နာကျင်မှုများကို သက်သာစေဖို့ အတွက် လွန်ခဲ့သည့် ၆ နှစ်ကတည်းကစ၍ မဂျာမိုင်သည် ဘိန်းပါသည့် ဆေးလိပ်များ သောက်ဖြစ်ခဲ့သည်။
ကချင်တိုင်းရင်းသား ကျောက်မျက်ရတနာ ကုန်သည်ဟောင်းများ နေထိုင်သည့် ဖားကန့်ဒေသတွင် တရားမဝင် မူးယစ် ဆေးဝါးများကို ရှာဖွေရန် အခက်အခဲမရှိပါ။
အစိုးရက ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်မှ ဖားကန့်မြို့နယ်သည် ကမ္ဘာပေါ်မှ ကျောက်စိမ်း အများဆုံး ထွက်သည့် နေရာများထဲတွင် တခု အပါအဝင်ဖြစ် သလို တရားမဝင် မူးယစ်ဆေးဝါး ကိစ္စများနှင့် ပြည့်နေသည်။ ကျောက်တူးသမားများ၊ အလုပ်သမားများနှင့် ရောဂါဝေဒနာ သက်သာလိုသည့် လူနာများ အတွက် ဘိန်းဖြူနှင့် ဘိန်းများ အလျှံအပယ် ရနိုင်ပါသည်။
သူဆေးစွဲနေသည်ကို လူမသိအောင် မဂျာမိုင် နေနိုင်ခဲ့ပါသည်။ ကလေးနှစ်ယောက် မိခင်၊ သက်လတ်ပိုင်း အရွယ် အမျိုးသမီး တယောက်ဖြစ်သော သူ့ကို ဆေးစွဲနေသူ တယောက်ဟု သံသယရှိသူ အနည်းငယ်သာ ရှိပါလိမ့်မည်။
သို့သော်လည်း ပြီးခဲ့သည့် ၁ နှစ်တွင် မိသားစုက သိသွားသောကြောင့် လူကြီးများက သူ့ကို ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ရှိ All Nations ပြန်လည်ထူထောင်ရေး စင်တာသို့ ပို့ခဲ့ကြသည်။ ယခုအခါ အဆိုပါ စင်တာသို့ မဂျာမိုင် ရောက်ရှိနေခဲ့သည်မှာ ၅ လ ကြာပြီ ဖြစ်သည်။
သဘာဝ အရင်းအမြစ်များ ကြွယ်ဝသော ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးက ပြဿနာတခု ဖြစ်နေခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီ ဖြစ်သည်။ ကချင်ပြည်နယ်တွင် မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီးအရေ အတွက်က အမျိုးသားများ ထက် နည်းသော်လည်း အမျိုးသမီးများက ပို၍ ထိခိုက်မှုများသည့် အခြေအနေတွင် ရှိနေပြီး အကူအညီ ရရှိရန်လည်း အခွင့်အလမ်း နည်းပါးကြသည်။
“သူတို့ (မူးယစ်ဆေး သုံးစွဲသည့် အမျိုးသမီးများ) ကို မသိနိုင်တာနဲ့ သူတို့က ရှက်ကြတာကြောင့် သူတို့ကို စောင့်ရှောက်ပေးဖို့ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရပါတယ်” ဟု မြစ်ကြီးနားမြို့ရှိ Substance Abuse Research Association (SARA) ၏ ဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းဘရန်က ပြောသည်။
SARA သည် မူးယစ်ဆေး သုံးစွဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများ လျှော့ချနိုင်ရေး အစီအစဉ်များ လုပ်ဆောင် ပေးနေ သည့် NGO အဖွဲ့တခု ဖြစ်ပြီး ကချင်ပြည်နယ်တွင် ၎င်းကဲ့သို့ ဆောင်ရွက်ပေးနေသော NGO ၃ ခု ရှိပါသည်။ ယမန်နှစ် က မြို့နယ် ၆ ခုသို့ SARA သည် ဆေးထိုးအပ် ၁ သန်း ဝေပေးခဲ့ပြီး အစိုးရက လုပ်ဆောင်သည့် မက်သဒုန်း (မူးယစ်ဆေး ဖြတ်သူများကို ကုသပေးရာတွင် အသုံးပြုသည့် Methadone ဆေး) အစီအစဉ်သို့လည်း အမျိုးသမီး ၃၀ ခန့် လွှဲအပ်ပေးခဲ့သည်။
“အမျိုးသမီး မူးယစ်ဆေး သုံးစွဲသူများ အတွက် ဆေးဖြတ်ပြီးနောက် ပြန်လည် ထူထောင်ရေးနှင့် ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိရန် အတွက်ပင်လျှင် အကန့်အသတ်များ ရှိနေသည်” ဟု ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) ၏ အဆိုအရ သိရသည်။
“အများစုသည် လိင်ဖျော်ဖြေရေး လုပ်ငန်းတွင် ပုံမှန် (သို့) အခါအားလျော်စွာ လုပ်ကိုင်နေကြသူများ ဖြစ်ကြပြီး HIV ပိုး ကူးစက်နိုင်သည့် အလားအလာလည်း ထပ်တိုးလာသည်” ဟု UNODC ၏ “Women who inject drugs and HIV: Addressing specific needs” စာတမ်းတွင် ဖော်ပြထားသည်။
ပြည်တွင်း ပဋိပက္ခများ ကလည်း အမျိုးသမီးများအား လုံလောက်သော စောင့်ရှောက်မှု၊ ပံ့ပိုးမှုများ ရရှိနိုင်ရေး အတွက် အဓိက အတားအဆီးတခု ဖြစ်နေသည်။ မိခင်များ ကလည်း အကူအညီ ရယူလျှင် ၎င်းတို့၏ သားသမီးများနှင့် ခွဲခွာရမည်ကို စိုးရိမ်ကြခြင်းများ ရှိနေသည်။
ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာက ကြီးမားသည့် စိန်ခေါ်မှုတခု ဖြစ်နေသည်။ “ဒီကိစ္စကို ဖြေရှင်းဖို့က ဖြတ်လမ်းနည်း မရှိပါဘူး။ ဒါက ရေရှည် ဖြေရှင်းရမယ့် ပြဿနာပါ” ဟု ဒေါက်တာ ထွန်းထွန်းဘရန်က ပြောသည်။
SARA က ၎င်းတို့၏ ဝန်ဆောင်မှုများကို အမျိုးသမီးများ ပိုမိုထိရောက်စွာ ရယူနိုင်ရန် အတွက် အမျိုးသမီး သီးသန့် စင်တာတခု ဖွင့်လှစ်ရန် မျှော်လင့် ထားသည်။
ဖားကန့်မြို့နယ်မှ အသက် ၂၇ နှစ် အရွယ် မနန်းရာသည် All Nations ပြန်လည် ထူထောင်ရေး စခန်းသို့ လွန်ခဲ့သည့် တနှစ်ခန့် ကတည်းက ရောက်ရှိ လာခဲ့သည်။ သူ့မှာ HIV ပိုး ရှိနေပြီး ယခင်က သွေးကြောထဲသို့ ဘိန်းဖြူထိုးသွင်း သုံးစွဲခဲ့သူ တယောက် ဖြစ်ပါသည်။
“ကျမ ပတ်ဝန်းကျင်မှာ ဆေးသုံးတဲ့လူတွေ အများကြီးပဲ” ဟု မနန်းရာက ပြောသည်။ ဆေးစွဲနေသည့် အမျိုးသမီးများ က လူမသိအောင် နေကြသည် ဟုလည်း ထပ်ပြောသည်။ “အမျိုးသမီးတယောက်က ဘယ်အချိန် ပထမဆုံး ဆေးစသုံးလဲ ဘယ်သူမှ မသိကြဘူး” ဟု သူက ဆိုသည်။
ယခု အချိန်မှာတော့ မနန်းရာက သူ့ဘဝကို ပြန်လည် တည်ဆောက်ရန် ဆုံးဖြတ်ထားပုံရသည်။ မကြာသေးခင်က YMCA မှ ဖွင့်လှစ်သည့် အသက် မွေးဝမ်းကျောင်းမှု ပညာသင်တန်းတွင် တက်ရောက် သင်ကြားခဲ့သည်။ အဆိုပါ သင်တန်းသို့ မူးယစ်ဆေး သုံးစွဲဖူးသူ ၄၂ ဦးတက်ခဲ့ရာတွင် အမျိုးသမီး ၅ ဦး ပါဝင်ခဲ့သည်။ သင်တန်းက အလုပ်သင် အဖြစ် တနှစ် လုပ်ကိုင်နိုင်ရန်လည်း စီစဉ်ပေးပါသည်။
ထို့ကြောင့် မနန်းရာက အလှပြင် သင်တန်းကျောင်းတွင် တနှစ်ကြာ အလုပ် လုပ်နိုင်ခဲ့ပြီးနောက် All Nations တွင် သူနှင့် အတူနေထိုင်ခဲ့၍ YMCA တွင်လည်း သင်တန်းအတူ တက်ရောက်ခဲ့သော ခွန်ဆမ်နှင့် ပေါင်း၍ သူတို့ ကိုယ်ပိုင် အလှပြင်ဆိုင် တခုကို မကြာမီဖွင့်လှစ်တော့မည် ဖြစ်သည်။
မူးယစ်ဆေး စွဲသူများ ပြန်လည်ထူထောင်ရေး စင်တာ၏ ဒါရိုက်တာ ဒေါ်လုလုတင်မှာ သူတို့ အတွက် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေသည်။ သူက စီးပွားရေး လုပ်ငန်းသစ် တည်ထောင်သူများ အတွက် လုပ်ငန်း စတင်ရန် လိုအပ်သော ငွေကြေးများလည်း ထောက်ပံ့ပေးနေ ပါသည်။ “သူတို့တွေ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကျမ ကူညီပေးချင်ပါတယ်” ဟု သူက ပြောသည်။
ကလေး ၄ ယောက်မိခင် ကချင်အမျိုးသမီး တဦးအနေဖြင့် မူးယစ်ဆေးကြောင့် ဒုက္ခရောက်နေသူများကို ကူညီနေခြင်း က ကိုယ်ရေးကိုယ်တာ ခံစားချက်ကြောင့်လည်း ဖြစ်သည်။ ဒေါ်လုလုတင်၏ သားများအနက် အသက် ၁၆ နှစ်အရွယ် အငယ်ဆုံး သားမှလွဲ၍ ကျန်သားအားလုံးမှာ ဘိန်းဖြူ သုံးစွဲခဲ့ကြသူများ ဖြစ်သည်။
လွန်ခဲ့သည့် ခြောက်နှစ်ခန့်က သူ၏အိမ်နှင့် မြေကို ရောင်းချ၍ All Nations ကို ဒေါ်လုလုတင် စတင် တည်ထောင်ခဲ့ ပါသည်။
မြစ်ကြီးနားတွင် ဘာသာရေး အဖွဲ့အစည်းများက ဖွင့်လှစ်ထားသည့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး စင်တာ ၁၂ ခုခန့် ရှိသော်လည်း အမျိုးသမီးများ အတွက် ဖွင့်လှစ်ပေးထားသည်မှာ All Nations တခုတည်းသာ ရှိပါသည်။
အများစုက အမျိုးသား ဆေးစွဲနေသူများကိုသာ အဓိက အာရုံစိုက်လေ့ ရှိကြသည်ဟု ဒေါ်လုလုတင်က ပြောသည်။ သို့သော်လည်း အမျိုးသမီးများသည် မူးယစ်ဆေး ဝယ်ယူရန် ငွေကြေး ရှာဖွေရာတွင် ခက်ခဲပြီး ထိခိုက်နစ်ရာစရာ ကိစ္စများနှင့် ကြုံတွေ့ရလေ့ရှိသည့် အတွက် အားနည်းချက်များ ပိုရှိနေသည်။
“ဆေးစွဲနေတဲ့ အမျိုးသားတွေက အလစ်သုတ် နိုင်တယ်၊ ဒါမှမဟုတ် ခိုးနိုင်တယ်။ ဒါပေမယ့် အမျိုးသမီးတွေ ကတော့ ဒီလိုလုပ်ဖို့က မလွယ်ကူပါဘူး။ အဲဒီတော့ အမျိုးသမီးတွေက ဆေးသုံးချင်တဲ့အခါ ကိုယ့်ကိုယ် ကိုယ်ရောင်းစားပြီး ပြည့်တန်ဆာ အဖြစ်နဲ့ ပိုက်ဆံ ရှာကောင်း ရှာနိုင်ပါတယ်” ဟု သူက ဆိုသည်။
အနာဂတ်တွင်လည်း မူးယစ်ဆေးစွဲသူ အမျိုးသမီးများကို ပိုမို ကူညီပေးနိုင်ရန် ဒေါ်လုလုတင်က ဆန္ဒရှိနေသည်။ “အသက်မွေးမှု သင်တန်းတွေကို အမျိုးသမီးတွေ ပိုပြီးတော့ လာတက်ကြဖို့ ကျမ စီစဉ်နေပါတယ်” ဟု ဒေါ်လုလုတင် က ပြောသည်။
(၂၀၁၅ ခုနှစ်ထုတ် ဩဂုတ်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော Brennan O’Connor ၏ “Hidden Troubles” ဆောင်းပါးကိုဆုမွန်ဖြိုး ဆီလျော်အောင် ဘာသာပြန်သည်။)