ဘန်ကောက်ဗုံးခွဲမှုနှင့် ပတ်သက်ပြီး မသင်္ကာသူ ဝိဂါမွတ်ဆလင် ၄ ဦးအပါအဝင် လူ ၈ဦးကို မလေးရှားရဲ တပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ မလေးရှားရဲတပ်ဖွဲ့ ပြောဆိုချက်ကို ကိုးကား Bangkok Post သတင်းတွင် ရေးသားထားပါတယ်။
၎င်းတို့ ၈ဦးမှာ လူကုန်ကူးသူ မလေးရှား ၄ ဦးပါဝင်ပြီး လွန်ခဲ့သည့် တပတ်ကတည်းက ကွာလမ်လမ်ပူနှင့် မြောက်ပိုင်းရှိ ကီလမ်တန်ပြည်နယ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ မလေးရှားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ့ နူဟာ ရာရှစ် အီဗရာဟင်က ဆိုပါတယ်။
ဝိဂါ ၄ဦးကတော့ထိုင်းကတဆင့် မလေးရှားထဲ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ သူတို့မှာ နိုင်ငံကူးလက်မှတ်ရှိတယ်လို့ ဆိုတဲ့အတွက် အတု အစစ်မခွဲခြားရသေးဘူး၊ သူတို့ကို စစ်ဆေးဆဲ ဖြစ်ပြီး ဗုံးပေါက်ကွဲမှုများ တိုက်ရိုက်ပါဝင်ပတ်သက်တဲ့ အထောက်အထားမတွေ့သေးဘူး၊ ခိုင်မာတဲ့ သက်သေ မပြနိုင်သေးဘူးလို့ ဒု ရဲချုပ်က ဆိုပါတယ်။ ဒါပေမယ့် အသေးစိတ်ပြောဖို့တော့ သူက ငြင်းပါတယ်။
ဒီသံသယရှိသူတွေကို ထိုင်းရဲတပ်ဖွဲ့ကို လွှဲအပ်ဖို့ ဆိုရင် သူတို့ရဲ့ ပါဝင်ပတ်သက်မှု အထောက်အထားတွေ ပြသနိုင်ဖို့ လိုတယ်လို့သိရပါတယ်။