ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတဝန်း ပြင်ဆင်အတည်ပြုထားသော မဲစာရင်းများ ထုတ်ပြန်ခဲ့သော်လည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်တိုင်ရင်းသားအများစု နေထိုင်သော ကျေးရွာ ၃၄ ရွာတွင် အတည်ပြု မဲစာရင်းထုတ်ပြန်ကြေညာခြင်းမရှိဟု ဒေသခံများက ပြောဆိုသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်ကျေးရွာ ၃၄ရွာတွင် မဲပေးနိုင်သူဦးရေ ၂၀၀၀၀ ကျော်ရှိပြီး အတည်ပြု မဲစာရင်းများ ထုတ်ပြန်ပေးရန်အတွက် မွန်တိုင်းရင်းသား ဒေသခံ ၃၀၀၀ ကျော်က စက်တင်ဘာ ၁၈ရက်နေ့တွင် ကြာအင်း ဆိပ်ကြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း၊ အကြောင်းကြားစာတွင် ကြာအင်း ဆိပ်ကြီး မြို့နယ် ဇမိ၊ဝင်ရော်မြစ်နှစ်သွယ်ကြားရှိ ပြည်သူလူထုများက မဲဆန္ဒပေးရန်ဆန္ဒရှိသဖြင့် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးနိုင်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း သိရှိရသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မွန်ကျေးရွာတခုဖြစ်သော မျှင်းဝါးကုန်ကျေးရွာနေ ဦးဝင်းရွှေက “ပထမမဲစာရင်း ထုတ်ပြန် တုန်းက ကျနော့်နာမည်ပါတယ်။အခု အတည်ပြု မဲစာရင်းကို ထပ် မထုတ်ပြန်သေးဘူး”ဟု ပြောဆိုသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်တိုင်းရင်းသား ကျေးရွာ ၃၄ ခုသည် မွန်ပြည်သစ် လက်နက် ကိုင်များ ကြီးစိုးသော ဒေသများဖြစ်ကြောင်း သိရှိရသည်။