ရခိုင်ပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီများက မဲဆွယ်စည်းရုံးမှုများကို အပြိုင်အဆိုင် ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
နိုင်ငံရေးပါတီ တချို့က ပါတီကို အဓိကထား၍ ဆန္ဒမဲပေးရန်၊ ပါတီတချို့ကမှု လူကို အဓိကထားပြီး ဆန္ဒမဲ ပေးရန် စည်းရုံး လှုံ့ဆော် မှုများ ပြုလုပ်ကြကြောင်းလည်း သိရသည်။
အင်အားကြီး ပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)က လာမည့် ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းတွင် ပြည် နယ် အစိုးရနှင့် ပြည်နယ် လွှတ်တော်ကို ထိန်းချုပ်နိုင်ရန်အတွက် ၎င်းတို့ ပါတီသည် မဲဆန္ဒနယ်အားလုံး အနိုင်ရရှိရန် လိုအပ်နေ သဖြင့် “လူကိုမကြည့်ဘဲ ပါတီကိုသာကြည့်၍ မဲပေးကြပါ”ဟု ANP ပါတီမှ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ဧရာဝတီသို့ ပြောသည်။
ဦးခိုင်ပြည်စိုးက“ကျနော်တို့ကတော့ ပါတီကိုကြည့်ပြီး မဲပေးဖို့အတွက် တိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရခိုင် ပြည်နယ် မှာ ကြံ့ခိုင်ရေးပါတီကို ပြိုင်နိုင်ဖို့က လူထုထောက်ခံမှုနဲ့ ကြည့်ရင် ANP ပါတီတစ်ခုပဲ ရှိတယ်”ဟု ပြောဆိုသည်။
ANP ပါတီသည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး အပါအဝင် အမတ် နေရာပေါင်း ၇၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟုလည်း ဆိုသည်။
အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)ကလည်း ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး မြို့နယ်များသို့ ဆင်း၍ အပြိုင်အဆိုင် မဲဆွယ်စည်းရုံး နေကြောင်း သိရသည်။
ကြံ့ခိုင်ရေး ပါတီက ပါတီကိုမကြည့်ဘဲ ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်း၊ အရည်အသွေးကို ကြည့်ပြီး မဲပေးကြပါဟု ရခိုင်ပြည်နယ်မှ ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်တချို့က ပြောသည်။
ကြံ့ခိုင်ရေး ပါတီ အမတ်လောင်းတစ်ဦး ဖြစ်သူ ဒေါက်တာ သန်းစိုးက“ကျနော်တို့ ရွာတွေကိုသွားပြီး မဲဆွယ်တဲ့အခါ ရွာသားတွေက ပြောပါတယ်။ သူတို့မှာ ပါတီစွဲ မရှိပါဘူးတဲ့။ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းအပေါ်သာ မူတည်ပြီး မဲပေးမှာလို့ ပြော တယ်။ ကျနော်တို့နိုင်မှပဲ အစိုးရဖွဲ့နိုင်မယ်လေ။ ပြည်သူလူထုရဲ့ အကျိုးအတွက် ဖွံ့ဖြိုးတိုးတက်ရေးတွေကို လုပ်ပေးနိုင်မယ်။ ကျနော် တို့ကလည်း ရခိုင်တိုင်းရင်းသားတွေပဲ။ ကျနော်တို့ကို ပါတီ(ဗဟို)က ထိန်းချုပ်တယ် ဆိုတာကလည်း မဟုတ်ပါဘူး”ဟု ပြောပြသည်။
ဒေါက်တာ သန်းစိုးသည် စစ်တွေမဲဆန္ဒနယ် အမှတ် ၁ တွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးအဖြစ် ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး ၎င်းသည် တပ်မတော် ဗိုလ်မှူးအဆင့်ဖြင့် စစ်ဘက်ဆိုင်ရာ ဆရာဝန်အဖြစ် အငြိမ်းစားယူခဲ့သူ ရခိုင် တိုင်းရင်းသား တဦးလည်း ဖြစ်သည်။
အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကိုယ်စားလှယ် နေရာပေါင်း ၆၂ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး မြို့နယ်တချို့တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်း၊ ရခိုင် ပြည်သူများ အနေဖြင့် တိုင်းပြည် အပြောင်းအလဲကို လိုချင်လျှင် NLD ပါတီကို မဲပေးရန် လိုကြောင်း NLD စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော်က ပြောသည်။
ဦးသင်္ခါကျော်က“ကျနော်တို့ ပါတီဌာနချုပ်က ချမှတ်တဲ့မူဝါဒရှိတယ်။ တိုင်းပြည်အပြောင်းအလဲကိုလိုချင်ရင် ကျနော်တို့ကိုမဲပေး ပါ။ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ တရားဥပဒေစိုးမိုးရေးကို ဦးတည်ပြီး လုပ်မယ်။ ကျနော်တို့က ရခိုင်ပြည်နယ်ကရခိုင်သား လည်း ဖြစ်တဲ့အတွက်အနိုင်ရရင် ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားပြီး လုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်”ဟုလည်း ပြောဆိုသည်။
ရခိုင်ပြည်နယ် အခြေစိုက် ပါတီတစ်ခုဖြစ်သည့် ရခိုင်မျိုးချစ်ပါတီက စစ်တွေမြို့နယ် အပါအဝင် ကျောက်တော်နှင့် မြောက်ဦး မြို့နယ် များသို့ သွားရောက် မဲဆွယ်နေပြီ ဖြစ်ကြောင်း ပါတီခေါင်းဆောင်တဦး ဖြစ်သူ ဦးမောင်မောင်စောက ပြောသည်။
ရခိုင်မျိုးချစ် ပါတီသည် ရခိုင်ပြည်နယ်အတွင်း အမျိုးသားလွှတ်တော် အတွက် ၃ နေရာ၊ ပြည်သူ့ လွှတ်တော် အတွက် ၅ နေရာ၊ ပြည်နယ် လွှတ်တော်အတွက် ၈ နေရာ စုစုပေါင်း ၁၆ နေရာ ဝင်ရောက် အရွေးခံမည် ဖြစ်ကြောင်း သိရသည်။
ဦးမောင်မောင်စောက“ကျနော်တို့ ပါတီကတော့ ရခိုင်ပြည်နယ်ထဲမှာပဲ အဓိကထားပြိုင်တယ်ဆိုတော့ ရခိုင်ပြည်ကိုပဲ အဓိကထား ပြောချင်တယ်။ ရခိုင်ခွင်ထဲက ပေါက်ဖွားလာတဲ့ ပါတီ ၂ ရပ် ရှိတယ်။ APP နဲ့ ANP ပါ။ ဘယ်ပါတီကိုပဲ မဲပေးပေး ရခိုင်ကို မဲပေးခြင်းသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ မဲ မကွဲသွားစေချင်တဲ့ ပြည်သူတွေအနေနဲ့လည်း လူကိုကြည့်ပြီးတော့ မဲပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကိုယ်စားလှယ် နေရာပေါင်း ၄၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် မြို့နယ် အသီးသီးသို့ မဲဆွယ်စည်းရုံးရေးများကိုလည်း လုပ်ဆောင်နေပြီဟု တစည တီ၏ မင်းပြားမြို့နယ် ဥက္ကဋ္ဌ ဦးမောင်နုချေက ပြောသည်။
ဦးမောင်ချေနုက“ကျနော်တို့ မဲဆွယ်စည်းရုံးကတော့ အခက်အခဲ မရှိပါဘူး။ အနိုင်ရဖို့ဆိုတာကလည်း အခြေအနေ ကောင်းပါတယ်။ အနိုင်ရရင် လာဘ်ပေးလာဘ်ယူကို အဓိက တိုက်ဖျက်ပေးမယ်။ အလုပ်သမားတွေ၊ လယ်သမားတွေ ဘဝကို တိုးတက်အောင် လုပ် မယ်။ စည်းရုံးရေးကာလ အခက်အခဲတော့ မရှိပါဘူး။ ဒါပေမယ့် ပြည်သူတွေ ရေဘေးကြောင့် ပျက်စီးသွားတဲ့ လယ်ယာတွေကို အားစိုက် လုပ်နေရတဲ့အတွက် ဟောပြောရတာ၊ လူစုရတာတော့ နည်းနည်း ခက်တယ်”ဟု ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် အဓိက ယှဉ်ပြိုင်ရမည့် ပါတီကြီး ၂ ခုမှာ ရခိုင်လူထု အများစု ထောက်ခံမှုကို ရယူထားသည့် ရခိုင်အမျိုးသား ပါတီနှင့် လက်ရှိ အာဏာရ ကြံ့ခိုင်ရေး ပါတီတို့ ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် အမျိုးသား လွတ်တော်အတွက် ၁၂ နေရာ၊ ပြည်သူ့ လွှတ်တော်အတွက် ၁၇ နေရာ၊ ပြည်နယ် လွှတ်တော် အတွက် ၃၄ နေရာ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ စုစုပေါင်း ၆၄ နေရာ ရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကေ်ာမရှင်ထံမှ သိရ သည်။