ရှမ်းနိုင်ငံရေး ပါတီများ ဖြစ်ကြသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်(SNLD)ကို ရွေးကောက်ပွဲ ဥပဒေများနှင့် ငြိစွန်းသည့် ပုတ်ခတ် ပြောဆိုမှုများ ပြုလုပ်သည်ဟု စွပ်စွဲပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)သို့ စက်တင်ဘာလ ၂၂ ရက်က တိုင်ကြားထားကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းတဦး ရွေးကောက် တင်မြှောက်ခံရရေးအတွက် ပါတီတခုခုကို ဖြစ်စေ၊ ပုဂ္ဂိုလ်တဦးဦးကိုဖြစ်စေ အကြမ်းဖက်ခြင်း၊ မမှန်မကန် စွပ်စွဲခြင်း၊ ရေသားခြင်း၊ အများပြည်သူ ဆူပူမှု ဖြစ်စေရန် ဖန်တီးခြင်းတို့ကို တရားမဲ့ ပြုကျင့်မှုဟု သတ်မှတ်ထားသည်။
ကျားဖြူ ပါတီ ဟုလည်း ခေါ်ဆိုသော SNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က“SNDP ရဲ့ ရပ်တည်ချက် အနေ အထား ကို ပုတ်ခတ် ပြောကြားတဲ့ အနေအထားတွေပါလို့ ဥပဒေနဲ့ ငြိစွန်းတယ်။ Code of Conduct နဲ့ ငြိစွန်းတယ်။ ဒီအတိုင်းသာ နေမယ်ဆိုရင် သူတို့မဟုတ်မဟတ် လုပ်ကြံ စွပ်စွဲတာကို တကယ်တမ်း ဖြစ်နေတဲ့ပုံစံမျိုး ပြည်သူတွေ အထင်ရောက်သွားမှာစိုးလို့ လုပ်သင့်လုပ်ထိုက်တာ တုံ့ပြန်သင့်တာကို တုံ့ပြန်တာ”ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခွင့်ရသည့် စက်တင်ဘာ ၈ ရက်တွင် SNLD ပါတီသည် ရှမ်းပြည်နယ် ပင်လုံမြို့ ပိဋကတ်ကျောင်း တိုက်တွင် ဟောပြောပွဲတခု ပြုလုပ်ခဲ့ရာ ယင်းပွဲတွင် SNLD ပါတီက ဖိတ်ကြားထားသည့် ရှမ်းစာပေပညာရှင်တဦးက ဟောပြော ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းစာပေပညာရှင်မှာ SNLD ပါတီဝင် မဟုတ်သဖြင့် တာဝန်ယူရန်မရှိကြောင်း SNLD ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။
ဦးစိုင်းလိတ်က“ထူးခြားချက်လေးတခု ရှိတာကတော့ ရှမ်းစာပေပညာရှင်တဦးကို ဖိတ်ကြားထားပါတယ်။ အဲဒီတော့ အလွတ် သဘော သူ့ဘာသာသူပြောဆို ဆွေးနွေးသွားတာတွေ ရှိတယ်။ သူက ပါတီဝင် မဟုတ်ပါဘူး။ သူ့သဘောနဲ့သူ ပြောသွားတာတွေက ကျနော်တို့ ပါတီအနေနဲ့ တာဝန်ယူဖို့ မရှိဘူး”ဟု ပြောသည်။
ထိုနေ့က ပင်လုံမြို့၊ ပင်လုံကျောက်တိုင်ရှေ့တွင် ဖက်ဒရယ်စနစ်ရရှိရေးအတွက် SNLD ပါတီဝင်များက ကတိကဝတ် ပြုခဲ့ကြပြီး နောက် ယင်းဟောပြောပွဲကို ဆက်လက်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့နယ် SNDP အထွေထွေ တာဝန်ခံ ဦးစိုင်းကျော်မောင် ကမူ“၂၀၁၀ ရွေးကောက်ပွဲအရ ကျနော်တို့ တချို့သောပုဂ္ဂိုလ် တွေက ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေဖြစ်တယ်။ တချို့က ပြည်နယ်တိုင်း အစိုးရအဖွဲ့ဝင်တွေ ဖြစ်နေတဲ့ဟာကို သူတို့(SNLD)က ဘာပြောလဲဆိုတော့ အဲဒီမှာ မြေယာသိမ်းမှုတွေနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် အခု မလုပ်ပေးသလဲ။ ၂၀၁၅ ပွဲအောင်မှ လုပ်ပေး မလားဆိုတဲ့ အဲဒါလည်း တော်တော် ထိခိုက်တယ်ဗျ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲနိုင်ခဲ့တဲ့အပေါ်မှာ သူက ပခုံးနင်း၊ ခေါင်းနင်းပြီးတော့မှ မဲဆန္ဒနယ်တွေ ယူခဲ့တယ်။ အောင်လာတဲ့အခါကျတော့ ပြည်သူလူထုအတွက် ဘာမှမလုပ်ပေးဘူး ဆိုတဲ့အချက်တွေ ပါတယ်”ဟု ပြောပြ သည်။
ထိုသို့ SNLD ၏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများပါသည့် ဟောပြောမှုများကို SNDP ပါတီဝင်များက ဗီဒီယို ရိုက်ကူးထားပြီး တိုင်ကြားပေး ရန် SNDP ပါတီ အဖွဲ့ချုပ်သို့ ပြောကြားလာသဖြင့် UEC နှင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အသီးသီးသို့ တိုင်ကြားစာ ပို့ရခြင်း ဖြစ်ကြောင်း၊ ဗီဒီယိုဖိုင်ကိုလည်း သက်သေခံအဖြစ် တိုင်ကြားစာနှင့်အတူ ပူးတွဲ တင်ပြလိုက်ကြောင်း SNDP အဖွဲ့ချုပ် ညွှန်ကြားရေးမှူး နန်းသန်းသန်းရွှေက ပြောသည်။
ယခုကဲ့သို့ ပြဿနာ ဖြစ်ပွားရသည့် ရှမ်းနိုင်ငံရေး ၂ ပါတီသည် တပါတီတည်း ပူးပေါင်းရန်အတွက် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြသော်လည်း မူဝါဒသဘောထားချင်း မတိုက်ဆိုင်မှုများကြောင့် ယနေ့အချိန်အထိ မပေါင်းစည်းနိုင်သေးဘဲ ဖြစ်နေသည်။
ထို့အပြင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း နှစ်ပါတီစလုံးက ရှမ်းပြည်နယ်တွင် အဓိကထား ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ် သည်။
SNDP သည် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၇၅ နေရာအထိ အနိုင်ရရှိခဲ့ပြီး တတိယ ကိုယ်စားလှယ် အများဆုံး ပါတီ ဖြစ်လာခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင်လည်း လွှတ်တော်အရပ်ရပ်အတွက် ကိုယ်စားလှယ်လောင်း ၂၀၇ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရ သည်။
SNLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြီးပါက ဒုတိယ အများဆုံး ကိုယ်စားလှယ် ရရှိခဲ့သည့် ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၅၈ ဦး ဝင်ပြိုင်မည်ဖြစ်ပြီး ရှမ်း၊ ကချင်၊ ကယားနှင့် မန္တလေးတိုင်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း SNLD က ပြောသည်။