ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း (Koh Tao) လူသတ်မှု၌ ပေါက်တူးရိုးပေါ်မှ တွေ့ရှိရသည်ဆိုသော ထိုင်းရဲတပ်ဖွဲ့၏ မျိုးဗီဇ(DNA) စစ်ဆေး တွေ့ရှိချက်သည် ယုံကြည်နိုင်သည့် အဆင့်မရှိကြောင်း တရားခံပြသက်သေ မှုခင်းဆရာဝန်က ယနေ့ ထွက်ဆိုသည်ဟု သိရသည်။
လိပ်ကျွန်းအမှု ရုံးချိန်းကို ကော့စမွေ တရားရုံး၌ ယနေ့ ပြန်လည်စစ်ဆေးရာ၌ တရားခံပြသက်သေ မှုခင်းဆရာဝန်က ထိုင်းရဲတပ်ဖွဲ့၏ DNA သည် မြန်မာနိုင်ငံသား ၂ ဦး၏ DNA မဟုတ်ကြောင်း ထွက်ဆိုခဲ့သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦး၏ အကျိုးဆောင် ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောပြသည်။
DNA စစ်ဆေးမှုသည် သာမန်အားဖြင့် ရက် ၂၀ ကြာမြင့်ပြီး အရေးပေါ်ဆိုပါက ၁၀ ရက် ကြာမြင့်လေ့ရှိကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က တင်ပြလာသည့် DNA စစ်ဆေးချက် ရလဒ်သည် ၃ ရက်သာ ကြာသဖြင့် ယုံကြည်လောက်သည့် အဆင့်တွင် မရှိကြောင်း မှုခင်းဆရာဝန် က ပြောဆိုသည်ဟုလည်း ၎င်းက ပြောသည်။
“သုံးလေးရက်တည်းနဲ့ရတဲ့ DNA ဟာ ယုံကြည်လောက်တဲ့ အဆင့်မရှိဘူးဆိုတာ ပေါ်လွင်တဲ့ အချက်ပါ။ အရေးပေါ် စစ်ပေးရမယ် ဆိုရင် ၁၀ ရက် လောက်ကြာတယ်။ သာမန်ဆိုရင် ရက် ၂၀ လောက် ကြာတယ်ဆိုတာ ဆရာဝန်ကိုယ်တိုင် ပြောသွားတာပါ”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောဆိုသည်။
လိပ်ကျွန်းအမှု လူသတ်တရားခံများအဖြစ် စွပ်စွဲဖမ်းဆီးခံထားရသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်း တို့၏ DNA ကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် ရယူပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် တူညီကြောင်း ဖော်ပြသည်ကို အမှုတွဲ မှတ်တမ်း တွင် တွေ့ရှိရသည်ဟု ၎င်းက ဆက်ပြောသည်။
ကော့စမွေ တရားရုံးတွင် ပြုလုပ်သည့် ယနေ့ရုံးချိန်းကို ထိုအမှုအား ဦးဆောင်စစ်ဆေးခဲ့သော ထိုင်းရဲမှူးကြီး ကိုယ်တိုင် တက်ရောက် နားထောင်ပြီး သေဆုံးသူနှစ်ဦး၏ မိဘများ၊ စွပ်စွဲခံ တရားခံ နှစ်ဦး၏ မိဘများလည်း တက်ရောက်ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဗဟိုမှုခင်း ဆေးပညာသိပ္ပံ (Central Institute of Forensic Science – CIFS) ၏ နာမည်ကျော် ထိုင်းမှုခင်း ဆေးပညာ ဆိုင်ရာ ကျွမ်းကျင်သူ အမျိုးသမီး ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်က ပေါက်တူးရိုးပေါ်တွင် တွေ့ရှိရသော DNA သည် စွပ်စွဲဖမ်းဆီး ထားသည့် မြန်မာ ၂ ဦး၏ DNA မဟုတ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက် ရုံးချိန်းတွင် ထွက်ဆိုထားသည်။
“ကျမတို့အဖွဲ့က တွေ့ရှိခဲ့တာက လူသတ်လက်နက်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားတဲ့ ပေါက်ပြားပေါ်မှာ တွေ့ရတဲ့ DNA က စွပ်စွဲခံနေ ရသူ ၂ ဦးရဲ့ DNA နဲ့ မတူပါဘူး။ အမျိုးအမည်မသိ ယောက်ျားတယောက်ရဲ့ DNA ဖြစ်ပါတယ်။ တခြားသူတွေရဲ့ DNA တွေလည်း ကျမတို့ ရဖို့လိုပါတယ်။ စွပ်စွဲခံနေရသူတွေ မဟုတ်တဲ့ ဘယ်သူမှန်းမသိတဲ့ အမျိုးသားတယောက်ရဲ့ DNA ကိုပဲ ကျမတို့ တွေ့ခဲ့တာပါ” ဟု ဒေါက်တာ ပွန်းထစ်က ဧရာဝတီ၏ သီးသန့် ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံသား ရခိုင်လူငယ် နှစ်ဦးဖြစ်သည့် မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့သည် လိပ်ကျွန်းတွင် အလုပ်လုပ်ကိုင် နေ သူများဖြစ်ကြပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာ (David Miller) နှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ဂျ် (Hannah Witheridge) တို့ နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး စွပ်စွဲဖမ်းဆီး ခံထား ရသူများ ဖြစ်သည်။