲဖြစ်ဖြစ် ဘယ်သူမှ အမြဲတမ်း မရှိနိုင်ပါဘူး။
ဒါကြောင့် စနစ်တခု ကောင်းအောင် အုတ်မြစ်ချပြီး အရှိန်ရအောင် လမ်းကြောင်းပေါ် ချပေးခဲ့ရမှာပေါ့။ နိုင်ငံရေးစနစ်နဲ့ စီးပွားရေး စနစ် ရှိတယ်ပေါ့။ အစိုးရတရပ်ရဲ့ တာဝန်က နိုင်ငံရေးစနစ်နဲ့ စီးပွားရေးစနစ် ကောင်းအောင် သဟဇာတဖြစ်အောင် လုပ်ရမယ်။ လမ်းကြောင်းမှန် ရောက်အောင်ပေါ့။ ဒီစနစ်ကို ပြည်သူလူထုကြားထဲမှာ အစိုးရအဖွဲ့ကြားထဲမှာ လွှတ်တော်လိုမျိုးမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် စသည်ဖြင့် ဒါမျိုးထားခဲ့နိုင်ရင်တော့ ရှေရှည်ကောင်းဖို့အတွက် ဖြစ်လာမယ်။ ကျမ ပါဝင်ရခြင်းက စနစ်ကို တည်ထောင်ပြီး လမ်းကြောင်းအမှန်ပေါ် ရောက်စေချင်လို့ အုတ်တချပ် သဲတပွင့် အနေနဲ့ ပါဝင်တာပါ။
မေး။ ။ နိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ အများအပြား ပါဝင်လာတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ ကျမ အားရကျေနပ်မိတယ်။ တခြားပါတီတော့ မသိဘူး။ ကျမတို့ပါတီမှာတော့ အရည်အချင်းတူရင် အသက်ငယ်သူ၊ အမျိုးသမီး၊ တိုင်းရင်းသား စသည်ဖြင့်ပေါ့ ဦးစားပေးတာ ရှိတယ်။ ဒီလိုလေးတွေရှိတော့ NLD အမတ်တွေဆိုတာ လူကြီးလူငယ်လူလတ် အရွယ်စုံပါတယ်။ နယ်ပယ်ဒေသ အသီးသီးက လာကြတယ်။ မိသားစု နောက်ခံ၊ ပညာရေး၊ လုပ်ငန်းအတွေ့အကြုံ စသည်ဖြင့်ပေါ့ အမျိုးမျိုး ပါဝင်တယ်။
ဥပမာ-ဆရာဝန်တွေ၊ ပညာရှင်တွေ ပါမောက္ခချုပ်တွေ၊ အင်ဂျင်နီယာတွေ၊ ဥပဒေ ပညာရှင်၊ စီးပွားရေးဘွဲ့ရတွေ၊ စီးပွားရေး လုပ်ငန်းရှင် တွေ စသည်ဖြင့် လူမျိုးစုံပါတယ်။ အဲဒီလို မတူကွဲပြားတဲ့သူတွေ ပါတာဟာ NLD ရဲ့ အားသာချက်ပေါ့။ လူကြီးလူငယ် အမျိုးသား၊ အမျိုးသမီးတွေ မျှပြီး ပါလာတာက အားသားချက်ပဲ။ မတူညီတဲ့သူတွေ အဖွဲ့အစည်း အတွင်းမှာ ရှိခြင်းအားဖြင့် ရှုထောင့်အမျိုးမျိုးက စဉ်းစားပြီး လူတိုင်းအကျိုးရှိအောင် မူဝါဒတွေ ချမှတ်နိုင်တာပေါ့။
မူဝါဒချမှတ်ရာမှာ အမျိုးသမီးတွေ မပါဘူးဆိုရင် အမျိုးသားတွေက အမျိုးသမီးကိစ္စတွေကို အမျိုးသမီးတွေလောက် မသိနိုင်ဘူး။ ကိုယ်တိုင်ပါဝင်ကြမယ်ဆိုရင် အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ သီးသန့်လိုအပ်တာတွေ ထည့်သွင်း စဉ်းစားနိုင်တာပေါ့။ အမျိုးသမီး တွေ မပါဘဲ အမျိုးသားတွေကပဲ မူဝါဒ ချမှတ်မယ်ဆိုရင် အမျိုးသမီးတွေအတွက် လုံလောက်မှု ရှိချင်မှရှိမယ်။ အဲဒီလို သဘောမျိုးပဲ။ လူကြီးတွေပဲပါရင် လူငယ်လူလတ်ပိုင်းတွေရဲ့အမြင်က ဘယ်လိုလဲဆိုတာ မသိနိုင်ဘူး။ အရင်တုန်းကဆိုရင် အမျိုးသမီးဆိုတာ နိုင်ငံ ရေးနဲ့ မဆိုင်သလိုလို အမျိုးသားတွေပဲ ဆိုင်သလိုလို ယူဆကြတော့ ရှေးရိုးစွဲ အယူအဆတွေကို ဖောက်ထွက်ပြီး နိုင်ငံရေးဖြစ်စဉ်ထဲ ကို အမျိုးသမီးတွေ ဝင်လာတာက ကောင်းတဲ့လက္ခဏာပဲ ဖြစ်ပါတယ်။
မေး။ ။ ထပ်ပြီးဖြည့်စွက် ပြောချင်တာများ ရှိနေပါသေးလား။
ဖြေ။ ။ အဓိက ကတော့ စနစ်ပါပဲ။ တိုင်းပြည်ရဲ့ စနစ်က မှားယွင်းလာတယ်။ ပြောရရင်တော့ ပျက်အစဉ် ပြင်ခဏပေါ့။ ကောင်းစေ ချင်တဲ့စိတ်နဲ့ ပျက်စီးနေတာတွေကို ပြင်လိုက်ရင် တကယ်အမြော်အမြင်ရှိတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ အခုက အခြေခံ ဥပဒေကိုယ်တိုင် က လူတအုပ်စုကိုပဲ ကာကွယ်ထားတဲ့ သဘောဖြစ်နေတယ်။ အာဏာရှင် တအုပ်စုအတွက်ပဲ ရေးဆွဲထားခဲ့တာဆိုတော့ အမြော်အမြင် မရှိရာ ရောက်တယ်။
ဥပမာ မဲစာရင်းတွေ မှားတယ်။ မှားတဲ့ကြားထဲက ရွေးကောက်ပွဲ လုပ်လိုက်လို့ ပြည်သူက တကယ်ထောက်ခံတဲ့ပါတီ အာဏာရသွားရင် အာဏာရပါတီက နောက်ရွေးကောက်ပွဲ ကော်မရှင်တခုကို ထပ်ပြီးတော့ နောက် ၂၀၂၀ အတွက် ကော်မရှင်အသစ် လုပ်လိုက် ရင် အာဏာရပါတီကိုပဲ ကာကွယ်သလိုဖြစ်နေရင် အမှားဟာ တောက်လျှောက် ပါသွားနိုင်ပါတယ်။ အဲဒါက အမြော်အမြင် မရှိရာ ရောက်တယ်။ အခုက အခြေခံဥပဒေကို ဆွဲခဲ့တဲ့သူက သူ့အကျိုး ရှိမယ်ထင်လို့ ဆွဲခဲ့ပေမယ့်လည်း ရေရှည်မှာ အမြဲတမ်း အကျိုးရှိနိုင် တာ မဟုတ်ပါဘူး။ ။