၂၀၁၅ခုနှစ် ဧပြီလတွင် နျူမြစ် (သို့) သံလွင်မြစ် အောက်ဘက်ပိုင်းသို့ ဓာတ်ပုံဆရာ ပက်ထရစ် ဘရောင်း ပြန်လည် ရောက်ရှိ လာခဲ့ပါသည်။
အာရှတိုက်၏ အကြီးဆုံး မြစ်များအနက် တခုအပါအဝင်ဖြစ်သော သံလွင်မြစ်သည် ကရင်ပြည်နယ်၏ မြို့တော် ဘားအံကို ဖြတ်သန်းသည့် အခါတွင်တော့ တည်ငြိမ် အေးချမ်းစွာ စီးဆင်းလျှက် ရှိသည်။ ၁၇၅၀ မိုင်ရှည်လျားသော သံလွင်မြစ်သည် တရုတ်နိုင်ငံ တိဘက် ကုန်းမြင့်ဒေသမှ စတင်စီးဆင်းလာခဲ့ပြီး မြန်မာနိုင်ငံ မွန်ပြည်နယ် အနီးတွင် ကပ္ပလီ ပင်လယ်ပြင်သို့ စီးဝင် အဆုံးသတ်သွားပါသည်။
အဆိုပါမြစ်၏ ထင်ရှားသည့် ခရီးစဉ် စတင်ခဲ့သည့် တရုတ်နိုင်ငံတွင် နျူမြစ် (သို့) ဒေါသကြီးသော မြစ်ဟု ခေါ်ကြသည်။ အမြင့်ပေ ၁၀၀၀၀ ရှိသော တောင်ပေါ်မှ ကျဉ်းမြောင်းသည့် လျှိုများကို ဖြတ်ကာ စီးဆင်းရသည့် နေရာများ ရှိသောကြောင့် နျူမြစ်သည် မကြာခဏ ကြမ်းတမ်းပြီး ကြောက်စရာ ကောင်းလေ့ ရှိပါသည်။
“ရင်ဆိုင်ကြုံတွေ့ ခဲ့ရတာကို ပြောရမယ် ဆိုရင်တော့ ဒီ ဒေါသကြီးတဲ့မြစ် (နျူမြစ်) ရဲ့ ရိုင်းစိုင်းကြမ်းတမ်းမှုကို ဧရာမ လှိုင်းလုံးကြီးတွေ၊ အလွန်နက်ရှိုင်းတဲ့ တွင်းနက်ရှိတွေ ရှိတယ် ဆိုရုံနဲ့ ဖော်ပြလို့ မလုံလောက်နိုင်ဘူး” ဟု ၁၉၉၆ ခုနှစ်က တရုတ် နိုင်ငံ ယူနန်ပြည်နယ် အတွင်း နျူမြစ် တလျောက်ရှိ Gongshan မြို့မှ အောက်ဘက် Fugong မြို့အထိ စုစုပေါင်း မိုင် ၈၀ ခန့် လှော်ခတ် ခရီးနှင်ခဲ့သည့် အမေရိကန် အပျော်ဖောင်စီး အသင်းမှ အဖွဲ့ဝင်တယောက်က ရေးသားခဲ့သည်။
နျူမြစ်သည် လီဆူး၊ နျူ၊ ဘိုင် နှင့် တခြားတိုင်းရင်းသားများ နေထိုင်ကြရာ နယ်မြေများကို ဖြတ်စီးခဲ့သည်။ တရုတ်နိုင်ငံရှိ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် တခုဖြစ်သော ယူနန် မြစ်သုံးသွယ် ကာကွယ်ရေး ဧရိယာတွင် ယန်ဇီ (Yangtze) မြစ်၏ အထက်ပိုင်းနှင့် Lancang (မဲခေါင်) မြစ်တို့နှင့် နီးကပ်စွာ စီးဆင်းခဲ့ပြီး ထင်ရှားသည့် ဇီဝ အမျိုးအစားများနှင့် ရှုချင်စဖွယ် ကောင်းသည့် တောတောင်ရေမြေ သဘာဝ ပတ်ဝန်းကျင်များ ရှိသည့်နေရာလည်း ဖြစ်သည်။
နျူမြစ်သည် မြန်မာနိုင်ငံ အရှေ့မြောက်အရပ် ရှမ်းပြည်နယ်တွင်းသို့ သံလွင်မြစ်အဖြစ် စတင်ဝင်ရောက် လာခဲ့ပြီး စီးဝင်ပြီး ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်နေသည့် စစ်ပွဲများ အပြင် မြင့်မား မတ်စောက်သည့် တောတောင်များကြောင့် လူသူ အရောက်အပေါက် နည်းသည့် ဒေသများကို ဖြတ်သန်း စီးဆင်းခဲ့ပါသည်။ ပထမပိုင်းခရီးစဉ် အဖြစ် ရှမ်းပြည်နယ်၏ ဝေးလံ ခေါင်သီသည့် လျှိုမြောင်ကြီးများကို ဖြတ်စီးခြင်း အချိန် မြစ်ကို အညိုရောင် ပုံရိပ်တခုအဖြစ် ရှားရှားပါးပါး မြင်တွေ့ရသည်။
မြန်မာနိုင်ငံတွင်းရှိ ကယားနှင့် ကရင်ပြည်များ အတွင်းသို့ မဝင်ရောက်မီ မိုင် ၁၂၀ ခန့်ကို သံလွင်မြစ်က ထိုင်းနှင့် မြန်မာ နိုင်ငံတို့၏ နယ်နိမိတ် အဖြစ် ပိုင်းခြားပေးထားသည်။ ခရီးစဉ်၏ အဆုံးဖြစ်သည့် မွန်ပြည်နယ် ရောက်ခါနီးသည့် အချိန်တွင် သံလွင်မြစ်၏ ပတ်ဝန်းကျင်တွင် နက်စောက်သော လျှိုမြောင်များ အဖြစ်မှ မြေပြန့် လယ်ယာစိုက်ခင်းများ အဖြစ်သို့ ပြောင်းလဲ သွားသည်။
တရုတ်နိုင်ငံက တိဗက်ရှိ နျူမြစ်၏ အထက်ပိုင်းတွင် ဆည်အသေးစား ၂ ခု ဆောက်လုပ်ခဲ့သည့် ၁၉၉၀ ပြည့်နှစ်များ အထိ သံလွင်မြစ်က လွတ်လပ်စွာ စီးဆင်းခွင့် ရရှိခဲ့သည်။ မြစ် အောက်ဘက်ပိုင်းတွင် ကြီးမားသည့် ဆည်များ ဆက်တိုက် ဆောက်လုပ်ရန် အစီအစဉ်များ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဆိုင်းငံ့ထားခဲ့ပြီး ၎င်းဆည်များ၏ အနာဂတ်က မသေချာ နိုင်သေးဘဲ ရှိနေသည်။
သံလွင် မြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရန် ဆည်ဆောက်လုပ်မည့် စီမံကိန်းများမှာလည်း ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။
လက်ရှိ နောက်ဆုံး အဆိုပြုထားသည့် စီမံကိန်းမှာ ရှမ်းပြည်နယ် တောင်ပိုင်း၌် ဆောက်လုပ်မည့် ၂၄၁ မီတာ အရှည်ရှိ ကြီးမားသည့် မိုင်းတုန်ဆည် ဖြစ်ပြီး အဆိုပါစီမံကိန်း၏ အကျိုးဆက်များက ပြည်သူများနှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် တွင်သာ ဆိုးကျိုး ဖြစ်စေနိုင်သည်သာမက တိုင်းပြည်၏ ထိခတ်လွယ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကိုပါ ထိခိုက် လာမည် ကို စိုးရိမ်သောကြောင့် ရှမ်း၊ ကရင်နှင့် တခြား အရပ်ဖက်လူ့အဖွဲ့အစည်း များက ကန့်ကွက်ခဲ့ကြသည်။
(သြဂုတ်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ပါရှိသော PATRICK BROWN ၏ The Angry River ကို ဆုမွန်ဖြိုး ဘာသာပြန်သည်။)