အစိုးရက အနည်းဆုံး လုပ်ခလစာ ၃၆၀၀ ကျပ် သတ်မှတ်ပေးပြီးနောက်ပိုင်း ယနေ့အထိ ရန်ကုန်မြို့ရှိ စက်ရုံအလုပ်သမား ၈၀၀၀ ကျော် အလုပ်ဖြုတ် ခံရကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်မှ သိရသည်။
“သမဂ္ဂအဖွဲ့က ၇ ဦး အပါအဝင် အလုပ်သမား ၁၉၆ ဦးကို ကြိုတင် အကြောင်းကြားတာ မရှိဘဲနဲ့ အလုပ်က ဖြုတ်ပစ်လိုက်တယ်။ အကြောင်းပြချက်ကတော့ အထည် အမှာစာတွေ မရလို့ဆိုပြီး ပြောတာပဲ။ ကျမတို့ကိုဖြုတ်ပြီး စက်ရုံထဲက ကျန်ရှိဝန်ထမ်း ၂၄၀ ကျော်ကို ထပ်ဖြုတ်ပစ်တယ်။ အဲဒီထဲမှာ ၁၀ နှစ်၊ ၁၃ နှစ် လုပ်သက်ရှိ ဝန်ထမ်းတွေက အစပါတယ်။ အားလုံးကို စာချုပ်အသစ်နဲ့ ပြန်ခန့်တယ် ပြောတယ်ဆိုပေမယ့် လုပ်သက်ရှိ ဝန်ထမ်းတွေကလည်း ဝန်ထမ်းအသစ် ပြန်ဖြစ်သွားရတယ်” ဟု လှိုင်သာယာ စက်မှုနယ်မြေတွင် ဖွင့်လှစ်ထားသည့် Asia Rose အထည်ချုပ်စက်ရုံ အခြေခံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မသန္တာမိုးက ဧရာဝတီကို ပြောသည်။
အနည်းဆုံး အခကြေးငွေ ဥပဒေ မပြဋ္ဌာန်းခင်ကာလက စက်ရုံအလုပ်ရုံ ၂၀၀ ကျော်မှ လုပ်ငန်းရှင်များက အခြေခံလစာကို ၃၆၀၀ ကျပ်အထိ သတ်မှတ်မည်ဆိုပါက စက်ရုံပိတ်သိမ်းဖွယ်ရှိကြောင်း စာဖြင့် အကြောင်းကြားခဲ့သော်လည်း လက်တွေ့တွင် စက်ရုံငယ် ၂၀ ခန့်သာ အလုပ်ပိတ်သိမ်းမှုရှိကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက ပြောဆိုသည်။
စက်တင်ဘာ ၁ ရက်မှ စတင်အကျုံးဝင်ပြီဖြစ်သည့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက် ဥပဒေအရ နိုင်ငံတဝှမ်းရှိ ၁၅ ဦးနှင့်အထက် ဝန်ထမ်းဦးရေရှိ လုပ်ငန်းတိုင်းသည် တရက်တာ ၈ နာရီ လုပ်အားခအတွက် အခြေခံလစာ ၃၆၀၀ ကျပ် ပေးရမည် ဖြစ်သည်။
သို့သော် ထိုဥပဒေ အတည်ပြုပြီးနောက်ပိုင်း စက်ရုံအလုပ်ရှင် အများစုက “ကြိုတင်အမှာစာများ မရ” ဟူသော အကြောင်းပြချက်ဖြင့် အလုပ်သမားများကို နစ်နာကြေးပေး၍ အလုပ်မှ ဖြုတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ တောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးဇာနည်သွေးက “ရွေးကောက်ပွဲ အကြိုကာလမှာ အလုပ်ရှင်၊ အလုပ်သမားတွေ ထိပ်တိုက်တွေ့မယ့် အပြုအမူမျိုး ဖြစ်လာမှာ စိုးရိမ်တယ်။ ဒါကြောင့် ငြိမ်းချမ်းစွာ အဖြေရှာမယ့်ကိစ္စမျိုး လုပ်မယ်။ အလုပ်ရှင်တွေ ဘက်ကလည်း ဥပမာ အခွန်ကြောင့်လား၊ ဘာကြောင့်လဲ ဆိုတာမျိုး ကျနော်တို့ကို လာဆွေးနွေးရင် အစိုးရကို ပြန်ဆွေးနွေးပေးမှာပါ။ အခုက အခြေခံလစာ ၃၆၀၀ သတ်မှတ်လိုက်ပြီး နောက်ပိုင်း အလုပ်သမားတွေကို လျှော့ချလိုက်တာ ရန်ကုန်မှာတင် ၈၀၀၀ ကျော်ရှိတယ်။ မန္တလေးမှာ ရာဂဏန်းလောက် ရှိတယ်။ ဒီထက်တော့ ပိုမတိုးလာနိုင်ဘူးလို့ ယူဆပါတယ်” ဟု ပြောဆိုသည်။
အလုပ်သမားများ လျှော့ချမှုနှင့် ပတ်သက်ပြီး ယနေ့တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ တောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (AFFM-IUF) ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇာနည်သွေးက ပြောဆိုခြင်းဖြစ်သည်။
အလုပ်ဖြုတ်ခံရသည့် အလုပ်သမားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ရှာဖွေပေးရန် အစိုးရအဖွဲ့နှင့် တိုင်ပင်ထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းရှင် တချို့က ထိုအလုပ်သမားများကို အလုပ်ခန့်ထားပေးမည်ဟု သဘောတူညီထားသည်ဟု ၎င်းက ဆက်ပြောသည်။
မြန်မာလုပ်ငန်းရှင်တဦး ပိုင်ဆိုင်သည့် Asia Rose အထည်ချုပ် စက်ရုံကို ဖွင့်လှစ်ထားသည်မှာ ၁၃ နှစ်ကျော်ပြီ ဖြစ်သော်လည်း အဆိုပါ လုပ်ငန်းရှင်က အစိုးရ၏ အခြေခံလစာ ၃၆၀၀ ကျပ်နှုန်းထား ထွက်ပေါ်လာပြီးနောက်ပိုင်း ဝန်ထမ်းများကို ကြိုတင် အကြောင်းကြားစာ မထုတ်ပြန်ဘဲ အလုပ်မှ ဖြုတ်ပစ်ကာ နစ်နာကြေးများ ပေးခဲ့ကြောင်း၊ ယင်းလုပ်ရပ်အပေါ် မကျေနပ်ကြသည့် အလုပ်သမားများက အလုပ်သမား၊ အလုပ်ရှင် ညှိနှိုှု်င်းဖျန်ဖြေရေးအဖွဲ့ ခုံသမာဓိ ကောင်စီသို့ တိုင်ကြားထားသော်လည်း ယနေ့အထိ ပြေလည်မှု မရရှိသေးကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက ပြောဆိုသည်။
“အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက ကျနော်တို့ဆီကို အကြောင်းကြားတာမျိုး လုပ်ပေးရင် ပိုကောင်းပါတယ်။ ကာယကံရှင် ကိုယ်တိုင်မဟုတ်ဘဲ ဆက်သွယ်တာမျိုးတွေ ရှိပေမယ့် ကွင်းဆက်က ပြတ်နေတော့ ကျနော်တို့မှာလည်း သက်ဆိုင်တဲ့ စက်ရုံကို တရားဝင် ဆွေးနွေးလို့ မရတာမျိုးရှိတယ်” ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။
လာမည့် စက်တင်ဘာ ၂၅ ရက်တွင် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို နေပြည်တော်တွင် ပြုလုပ်ရန်ရှိပြီး အလုပ်သမားများ အလုပ်ဖြုတ်ခံနေရသည့်ကိစ္စ၊ လျော်ကြေးကိစ္စ၊ အလုပ်အကိုင်သစ် ရှာဖွေပေးရေး ကိစ္စများနှင့် အလုပ်ခန့်အပ်မှုဆိုင်ရာ သဘောတူ စာချုပ်များ ကိစ္စများ အပါအဝင် အလုပ်ရှင် အလုပ်သမားရေးရာများကို ဆက်လက် ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။