ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ဂုဏ်သိက္ခာကို အမွန်းတင် ပြောဆိုခဲ့ပြီး တပ်မတော်နဲ့ ပါတီအကြားမှာ လုံးဝကွဲပြားမှု မရှိဘူးဆိုတဲ့ စကားကို အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
တပ်မတော်ကို ကမ္ဘာ့အလယ်မှာ အမြင်တင့်တယ်စေပြီး နိုင်ငံနဲ့ ပြည်သူ၊ လွတ်လပ်၊ လုံခြုံ၊ အေးချမ်းရေးတို့ကို အခိုင်အမာ အကာအကွယ်ပေးမယ့် နိုင်ငံက အားကိုးရတဲ့ အဖွဲ့အစည်း ဖြစ်စေလိုပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
တိုင်းပြည်တံခါးဖွင့်ချိန်ကစပြီး မြန်မာ့တပ်မတော်နဲ့ အခြားနိုင်ငံများက တပ်မတော်တွေအကြား ဆက်ဆံရေး၊ တပ်မတော်ခေါင်းဆောင်တွေ နိုင်ငံတကာ အမြင်ရရှိရေး၊ အနောက်နိုင်ငံက သင်တန်းတွေ ရရှိရေး စတဲ့ကိစ္စ တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။
၂၀၁၃ခုနှစ်မှာ လန်ဒန်ကို ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နံမည်ကျော် ဆင်းဒ်ဟတ် (Sandhurst) စစ်တက္ကသိုလ်ကို သွားရောက်ခဲ့ပြီး မြန်မာ့တပ်မတော်ကို ခေတ်မီတဲ့ တပ်မတော်ဖြစ်လာရေး၊ တပ်မတော် အရာရှိများအား သင်တန်းများ တက်ရောက်ခွင့်ရရေး ဆွေးနွေးခဲ့တဲ့အတွက် မြန်မာတပ်မတော်မှ အရာရှိ ၃၀ခန့်ဟာ ဆင်းဒ်ဟတ်စစ်တက္ကသိုလ်မှာ တက်ရောက်နေပြီလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ “Professional” တပ်မတော်ဆိုတဲ့ စကားကို အခြားနိုင်ငံက ဗိုလ်ချုပ်တွေ သုံးစွဲသလို သုံးစွဲခဲ့ပေမယ့် မြန်မာ့တပ်မတော်ရဲ့ ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ “standard army”ဆိုတဲ့စကားကို တွင်တွင်သုံးတာ တွေ့ရပါတယ်။
အတိုက်အခံတွေ၊ လေ့လာသူတွေတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက ဝင်ပြိုင်ခဲ့တာဟာ လွတ်တော်မှာ မြန်မာတပ်မတော်က ၂၅ ရာခိုင်နှုန်း ယူထားတဲ့ အချက်ကိုလက်ခံခဲ့လို့ ဖြစ်တယ်လို့ သုံးသပ်ကြ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ၂၅ ရာခိုင်နှုန်းကို ဘာမှထုတ်ဖေါ်ပြောဆို ကန့်ကွက်ခြင်း မပြုခဲ့ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့တပ်မတော်ကို အချိန်ယူပြီး ပြုပြင်ပြောင်းလဲသွားမှ ရမယ်လို့ ယုံကြည်နေသူလို့ အနောက်ကမ္ဘာမှာ နိုင်ငံတကာမှာ သုံးသပ်သူတွေလည်း ရှိပါတယ်။
နေအိမ်မှာ အကျဉ်းကျစဉ်ကာလတုန်းကလည်း တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာတွေ ရှိခဲ့သလို တိုင်းပြည်တံခါးဖွင့်ချိန် နောက်ပိုင်းမှာလည်း ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့၊ ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲမှာ တွေ့ဆုံဆွေးနွေးခဲ့တာတွေ ရှိခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတရမယ်။ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ်ပြုမယ် ဆိုတဲ့ ကတိစကားတွေကို မီဒီယာတွေနဲ့ တွေ့ဆုံတိုင်း မကြာခဏ ပြောဆိုခဲ့သလို နောက်ဆုံးတွေ့ဆုံပွဲမှာတော့ အမျိုးသမီးသမ္မတ ဖြစ်ရင်လဲ လက်ခံပါတယ်လို့ ပြောကြားခဲ့ပါတယ်။
တပ်မတော်ထိပ်ပိုင်းနဲ့ နီးစပ်သူတွေရဲ့ သုံးသပ်ချက်တခုကတော့ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အုပ်စုနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်အကြားမှာ အကြေအလည် ညှိနိုင်းမှုတွေ ပြုလုပ်ရလိမ့်မယ်လို့ ဟောကိန်းထုတ်နေကြပါတယ်။