ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)တို့ကြား တိုက် ပွဲ ဖြစ်ပွားနေစဉ် တိုက်ပွဲအတွင်း သက်ကြီးရွယ်အိုနှင့် မသန်စွမ်း ၂၂ ဦး ထွက်မပြေးနိုင်ဘဲ ပိတ်မိနေကြောင်း သတင်းရရှိသည်။
တပ်မတော်နှင့် KIA တို့သည် စက်တင်ဘာလ ၁၉ ရက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တပ်မတော် စစ်ကြောင်းများမှ လိုင်ကာ-ဇွပ်ဂျာ ကျေးရွာအနီးရှိ KIA တပ်စခန်းများကို ဓာတ်ပုံရိုက်မည်ဟုဆို၍ တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဒေသခံများက ဧရာဝတီသို့ ပြောသည်။
မိုင်းခေါင် စစ်ပြေးရှောင် ဒုက္ခသည် စခန်းတာဝန်ခံ ဦးနော်မိုင်က“ပြေးတဲ့သူတွေ အားလုံး အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာ ရ တော့ ကျန်နေတဲ့သူတွေက မသန်စွမ်းဘူး။ ဖျားနေတဲ့ သက်ကြီးရွယ်အိုတွေဆိုတော့ ဘယ်သူမှ မလာနိုင်တော့ ကျန်ခဲ့တာပါ”ဟု ဧရာဝတီကို ပြောသည်။
သက်ကြီးရွယ်အိုနှင့် မသန်စွမ်း စုစုပေါင်း ၂၂ ဦးသည် စက်တင်ဘာလ ၂၀ ရက်က ရွာများအတွင်းတွင် ကျန်နေခဲ့ခြင်း ဖြစ်သည်ဟု လည်း ဦးနော်မိုင်က ပြောသည်။
ဒုက္ခသည်စခန်း ကယ်ဆယ်ရေး တာဝန်ခံများနှင့် အဖွဲ့အစည်းများက ကျန်နေသူများကို ကယ်ဆယ်ရန် ဆောင်ရွက် သော်လည်း တိုက်ပွဲ ဖြစ်ပွားနေသည့် ရွာများတွင် တပ်မတော် စစ်ကြောင်းများက နေရာယူထားပြီ ဖြစ်သဖြင့် သွား၍ မရတော့ဟု သိရသည်။
တိုက်ပွဲအတွင်း ပိတ်မိနေသူများနှင့်ပတ်သက်၍ အရပ်သား စောင့်ရှောက် ကာကွယ်ရေးအဖွဲ့မှ တာဝန်ခံ ဦးဆလိုင်းအိုက်ဇက်ခင် ကလည်း“ကျနော်တို့ တပ်မတော်နဲ့ရော KIA နဲ့ရော နှစ်ဖက်စလုံးနဲ့ ညှိနှိုင်း နေပါတယ်။ ကျန်နေတဲ့သူတွေကို ကယ်ဖို့ ဆွေးနွေးနေပါတယ်။ အခုက အန္တရာယ်များလို့ အသေးစိတ် ထုတ်မပြောနိုင်သေးပါဘူး”ဟု ပြောသည်။
တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် မန်စီမြို့နယ်အတွင်းရှိ လိုင်ကာ-ဇွပ်ဂျာ ကျေးရွာ၊ ခပရာယန် ကျေးရွာ၊ ကုန်ခါပါ ကျေးရွာ၊ မုန်းလူကျေးရွာနှင့် ဂျေဆောန်း ကျေးရွာတို့မှ အိမ်ခြေ ၆၂ အိမ်မှ ဒေသခံ ၂၀၀ ကျော် စစ်ပြေးရှောင် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည် ဟု သိရသည်။
ထိုရွာများသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း တပ်မတော်နှင့် KIA အကြား တိုက်ပွဲ ဖြစ်ပွားရာတွင် စစ်မြေပြင် ဖြစ်ခဲ့သည့် နေရာများဖြစ်သည်။
စစ်ပြေးဒုက္ခသည်တဦးဖြစ်သူ ကုန်ခါပါ ကျေးရွာမှ ဒေါ်နန့်ဘန်းက“ဘာမှ ယူချိန်မရဘူး၊ စစ်ကြောင်းတွေ ဝင်လာပြီ ကြားတာနဲ့ ကျမ တို့ အကုန် အဝတ်တထည် ကိုယ်တခုနဲ့ပဲ ပြေးလာကြတယ်”ဟု ပြောပြသည်။
ဒေါ်နန့်ဘန်းက ၎င်းတို့နှင့် အတူ ပြေးလာသည့် ဒေသခံ ၁၃၉ ဦးရှိပြီး ရွာသူကြီးများသည် တပ်မတော် စစ်ကြောင်းများ ဝင်လာလျှင် ရှင်းပြရန် ကျန်နေခဲ့ကြောင်း၊ ရွာသူ ရွာသားများကိုမူ ထွက်ပြေးခိုင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း ဆက်ပြောသည်။
ဂျေဆောန်း ကျေးရွာမှ မဆိုင်းဂျာက“စစ်ကြောင်းတွေနဲ့ မတိုးအောင် တောထဲမှာ ရှောင်ပြီး လာခဲ့ရပါတယ်။ မနက် ၁၀ နာရီက စ လမ်းလျှောက်တာ ၃ နာရီမှ ရောက်တယ်”ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားရာမှ ထွွက်ပြေးလာသည့် စစ်ရှောင်ဒုက္ခသည် ၂၀၀ ကျော်ကို မန်စီမြို့နယ်၊ မိုင်းခေါင် ကျေးရွာရှိ စစ်ရှောင် ကယ်ဆယ် ရေးစခန်းများတွင် ကယ်ဆယ်ထားသော်လည်း ထိုစခန်းများတွင် ၂၀၁၃ ခုနှစ်ကတည်းက နေထိုင်နေသည့် စစ်ရှောင်ဒုက္ခသည်များလည်း ရှိနေသဖြင့် နေရာထိုင်ခင်းများ မလုံလောက်ဟု ဒုက္ခသည်များက ပြောသည်။
မိုင်းခေါင် စစ်ရှောင် ဒုက္ခသည်စခန်းတွင် လူဦးရေ ၁၃၀၀ ကျော် ခိုလှုံနေသည်ဟု ဆိုသည်။
တပ်မတော် စစ်ကြောင်းများသည် မန်စီမြို့နယ် တလျှောက်လုံးတွင် တပ်စခန်းများ ချထားပြီး မိုင်းခေါင် စစ်ရှောင် ဒုက္ခသည်စခန်း၏ အနီးတွင်လည်း တပ်စခန်းတခုချထားပြီး လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်သံများလည်း ကြားနေရကြောင်း၊ မိုင်းခေါင် စစ်ရှောင် ဒုက္ခသည်စခန်းသည် တိုက်ပွဲ ဖြစ်ပွားရာ ရှေ့တန်းစခန်းများနှင့် ၄ ဖာလုံခန့်သာ ကွာဝေးကြောင်းလည်း သိရသည်။
၂၀၁၁ ခုနှစ်မှ စ၍ တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် ကချင်ပြည်နယ် အနှံ့အပြားရှိ စစ်ရှောင်စခန်း များတွင် နေထိုင်နေရသည့် ဒုက္ခသည် တသိန်းခွဲခန့် ရှိကြောင်း သတင်းများတွင် ဖော်ပြကြသည်။