ပြည်တွင်း၌ အိမ်ထောင်စုစာရင်းရှိရာ မူလမဲဆန္ဒနယ် ပြင်ပတွင် ရောက်ရှိနေသူများ လက်ရှိနေထိုင်ရာ မဲဆန္ဒနယ်၌ မဲပေးနိုင်ရေး အတွက် လျှောက်ထားခွင့် ပြုထားသော်လည်း လျှောက်ထားသူ နည်းပါးနေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ပြောသည်။
ထိုသူများသည် ရက်ပေါင်း ၁၈၀ ထက်မနည်း မူလမဲဆန္ဒနယ် ပြင်ပ၌ ရောက်ရှိနေသူများ ဖြစ်ပြီး ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၃-က)ဖြင့် လက်ရှိမဲဆန္ဒနယ်ရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် လျှောက်ထားရမည် ဖြစ်သည်။
“အလုပ်သမားတွေ ဖြစ်တဲ့အတွက် မနက်မိုးလင်းကနေ မိုးချုပ်အထိ အလုပ်လုပ်မယ်။ ပြန်မယ်။ ပြီးရင်မနက်မိုးလင်း အလုပ်ပြန်သွားမယ်ဆိုတော့ သူတို့ဒါတွေကို သိပ်စိတ်မဝင်စားကြဘူး”ဟု ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ဧရာဝတီကို ပြောဆိုသည်။
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများမှ ပြန်လည်တင်ပြလာသော ပုံစံ (၃-က) လျှောက်လွှာ အရေအတွက်ကို အတည်မပြုနိုင်သေးသော်လည်း လက်ရှိအချိန် အထိ အနည်းအကျဉ်းသာရှိကြောင်းလည်း ဦးတင်ဝင်းက ဆက်ပြောသည်။
ပုံစံ (၃-က) လျှောက်လွှာများကို လုပ်ထုံးလုပ်နည်းအရ ရွေးကောက်ပွဲ မတိုင်ခင် ရက်ပေါင်း ၃၀ အထိ လျှောက်ထားခွင့် ရှိသည်ဟု ဆိုထားသော်လည်း အောက်တိုဘာ ၁၀ ရက်အထိ လက်ခံပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးက ပြောသည်။
ဆန္ဒမဲပေးရန် ပုံစံ (၃-က) လျှောက်ထားလိုသူသည် ဧည့်စာရင်း တိုင်ကြားစာ ပြသရန်မလိုဘဲ လက်ရှိနေထိုင်နေသော မဲဆန္ဒနယ်တွင် ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်ကြောင်းကို မိမိ၏အလုပ်ရှင်နှင့်နေထိုင်ရာ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
သို့သော် ရပ်ကွက်အုပ်ချုပ်ရေးမှူး တချို့က ထိုထောက်ခံချက် ထုတ်ပေးရန် ဧည့်စာရင်း တိုင်ထားခြင်း ရှိမရှိဆိုသည့် အချက်နှင့် စိစစ်နေသည့်အတွက် ဧည့်စာရင်း တိုင်ကြားထားခြင်း မရှိဘဲ နေထိုင်နေကြသည့် မဲဆန္ဒရှင်များအတွက် အခက်အခဲ ဖြစ်နေကြောင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေသော အရပ်ဘက်အဖွဲ့အစည်း တခုဖြစ်သည့် Myanmar Institute for Democracy အဖွဲ့အစည်း၏ ဒါရိုက်တာ ဦးအောင်စိုးမင်းက ပြောပြသည်။
“ကော်မရှင်ဘက် အခြမ်းက ပြောတာက ရက်ပေါင်း ၁၈၀ ကျော် နေထိုင်ကြောင်း သက်သေပြဖို့ပဲ လိုတယ်လို့ ပြောတယ်။ ဒါပေမယ့် ရပ်ကွက်ထဲမှာကျတော့ ရပ်ကွက်လူကြီးက ခင်ဗျားရက်ပေါင်း ၁၈၀ နေထိုင်ကြောင်းကို ဘယ်လို လုပ်ပြမလဲ။ ဧည့်စာရင်း တိုင်ထား သလား ဆိုတာနဲ့ ပြန်ကိုင်တယ်”ဟု ဦးအောင်စိုးမင်းက ဧရာဝတီကို ပြောသည်။
ပုံစံ (၃-က) လျှောက်ထားပြီးသူများအတွက် လက်ရှိနေထိုင်ရာ မဲဆန္ဒနယ်တွင် မဲစာရင်းသီးသန့် ပြန်လည် ကြေညာပေးမည် မဟုတ် ဘဲ ရွေးကောက်ပွဲ မတိုင်ခင် ၁ ပတ်ခန့်အလိုမှသာ မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ထုတ်ပေးချိန်၌ လက်မှတ်များကို တပါတည်း ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံတွင် လူဦးရေ အထူထပ်ဆုံး စီးပွားရေးမြို့တော် ဖြစ်သည့်အလျောက် နယ်မြို့များမှ လာရောက် အလုပ် လုပ်ကိုင် နေကြသော အလုပ်သမားများ၊ ကုမ္ပဏီဝန်ထမ်းများက ဧည့်စာရင်းများဖြင့် နေထိုင်နေကြသကဲ့သို့ အိမ်ငှားနေထိုင်သူများလည်း အများအပြား ရှိနေရာ ပုံစံ (၃-က) လျှောက်ထားခဲ့သူများ၏ အချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ရန် အချိန်နည်းပါးသည့်အတွက် ဝေဖန်မှုများလည်း ရှိနေသည်။
ပုံစံ (၃-က) လျှောက်ထားသူ နည်းပါးခြင်းကြောင့် မဲဆန္ဒရှင် အများအပြား လစ်လပ်သွားနိုင်သည့်အတွက် နိုင်ငံရေး ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် မဲဆန္ဒရှင်များကို (၃-က) လျှောက်လွှာပုံစံအကြောင်း တပါတည်း အသိပညာပေးသင့်ကြောင်း အရပ် ဘက် အဖွဲ့အစည်းများက အကြံပြု ပြောဆိုကြသည်။
ရန်ကုန်တိုင်းအတွင်း မဲပေးခွင့်ရှိသူ ဦးရေပေါင်း ၅ သန်းကျော်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးက ပြောသည်။