အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ မဲဆွယ်စည်းရုံးရေးကို ထိခိုက်စေနိုင်သည့် စာသားပါ စာရွက်စာတမ်းများကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)က တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် လိုက်လံဝေငှနေခြင်းဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေး နှောင့်ယှက်လျက်ရှိကြောင်း NLD နာယက ဦးတင်ဦးက မီဒီယာများသို့ ပြောသည်။
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ NLD ဗဟို အောင်နိုင်ရေးရုံးတွင် ယနေ့ ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပါတီ၏ ဗဟို အောင်နိုင်ရေး ဥက္ကဋ္ဌ ဦးတင်ဦးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ ဧရာဝတီတိုင်းက ဟင်္သာတနဲ့ ပုသိမ်မှာလည်း ဒီလို စာရွက်စာတမ်းတွေကို လိုက်ဝေနေတာ တွေ့ရသလို စာရွက် အထုပ် လိုက် ကျနော် တို့ ရရှိထားပါတယ်။ ကျနော်တို့ စုံစမ်းသိရတာက ဒါဟာ မဘသက ဖြန့်ဝေတာလို့ သိရတယ်” ဟု ဦးတင်ဦးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
မဘသ၏ နှောင့်ယှက်မှုနှင့် ပတ်သက်၍ NLD အနေနှင့် အရေးယူနိုင်ရန် ဆောင်ရွက်သွားမလားဆိုသည့် ဧရာဝတီသတင်းဌာန၏ မေးခွန်းကို ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင် ဦးဝင်းထိန်က“ကျနော်တို့အနေနဲ့ ဘာသာရေးကို နိုင်ငံရေးအရ အသုံးမချပါဘူး။ အဲဒါကို အသုံးချမယ် ဆိုတဲ့ အဲဒီပုဂ္ဂိုလ်တွေကို ကျနော်တို့က ပုတ်ခတ်မှာမဟုတ်ဘူး”ဟု ပြန်လည် ဖြေကြားသည်။
NLD မဲဆွယ် စည်းရုံးရေးကို ထိခိုက်စေနိုင်သည့် စာရွက်စာတမ်းများ ဝေငှခံရသည့် နေရာများမှာ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်များတွင် ဖြစ်ကြောင်း NLD က ပြောသည်။
မဘသ၏ နှောင့်ယှက်မှုများအပြင် အာဏာပိုင်များ၏ တားဆီး ကန့်သတ်မှုများကိုလည်း ကြုံတွေ့ရပြီး အထူးသဖြင့် NLD ၏ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တခု ဖြစ်သည့် ကိုကိုးကျွန်းသို့ သွားရောက်ရာတွင် တားဆီး ပိတ်ပင်မှုများ ကြုံတွေ့ရသည်ဟု သိရှိရသည်။
ဦးဝင်းထိန်က“ကိုကိုးကျွန်းမှာ မဲဆွယ်ဖို့ ခက်ခဲတာကတော့ အဲဒီမှာ ဘယ်နေရာကို သွားပြီး မဲဆွယ်ရမယ် ဆိုတာတောင် တင်လို့ မရဘူး။ သင်္ဘောနဲ့ လိုက်ခွင့်တောင်းတယ်။ ပယ်ချခံရတယ်။ အခု လေယာဉ်နဲ့ သွားဖို့ ခွင့်တောင်းတယ်။ ၆ ဦးမှာ ၃ ဦးပဲ ရတယ်”ဟု ဆိုသည်။
ကိုကိုးကျွန်းတွင် NLD အောင်နိုင်ရေး သွားရောက်မည့်သူများသည် ကိုကိုးကျွန်းတွင် ဆန်၊ ဆီ၊ ဆားကအစ ချက်ပြုတ် စားသောက် စရာ များ အားလုံး သယ်ဆောင်သွားကာ ရွေးကောက်ပွဲ ပြီးဆုံးသည်အထိ ယင်းနေရာတွင် နေထိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
တနိုင်ငံလုံး အတိုင်းအတာနှင့် မဲစာရင်း မှားယွင်းမှုများ ရှိနေခြင်းကလည်း NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးကို များစွာ ထိခိုက် စေကြောင်း၊ NLD အနေနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး နယ်မြေများအဖြစ် တိုင်းဒေသကြီး အားလုံးတွင် အခြေအနေ ကောင်းမွန် သကဲ့သို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် အခြေအနေ ကောင်းမွန်ကြောင်း၊ သို့သော် ရခိုင်၊ ရှမ်း၊ ကချင် ပြည်နယ်တို့တွင် NLD အနေဖြင့် ရုန်းကန်ရမည် ဖြစ်ကြောင်း သိရသည်။
NLD အနေဖြင့် ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦး လျှောက်ထားရာတွင် ၈ ဦး ပယ်ချခံရပြီး လက်ရှိတွင် ၁၁၃၀ ဦး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသည်။