ထိုင်း ရုပ်သံလိုင်းများနှင့် Youtube ကဲ့သို့သော အင်တာနက်ကေဘယ်လိုင်းများပေါ်တွင် အမျိုးသမီးများ မလုံတလုံဝတ်ကာ စီးပွားရေးကြော်ငြာများ ထုတ်လွှင့်နေမှုနှင့် ပတ်သက်၍ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ ထိုင်းအမျိုသား ရုပ်သံနှင့် ဆက်သွယ်ရေး ကော်မရှင် (NBTC )ကို ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
အဆိုပါ မသင့်လျှော်သော ကြော်ငြာများနှင့် ပတ်သက်၍ တိုင်ကြားချက်များကို ယဉ်ကျေးမှု ဝန်ကြီးဌာနအနေနဲ့ ရရှိထားပြီး ဒါနဲ့ပတ်သက်လို့ ဘယ်ပုံဘယ်နည်း ထိန်းချုပ်သွားမလဲဆိုတာကို ထိုင်းအမျိုသား ရုပ်သံနှင့် ဆက်သွယ်ရေး ကော်မရှင် (NBTC )နဲ့ တွေ့ဆုံကာ တွေ့ဆုံဆွေးနွေး သွားမယ်လို့ ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် Apinan Poshyananda မနေ့က ပြောဆိုလိုက်ပါတယ်။
ထိုင်းအမျိုသား ရုပ်သံနှင့် ဆက်သွယ်ရေး ကော်မရှင်(NBTC) ဆင်ဆာနဲ့ ပတ်သက်ရင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာမျိုး မရှိဘူးလို့လည်း Apinan Poshyananda ဆိုပါတယ်။
အခုဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေက သူတို့ရဲ့ လုပ်ငန်းကြော်ငြာတွေကို ရုပ်မြင်သံကြား ပရိတ်သတ် စိတ်ဝင်စားအာရုံစိုက်လာအောင် အဝတ်အစားများ မပေါ်တပေါ်ဝတ် ကာ ကြော်ငြာလာကြောင်း၊ ဓာတ်မြေသြဇာလုပ်ငန်းကြော်ငြာတခုဆို လျှင် လိင်ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတဦးကို သုံးကာကြော်ငြာနေကြောင်း၊ ဒါတွေကို ခွင့်ပြုလိုက်မယ်ဆိုရင် ကလေးသူငယ်များအတွက်မကောင်းကြောင်း ဆက်ပြောပါတယ်။
ထို့အပြင် ဝက်ဘ်ဆိုဒ်များ၊ မိုဘိုင်းလ်ဆိုဒ်များနှင့် လူမှုကွန်ရက် ဖေစ်ဘွခ်ပေါ်၌ လိင်အသားပေးပုံများသုံးကာ ကုန်ပစ္စည်းများရောင်းချနေမှုနှင့် ပတ်သက်ပြီး ထိန်းချုပ်ဖို့ သတင်းနှင့်ဆက်သွယ်ရေး နည်းပညာဝန်ကြီးဌာန(ICT) ကိုလည်း ဆက်သွယ်အကူအညီတောင်းသွားမည်ဖြစ်ကြောင်းသိရသည်။
အာမခံလုပ်ငန်းအပါအဝင် တခြားသော လုပ်ငန်းရှင်အများအပြားကတော့ ဒီလိုမျိုး လိင်ဆွဲဆောင်မှုရှိတဲ့ ကြော်ငြာတွေကို အသုံးမပြုပေမယ့်၊ တချို့သော လုပ်ငန်းရှင်တွေက အသုံးပြုတဲ့အတွက် တာဝန်ယူမှု ရှိသင့်တယ်လို့လည်း အမြဲတမ်းအတွင်းဝန် Apinan Poshyanandaက ပြောဆိုသွားပါတယ်။