ကုလားတန်မြစ်ဝှမ်း ဒေသဖွံ့ဖြိုးရေး ကုမ္ပဏီ ဒါရိုက်တာ မင်းဦးခိုင် ပိုင်ဆိုင်သော ရန်ကုန်တိုင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း) ရှိနေအိမ်၌ စိတ်ကြွ ဆေးပြား ၂ သန်းနီးပါး(၁၉၂၉၀၀၀) နှင့် ဖန်စီဒိုင်း ပုလင်း ၅၀၀ ကို ထပ်မံဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရ သည်။
ကုမ္ပဏီ ဒါရိုက်တာ မင်းဦးခိုင်သည် ရန်ကုန်မြို့ ဇေကမ္ဘာဝင်းအတွင်း ဖမ်းမိခဲ့သော စိတ်ကြွဆေးပြားပေါင်း ၂၈၂ သိန်းကျော်၏ ပိုင်ရှင် ဟု ယူဆခံထားရသူ ဖြစ်ပြီး ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၁၀ ရပ်ကွက်၊ ဂန္ဓာမာလမ်းရှိ ၎င်း၏ နေအိမ်ကို ရဲတပ်ဖွဲ့ က စက်တင်ဘာလ ၂၁ ရက်တွင် ဝင်ရောက် ရှာဖွေခဲ့ရာ အဆိုပါ မူးယစ်ဆေးဝါးများကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက“စစ်ဆေးမှုတွေက တောက်လျှောက် လုပ်နေတာပဲ။ အကြမ်းဖျင်းအားဖြင့် သူရဲ့ပိုင်ဆိုင်မှုရှိတဲ့အိမ်တွေ ကားတွေ တော်တော်များများလည်း စစ်ဆေးထားတာ ရှိတယ်။ အခုက စစ်ဆေးချက် ပေါ်ပေါက်ချက်ထဲက အမြဲလုပ်နေတဲ့ တခုပဲ။ အဲဒီပေါ်မှာ ထပ်ရှာမယ် ထပ်လုပ်မယ်ပေါ့။ နိုင်ငံဖြတ်ကျော် ဖြစ်နေရင်လည်း ကျနော်တို့က လုပ်မှာပါပဲ။ တရားခံပြေးတွေက ထပ်မိထားတာတွေ ရှိတယ်။ ရဲတပ်ဖွဲ့အနေနဲ့ စစ်ဆေးနေဆဲကာလဖြစ်တဲ့အတွက် သူတို့သည် တရားခံဖြစ်၏ မဖြစ်၏လို့ ပြောလို့မရသေးဘဲ သံသယ ရှိသူ လို့ပဲ သုံးလို့ရမယ်”ဟု ရှင်းပြသည်။
တရားခံ ဟုတ်မဟုတ် စိစစ်ဆဲကာလ ဖြစ်သဖြင့် သတင်းထုတ်ပြန်မည် မဟုတ်သေးကြောင်းလည်း သူက ပြောဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က မူးယစ်ဆေးတရားခံဟု ယူဆရသူ မင်းဦးခိုင်ကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖမ်းဆီးရမိခဲ့ရာ မဲဆောက်မြို့မှ တဆင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းရယူခဲ့ခြင်း ဖြစ်ပြီး ကျန်ရှိနေသည့် တရားခံပြေးများအား ဆက်လက် ဖမ်းဆီးရမိနိုင်ရန် ကွင်း ဆက် လိုက်စုံစမ်းမှုများ ပြုလုပ်နေရသည့်အတွက် ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုများကိုလည်း အမှုဖြစ်စဉ်မှန်အားလုံး ပေါ်ပေါက်ပြီး မှသာ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှုနှင့်ပတ်သက်နေသည်ဟု ယူဆရသည့် ကုလားတန် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး ကုမ္ပဏီ ဒါရိုက်တာ မင်းဦးခိုင် အပါအဝင် ဝင်းလှိုင်၊ ကျော်အေးလှိုင်၊ ကျော်လှိုင်၊ လှမောင်၊ မောင်ဝင်း၊ စိုးရှင်း(ခ)အားရှင်၊ ရန်ရှောက်ဟွာ၊ မြတ်နှင်းအေး၊ သန်းမြင့်၊ နှင်းအေးငြိမ်း၊ သန်းရွှေ စုစုပေါင်း ၁၂ ဦးကို တရားခံပြေးများ အဖြစ် ဇူလိုင်လ ကတည်းက ကြေညာခဲ့ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀ ဖြင့် အမှုဖွင့်ထားသည်။
အဆိုပါအမှုတွင် အဓိက ပါဝင်ပတ်သက်နေသည့် တရားခံပြေး မင်းဦးခိုင်ကို စက်တင်ဘာ ၁၅ ရက်တွင် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ မှတဆင့် ဖမ်းဆီးမိခဲ့ပြီးနောက် ကျန်ရှိနေသည့် တရားခံပြေးများကိုလည်း ဖမ်းမိနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက မင်္ဂလာဒုံ စက်မှုဇုန် နယ်မြေ(ဇေကမ္ဘာဝင်း)အတွင်း၌ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၂၆ ဒသမ ၇ သန်း (တန်ဖိုးငွေ ကျပ် ၁၃၃ ဒသမ ၅ ဘီလီယံ) တင်ဆောင်ထားသည့် ကားတစီးကို နယ်မြေခံ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ကားပိုင်ရှင်အား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက ပိုင်ဆိုင်သည့်ကား ဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။
ထို့ကြောင့် အဆိုပါ ရုံးချုပ်၊ ကုမ္ပဏီရုံးခွဲနှင့် ၎င်းတို့၏ နေအိမ်များကို ဩဂုတ် ၃ ရက်က ရှာဖွေစစ်ဆေးရာတွင် ၎င်းတို့သည် နေအိမ်နှင့် ရုံးများကို သော့ပိတ် ထွက်ပြေး တိမ်းရှောင်သွားကြောင်း၊ ရုံးချုပ် အခန်းအတွင်းမှ ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်ထားသော စိတ်ကြွဆေးပြား ၁ ဒသမ ၅ သန်း (တန်ဖိုးငွေ ၇ ဒသမ ၅ ဘီလီယံ) ကို ထပ်မံ သိမ်းဆည်းရမိခဲ့သည်။