စစ်ဘက်အရာရှိများအား အရပ်ဘက်ဌာနဖြစ်သည့် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများသို့ ပြောင်းရွှေ့ခန့်အပ်ထားခြင်း ကို ရပ်ဆိုင်းရန် ဖဲကြိုးနက် လှုပ်ရှားမှုဖြင့် တောင်းဆိုခဲ့ကြရာ နှုတ်အားဖြင့်ရပ်ဆိုင်းသည်ဟု အစိုးရဘက်က ပြောဆိုခဲ့မှုများကို တရား ဝင်စာ အမိန့် ထုတ်ပြန်ပေးရန် ဖဲကြိုးနက်အရေး လှုပ်ရှားသူ ဆရာဝန်များက တောင်းဆိုလိုက်သည်။
ထိုတောင်းဆိုချက်အား ဖဲကြိုးနက်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည့် ဆရာဝန်များက စက်တင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ မင်းကွန်း တိပိဋက ကျောင်းတိုက်၌ ဖဲကြိုးနက် လှုပ်ရှားမှုပြပွဲနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုကြခြင်း ဖြစ်သည်။
“ကျမတို့အနေနဲ့ စစ်ဘက်၊ ဆေးဘက် အရာရှိတွေကို ပြောင်းရွှေ့မှု ရပ်ဆိုင်းကြောင်းနဲ့ သူတို့ကို မိခင်ဌာနကို ပြန်လွှဲပြောင်းပေးဖို့ တရားဝင်စာမိန့် ထုတ်ပြန်ပေးတာ လိုချင်ပါတယ်။ နှုတ်ကတိကို မလိုချင်ဘူး။ ရိုးရှင်းတဲ့ တောင်းဆိုချက် ဖြစ်ပါတယ်”ဟု ဖဲကြိုးနက် အရေး လှုပ်ရှားမှုတွင် ပါဝင်သူ ကလေးအထူးကု ဆရာဝန် ဒေါက်တာ အလင်္ကာက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်သား စုဆောင်းရေးတပ်မှ ဒုဗိုလ်မှူးကြီး ခင်မောင်သန်းကို နေပြည်တော် ကုသရေးဦးစီးဌာန လက် အောက်ရှိ စီမံခန့်ခွဲမှုဌာန ဒုညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ သမ္မတအိမ်တော် အထူးတပ်ဖွဲ့ ဗိုလ်မှူး ဇော်မိုးမြင့်ကို ရန်ကုန်ပြည် သူ့ ဆေးရုံကြီး အုပ်ချုပ်ရေးဌာန လက်ထောက်ညွှန်မှူးအဖြစ် လည်းကောင်း၊ အခြားအဆင့်ရှိ ဗိုလ်မှူးနှင့် ဗိုလ်ကြီးများကို အထူးကု ဆရာဝန်များ၊ ဦးစီးအရာရှိများနှင့် အုပ်ချုပ်ရေးပိုင်းတွင် ခန့်ထားရန် ကျန်းမာရေးဝန်ကြီး ဒေါက်တာ သန်းအောင်က ထုတ်ပြန်ကြေ ညာခဲ့ပြီးနောက် နိုင်ငံတဝန်းရှိ ဆရာဝန်များနှင့် ပြည်ပရောက် ဆရာဝန်များအပါအဝင် ကျန်းမာရေး ဝန်ထမ်းများက ဖဲကြိုးနက်များ တပ်ဆင်၍ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
ဖဲကြိုးနက်အရေး လှုပ်ရှားသည့် ဆရာဝန်များက “မိုးကျရွှေကိုယ်” များကို ကန့်ကွက်သည့် လက်မှတ်ပေါင်း ၃၂၉၆ ခု ကို စုဆောင်းပြီး စက်တင်ဘာ ၁ ရက်က သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကျန်းမာရေးဝန်ကြီး၊ လွှတ်တော်များ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းနှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ကော်မတီ အပါအဝင် ၇ နေရာ သို့ ပေးပိုခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးပို့မှုအပေါ် မြန်မာနိုင်ငံ ဆရာဝန်အသင်းက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ရုံမှအပ အစိုးရပိုင်းက တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးကြောင်း ဖဲကြိုးနက်အရေး လှုပ်ရှားသည့် ဆရာဝန်များက ပြောဆိုသည်။
ထိုသို့ဖဲကြိုးနက် လှုပ်ရှားမှုပြုရာ၌ လှုပ်ရှားမှုတွင် ပါဝင်ကြသည့် ဆရာဝန်များက လက်ရှိတာဝန်များ ပျက်ကွက်ခြင်း မရှိသလို လူနာများကိုလည်း လျစ်လျူရှုထားခြင်းမပြုဘဲ ငြိမ်းချမ်းစွာ တောင်းဆိုနေကြခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေး အငွေ့အသက် ပါဝင်ခြင်းမရှိဘဲ၊ နောင်လာနောက်သား မျိုးဆက်ဆရာဝန်များအတွက် ရည်ရွယ်တောင်းဆိုခြင်း ဖြစ်ကြောင်းနှင့် ပုဂ္ဂိုလ်ရေးအရ ဆန့်ကျင်ခြင်း မဟုတ် ဘဲ အနှုတ်သဘောဆောင်သည့် အကျိုးမရှိသည့် မူဝါဒကိုသာ ကန့်ကွက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
ရှမ်းးပြည်နယ် တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံမှ ခွဲစိတ်အထူးကု ဆရာဝန် ဒေါက်တာ ထားထားငြိမ်းက“၂၀၁၄ ခုနှစ်မှာတုန်းက လည်း အလားတူ ဖြစ်ရပ်မျိုးဖြစ်တော့ မလုပ်တော့ပါဘူးပြောပြီး အခုထပ်ဖြစ်တာပဲ။ ကျမတို့က မလုပ်တော့ဘူး ဆိုတာကို လက်ခံလို့ မရဘူး။ စာမိန့်ပဲ လိုချင်တာ။ ဝေးလံခေါင်ဖျားတဲ့ နေရာတွေမှာရှိတဲ့ ဆေးရုံတွေမှာ ဆရာဝန်တွေထက် အလုပ်သမားဦးရေက ပိုနည်း တယ်ဆိုတော့ အဲဒီလို နေရာတွေအတွက်လည်း တပ်မတော်က မပေးချင်ဘူးလား မေးချင်တယ်”ဟု ပြောသည်။
ဆရာဝန်များ၏ ဖဲကြိုးနက် လှုပ်ရှားမှုများ နောက်ပိုင်းတွင် “မိုးကျရွှေကိုယ်များ”ဟု အမည်ပေးထားသည့် စစ်ဘက်ပုဂ္ဂိုလ်များ အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်းများသို့ ဝင်ရောက်နေရာယူသည့်အပေါ် လက်မခံနိုင်သည့် တရားလွှတ်တော် ရှေ့နေများက ဖဲကြိုးဝါလှုပ်ရှားမှုဖြင့် လည်းကောင်း၊ ဘူမိဗေဒ ပညာရှင်များက ဖဲကြိုးနီ လှုပ်ရှားမှု၊ လျှပ်စစ်ဌာန ဝန်ထမ်းများက ဖဲကြိုးပြာ လှုပ်ရှားမှုနှင့် ပညာရေး ဝန်ထမ်းများ၏ ဖဲကြိုးစိမ်း လှုပ်ရှားမှုများဖြင့် မိုးကျရွှေကိုယ် ဆန့်ကျင်ရေး ရောင်စုံဖဲကြိုး လှုပ်ရှားမှုများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်လာသည်ကို တွေ့ရသည်။