ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ရေး ကြိုးပမ်းနေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားနေသကဲ့သို့ ရှမ်းပြည်နယ် တောင်ပိုင်းတွင်လည်း ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ်နှင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း၌ KIA နှင့် တပ်မတော် စစ်ကြောင်းများ အကြားတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း KIA နှင့် ဒေသခံတချို့က ပြောသည်။
KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က “တိုက်ပွဲတွေကတော့ နည်းနည်း ပိုများလာတယ်။ ဒီ နှစ်ရက်၊ သုံးရက် အတွင်းမှာလေ” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီးနောက် အိုးအိမ်စွန့်ခွါ၍ တိမ်းရှောင်လာကြသည့် စစ်ပြေးဒုက္ခသည်များလည်း ရှိကြောင်း အချို့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာသူများ ရှိသကဲ့သို့ တချို့မှာ အတွင်းပိုင်းကို ဝင်ရောက်သူများရှိကြောင်း၊ ၎င်းဒုက္ခသည်များကို လူထုအခြေပြုအဖွဲ့များ (CSO) များက တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မံစီမြို့နယ် အတွင်းတွင်လည်း တပ်မတော် စစ်ကြောင်းများနှင့် KIA တို့အကြား ယမန်နေ့ မနက်အထိ တိုက်ပွဲဖြစ်ပွားလျက် ရှိကြောင်း ယင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာအနီးရှိ မိုင်းခေါင် ကျေးရွာခံတဦးက ဧရာဝတီသို့ ပြောသည်။
“ဒီ (မနေ့က) မနက် ခုနတုန်းကတော့ လက်နက်ကြီးသံတွေပါ ကြားရတယ်။ ဘယ်သူပစ်ကြတာလဲတော့ မသိဘူး။ ရွာဦးပိုင်းနဲ့ နီးတယ်။ ကျမတို့ကတော့ မပြောင်းရွှေ့သေးပါဘူး” ဟု မိုင်းခေါင် ဒေသခံက ပြောသည်။
TNLA နှင့် အစိုးရ တပ်မတော်တို့အကြား ကျောက်မဲ၊ မိုးမိတ်နှင့် ကွတ်ခိုင်မြို့နယ် များအတွင်း၌ အခုလ ၁၉ ရက်နေ့က စတင်ပြီး တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း တပ်မတော်ဘက်က ကျဆုံး ဒဏ်ရာစာရင်း မသိရသေးသော်လည်း ၎င်းတို့ဘက်က ၃ ဦး ဒဏ်ရာရရှိထားကြောင်း TNLA ဘက်က ပြောသည်။
PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က “အခုဖြစ်တဲ့ တိုက်ပွဲတွေ ခပ်များများကတော့ ကျနော်တို့နေတဲ့ တောဘက် ပြောက်ကျား စခန်းတွေ ဘက်ကို မြန်မာ အစိုးရတပ်ဘက်က ပိုပြီး စိမ့်ဝင်လာတဲ့ သဘောရှိတယ်။ ဒါကြောင့်မို့ တိုက်ပွဲတွေက ပိုပြီး ဆက်လာတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် ၎င်းတို့အကြား ယခုလ အတွင်း၌ပင် တိုက်ပွဲပေါင်း ဆယ်ကြိမ်မက ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ပစ်ခတ်မှုများက ကျေးရွာများကို ထိမှန်ခြင်းမရှိသော်လည်း ဒေသခံများမှာ တိုက်ပွဲကြောင့် သွားလာရေး အခက်အခဲတချို့ ရှိနေကြသည်ဟု ဆိုသည်။
TNLA ကို အစိုးရက ပဏာမ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် သဘောထားရှိကြောင်း သတင်းမီဒီယာများကို နှုတ်ဖြင့် ပြောဆိုမှုများ ရှိထားသည်။ TNLA ကမူ NCA စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်ချုပ်ဆိုနိုင်ရေး အပေါ်တွင် ရပ်တည်သွားမည်ဖြစ်ပြီး ၎င်းတို့နှင့် အတူတိုက်ပွဲဝင်နေသည့် ကိုးကန့်အဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) တို့ကိုလည်း တပြိုင်တည်း ပါဝင်လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်းသွားမည်ဟု ဆိုသည်။
ရှမ်းပြည်နယ် တောင်းပိုင်း နမ့်စန်မြို့နယ်အတွင်း၌လည်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) လက်အောက်ခံ တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
ဗိုလ်မှူးကြီး စိုင်းလက “တိုက်ပွဲငယ်လေးတွေပါပဲ။ တောထဲမှာတော့ ကျနော်တို့ကို လိုက်ရှာရင်းနဲ့ တိုက်ကင်း လှည့်တာပေါ့ဗျာ။ ကျနော်တို့ တပ်ဖွဲ့နဲ့ တိုးမိတယ်။ ကြာကြာတော့မဟုတ် ခဏတဖြုတ်ပါပဲ။ ကျနော်တို့က ဆုတ်ပေးလိုက်တာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် သြဂုတ်လ ပိုင်းကစပြီး နယ်မြေရှင်းလင်းရေး အကြောင်းပြချက်ဖြင့် ၎င်းတို့ လှုပ်ရှားနယ်မြေအတွင်း ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းများနှင့် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
ယခုလ ၁၆ ရက်နေ့က ခိုလမ် မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် တပ်မတော် စစ်ကြောင်းများက မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သကဲ့သို့ ဝေဟင်ကလည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု RCSS/SSA ဘက်က ပြောသည်။
ထို့နောက် တိုက်ပွဲဖြစ်ပွားခဲ့သည့် ခိုလမ်၊ ကျောက်မဲ၊ မိုင်းပွန်၊ ပင်လုံ၊ ကွန်ဟိန်း၊ လင်းခေး မြို့နယ်များ အပါအဝင် စုစုပေါင်း ၁၆ မြို့နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအား လုံခြုံရေးအရ ခေတ္တ ရပ်ဆိုင်းထားရန် သတိပေးထုတ်ပြန်ခဲ့သည်။
RCSS/SSA အဖွဲ့သည် အစိုးရနှင့် ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် အဖွဲ့လည်း ဖြစ်ပြီး NCA စာချုပ် ချုပ်ဆိုရန် သဘောထား ထုတ်ပြန်ထားသည့် အဖွဲ့လည်း ဖြစ်သည်။ အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် ကာလအတွင်း ၎င်းတို့နှင့် တပ်မတော် စစ်ကြောင်းများအကြား တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြား အပစ်အခတ် ရပ်စဲနိုင်ရေး ဆွေးနွေးခဲ့ကြသည်မှာ ၄ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ရှိသည့်အနက် ၁၄ ဖွဲ့နှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး ထိုအဖွဲ့များနှင့်လည်း တိုက်ပွဲပေါင်း များစွာ ဖြစ်ပွားခဲ့သည်။
ယင်းသို့ ဆွေးနွေးညှိနှိုင်းနေဆဲ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ လှုပ်ရှား နယ်မြေများအတွင်း တပ်မတော်က ထိုးစစ်ဆင်မှုများ၊ တပ်အင်အား တိုးချဲ့ခြင်းများ ပြုလုပ်နေသဖြင့် တိုင်းရင်းသား ခေါင်းဆောင်များက စိုးရိမ်မှုများ ရှိနေကြောင်း ပြောဆိုနေကြသည်။