အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့( မဘသ)က ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့သည့် မျိုးစောင့်ဥပဒေ အောင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရနှင့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ)တို့က ထောက်ပံ့ကူညီကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ကဦးဆောင်ပြီး ပုသိမ်မြို့၊ ကိုးသိန်း အားကစားကွင်း အတွင်း တွင် ကျင်းပသော မျိုးစောင့်ဥပဒေ အောင်ပွဲ အခမ်းအနား၏ ဟောပြောပွဲစင်မြင့်နှင့် မဏ္ဍပ် တည်ဆောက်ခြင်း၊ ထိုင်ခုံများ နေရာချ ထား ခြင်းနှင့် အခမ်းအနားအပြင်အဆင်တို့ကို ပုသိမ်မြို့နယ်၊ စည်ပင်ဌာနမှ ဝန်ထမ်းများက လုပ်ဆောင် ပေးရ ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရှိရသည်။
“အခမ်းအနားမှာ ခင်းထားတဲ့ ပလက်စတစ်ထိုင်ခုံ ၃၀၀၀ က တိုင်းထွေအုပ်(ဧရာဝတီတိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန) က ပေးတာ။ အခမ်းအနား ပြင်ဆင်တာ၊ မဏ္ဍပ် ဆောက်တာ၊ ခုံခင်းတာ၊ ဟောပြောမယ့် စတိတ်စင် ပြင် ဆင် တာတွေတော့ ပုသိမ် စည်ပင်ဌာနက ဝန်ထမ်းတွေ လုပ်ပေး တာပါ”ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ အရာရှိတဦးက ပြော သည်။
ပုသိမ်မြို့တွင် ကျင်းပသော မျိုးစောင့်ဥပဒေ အောင်ပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ မဘသအဖွဲ့ဝင် ရဟန်းသံဃာ ၃၂၀၀ ကျော်အပါအဝင် လူပေါင်း ၁၂၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း၊ ဧရာဝတီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်လည်း အဆိုပါအခမ်းအနားသို့ တက် ရောက်ခဲ့ပြီး တိုင်းမဘသ ဦးဆောင်ဆရာတော်များနှင့် ပူးတွဲ နေရာယူ၍ ရှိနေခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီ တိုင်းမဘသဆရာတော်များကလည်း အမျိုးစောင့်ဥပဒေအောင်ပွဲအတွက် ကူညီပေးသည့် ဝန်ကြီးချုပ် ဦးသိန်းအောင်ကို ကျေးဇူးအထူးတင်ရှိကြောင်း အခမ်းအနားတွင် ထည့်သွင်းပြောဆိုခဲ့သည်။
“အမျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲတော်ကြီး အထမြောက်အောင်မြင်ဖို့ရန်အတွက် အစစအရာရာ ခွင့်ပြုရုံတင် မကဘဲ ဒီ ပွဲကြီးအောင်မြင်ရေး အတွက် အထောက်အပံ့ပေးခဲ့တဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်ကို ကျေးဇူးအထူး တင်ရှိပါတယ်”ဟု ဧရာဝတီတိုင်း မဘသအဖွဲ့ ဥက္ကဋ္ဌ မောင်းထောင်ကျောင်းတိုက်ဆရာတော်က ပြောသည်။
လွှတ်တော်တွင် အတည်ပြုထားသည့် မျိုးစောင့်ဥပဒေများသည် ပြည်သူလူထုအတွက် ခဲယဉ်းစွာကြိုးပမ်းထားရသည့် ဥပဒေဖြစ်ကြောင်း၊ အစ္စလမ်ဘာသာဝင်များ၊ နိုင်ငံခြားတိုင်းပြည်များက ပံ့ပိုးပေးထားသည့်ပါတီကို မဲပေးခဲ့မိ၍ အာဏာရ လာလျှင် မျိုးစောင့်ဥပဒေကို ဖျက်ပစ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးဘာသာ၊ သာသနာဖျက်မည့်သူများကို မဲမပေး ကြရန် ဧရာဝတီတိုင်း မဘသ ဦးဆောင်ဆရာတော်များက မျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းအနားတွင် တိုက်တွန်းပြော ဆိုသွားသည်။
“အမျိုးဘာသာ၊ သာသနာကို ဖျက်ဆီးမယ့်ပါတီတွေ တိုင်းပြည်မှာ အုပ်ချုပ်သွားရင် ဒုက္ခရောက်လိမ့်မယ်”ဟု ဧရာဝတီတိုင်း မဘသ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် ပန်းတနော်မြို့၊ မြတောင် ကျောင်းတိုက်၊ ဒုတိယ ဦးစီးပဓာနဆရာတော် ဦးကုမာရက ဟောပြောခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၊ ကမန်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့သည် အစ္စလမ်ဘာသာဝင်များ တည်ထောင်ထားသည့်ပါတီဖြစ်၍ မဲမပေးကြရန် ဆရာတော် ဦးကုမာရက တိုက်တွန်းမိန့်ကြားခဲ့သည်။
ပုသိမ် မျိုးစောင့်ဥပဒေ အောင်ပွဲ အခမ်းအနားသို့ မဘသ ဗဟိုကော်မတီဝင်နှင့် နိုင်ငံတော် သြဝါဒစရိယ အင်းစိန်ရွာမ ဆရာတော် ဦးတိလောကာဘိဝံသ ကလည်း သဝဏ်လွှာတရပ် ပေးပို့ခဲ့ပြီး ယင်းသဝဏ်လွှာတွင် မျိုးစောင့်ဥပဒေများကို မထောက်ခံသူ၊ ကန့်ကွက်သူများ ၂၀၁၅ ရွေးကောက်ပွဲတွင် အာဏာရရှိသွားပါက အဆိုပါ ဥပဒေကို ဖျက်ဆီးပစ်မည်ဖြစ်၍ မျိုးစောင့်ဥပဒေဖျက်မည့်သူများကို ရှောင်ကွင်း၍ မဲပေးကြရန်လိုကြောင်း တိုက်တွန်းပြောဆိုသွားသည်။
“ပြည်သူလူထုအတွက် ခဲခဲယဉ်းယဉ်းရထားသော အမျိုးစောင့်ဥပဒေဖျက်မည်သူများ၊ ဘာသာခြား၊ လူမျိုးခြားအတွက် လုပ်ပေးနေသူ ဒေါ်လာစားများ၊ တိုင်းပြည်နဲ့ လူမျိုး ဖျက်ဆီးဖို့ ဘာသာခြား လူမျိုးခြားများက ဘွဲ့ထူး၊ ဂုဏ်ထူး အပေးခံ ရသူများ၊ အာဏာမရမီကပင် ငမ်းငမ်းတက်အာဏာရှင်လုပ်ရပ် လုပ်နေသူများကို သိထားမြင်ထားဖို့ လိုနေပေသည်။ ထိုသူများကို ရှောင်ရှားဖို့ ကိုယ်စားလှယ်အဖြစ် မရွေးမိဖို့ အရေးတကြီး လိုနေပါသည်”ဟု ဆရာတော် ဦးတိလောကာ ဘိဝံသ၏ သဝဏ်လွှာ၌ ရေးသားထားသည်။
မျိုးစောင့်ဥပဒေဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ်များကိုလည်း တာဝန်ကျေသူများအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း သဝဏ်လွှာ၏ နိဂုံးပိုင်းတွင် ဖော်ပြထားသည်။
မျိုးစောင့်ဥပဒေများကို ပြီးခဲ့သည့်သြဂုတ်လအတွင်းက နောက်ဆုံးပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် ပြဌာန်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါဥပဒေများပြဌာန်းရေးအတွက် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် သမ္မတဦးသိန်းစိန် က သဘောတူလက်မှတ်ရေးထိုးပေးခဲ့ပြီး လွှတ်တော်အတွင်း အင်အားအများဆုံးဖြစ်သည့် ကြံ့ခိုင်ရေး ပါတီကိုယ်စား လှယ် များနှင့် တပ်မတော်သားကိုယ်စားလှယ်များက ထောက်ခံခဲ့သည့်အတွက် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။
မျိုးစောင့် ဥပဒေများသည် မယားပြိုင် စနစ်ကို ကန့်သတ်ထားပြီး ဘာသာကွဲ လက်ထပ်ခြင်းနှင့် ဘာသာကူးပြောင်းခြင်းကို ကန့်သတ်မှုများ ပြုလုပ်ထားပြီး လူဦးရေ တိုးပွားမှုကို ထိန်းချုပ်နိုင်ရန်လည်း အာဏာပိုင်များကို အခွင့်အာဏာ ပေးထား ကြောင်း၊ မျိုးစောင့်ဥပဒေများသည် လူ့အခွင့်အရေးချိုးဖောက်နေသည့် ဥပဒေများ ဖြစ်၍ နိုင်ငံတကာ အစိုးရများ၊ ပြည် တွင်းပြည်ပ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသော အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂတို့က စိုးရိမ်ကြောင်း အသီးသီး ထုတ်ဖော်ပြောဆိုခဲ့ကြသည်။