ရေစီးကြောင်း သံယောဇဉ်ဆိုတဲ့ တေးသီချင်းကို ဖခင်ဖြစ်သူရဲ့ အမှတ်တရ Live Show မှာ သီဆိုခဲ့ရင်း ချစ်ကောင်းရဲ့ သမီးလို့ သိလာခဲ့ကြတဲ့ အဆိုတော် အိမ့်ချစ်ဟာ အခုဆိုရင် ဂီတလောကမှာ ပရိသတ်အားပေးမှုနဲ့ အတူ ခိုင်မာစွာ ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ့်ချစ်ရဲ့ ရပ်တည်လာမှုက ဖခင်ဖြစ်သူ၊ အသိုင်းအဝိုင်း စတာတွေရဲ့ ပံ့ပိုးမှု တွေကြောင့် ဒီလိုနေရာတခု ရလာခဲ့တာ မဟုတ်ဘဲ သူ့ရဲ့ အရည်အချင်း၊ ကြိုးစားမှုတွေကြောင့်ဆိုတာ အများသိ ဖြစ်ပါတယ်။ ခက်ခဲတဲ့ အခြေအနေတခုကနေ ဘယ်လို ကြိုးစားလာခဲ့တယ် ဆိုတာ သူမ ပြောပြတဲ့ အကြောင်းအရာ တွေကနေ သူဖြတ်သန်းခဲ့တဲ့ အခြေအနေကို သိရှိနိုင်ပါတယ်။ ကိုယ်တိုင်ရေးပုံတူ၊ အချစ်ရေးဆိုတဲ့ တေးစီးရီးနှစ်ခွေ ထွက်ပြီးတဲ့ အခါမှာ အဆိုတော် အိမ့်ချစ်ရယ်လို့ ဂီတလောကမှာ အဆိုတော် တယောက်အနေနဲ့ ခိုင်မာစွာ ရပ်တည် ထားနိုင်ပြီ ဖြစ်တဲ့ အိမ့်ချစ်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါ တယ်။
မေး။ ။ အခုလက်ရှိဂီတနဲ့ ပတ်သတ်ပြီး အိမ့်ချစ် ဘာတွေလုပ်နေလဲ။
ဖြေ။ ။ အခု လောလောဆယ်တော့ အိမ့်ချစ် ခရီးတွေတော့ တောက်လျှောက် သွားဖြစ်နေတယ်။ အခုခရီးက Coca Cola Tour တွေကလည်း တောက်လျှောက် ထွက်နေတော့လေ။ တလကို တမြို့သွားနေတာလေ။ အခုလည်း နေပြည်တော်၊ မြိတ် အစုံပဲ သွားဖြစ်နေမယ်။
မေး။ ။ အခု အိမ့်ချစ်ရဲ့ အချစ်ရေး DVD ကထွက်လာပြီဆိုတော့ ဒီအခွေက ပထမ Audio ထွက်ပြီး ဘယ်လောက် အကြာမှာ ထွက်လာတာလဲ၊ DVD မှာရော ဘယ်လိုထူးခြားချက်တွေ တွေ့ရမလဲ။
ဖြေ။ ။ ဒီအခွေက အိမ့်ချစ်ပရိသတ်ကို စောင့်ရတာနဲ့ တန်အောင် ပရိသတ်ကို ဒီအခွေမှာ အိမ့်ချစ်ပေးဆပ် ထားပါ တယ်။ ဒီအခွေကို ကြည့်ပြီးရင် တပုဒ်မဟုတ် တပုဒ် ရင်ထဲမှာငြိပြီး ကျန်ခဲ့အောင် အိမ့်ချစ် ကြိုးစားထားပါတယ်။ တခွေလုံး မကြိုက်ရင်တောင် ဒီတပုဒ်လေးတော့ ငါကြိုက်တယ် ဆိုတာမျိုး ဖြစ်အောင် ကြိုးစားထားပါတယ်။ အခု တတိယခွေ ကိုလည်း လုပ်နေတယ်။ ဒီအခွေကိုလည်း ထူးထူးခြားခြားတွေ မြင်ရအောင် ပြင်ဆင်နေပါတယ်။ အဲဒီ အခွေလေးလည်း ထွက်လာဦးမှာပါ။
မေး။ ။ အသံနဲ့ပတ်သတ်ရင် အိမ့်ချစ်ကို လိုသလို ဆိုနိုင်တယ်။ ချစ်စရာ ကောင်းအောင်လည်း ဆိုတတ်သလို၊ သီချင်းကို အသံကစားပြီးတော့လည်း ဆိုတတ်တယ်လို့ ပြောကြတဲ့အပေါ်ကို ဘယ်လို ခံစားရလဲ။
ဖြေ။ ။ သီချင်းဆိုပေါက်ကတော့ သီချင်းပေါ်မှာ မူတည်လိမ့်မယ်။ ရိုးရိုးအေးအေးလေး ဆိုရမယ်ဆိုရင် ရိုးရိုးလေး ဆိုလိုက် တယ်။ ဘယ်လို ပြောရမလဲ၊ အသံကို လုပ်ပြီး ဆိုရမယ့် သီချင်းမျိုးဆိုရင် လုပ်ပြီးဆိုတယ်ပေါ့။ တပုဒ်တည်းကို တပုံစံတည်း သွားလို့ မရဘူးပေါ့နော်။ ဒီတော့ ဆိုတဲ့ သီချင်း အပေါ် မူတည်ပြီးတော့ ပြောင်းလဲမှုကတော့ ရှိနေဦးမှာပါ။
မေး။ ။ ကိုယ်တိုင်ရေးပုံတူ ဆိုတဲ့ ပထမဆုံးစီးရီးခွေ စလုပ်ခဲ့တုန်းက အခြေအနေအနဲ့ အခု အချိန်မှာ အဆိုတော် အိမ့်ချစ်ဆိုတဲ့ အခြေအနေက ဘယ်လို ကွာခြားချက်တွေ ရှိလာပြီလဲ။
ဖြေ။ ။ အတွေ့အကြုံတွေက အများကြီး သင်သွားခဲ့တဲ့ အတွက်ကြောင့် မို့လို့ အိမ့်ချစ် ရယ်နေနိုင်ပါတယ်။ နောက်ပြီးတော့ အကောင်းဆုံး ဖြစ်အောင်လို့ အိမ့်ချစ် ဘက်က ပြင်ဆင်တတ် လာတယ်။ အရာအားလုံးကို စနစ်တကျ စီစဉ်တတ် လာတယ်။ ဒါတွေက အချိန်နဲ့ အတွေ့အကြုံတွေက သင်သွားတာ ပေါ့။ ဒီ အခွေလေးမှာတော့ ပိုပြီး အကောင်းဆုံး ဖြစ်အောင် အိမ့်ချစ် ပြင်ဆင်နိုင်ခဲ့ပါတယ်။
မေး။ ။ အိမ့်ချစ်ရဲ့ မိတ်ကပ် ဖက်ရှင်တွေက အစ အရင် အိမ့်ချစ်နဲ့ မတူတော့ဘဲ ပြောင်းလဲလာတာ တွေ့ရတယ်။ အဲဒီအပိုင်းနဲ့ ပတ်သတ်ပြီး ပြောပြပေးပါ။
ဖြေ။ ။ လူတယောက်က အမြဲတမ်း ဒီပုံစံအတိုင်းကြီးပဲ သွားနေမယ် ဆိုရင်တော့ ပရိသတ် အီသွားမှာ စိုးတဲ့ အတွက် ကြောင့်ပါ။ အဲဒီ အတွက်ကြောင့် တခါတလေတော့ အပြောင်းအလဲလေးတွေ လုပ်ကြည့်တဲ့ သဘောပါ။
မေး။ ။ အိမ့်ချစ်က စွာတယ်လို့ တချို့ သတ်မှတ်ကြတယ်။ တခုခုဆိုရင် Facebook မှာပဲ ဖြစ်ဖြစ် ပေါ်တင် ရေးတယ်၊ သတ္တိရှိတယ်လို့ တချို့ကလည်း ပြောကြတယ်။ အဲဒီအပေါ်ကိုရော ဘယ်လို ပြန်ပြောပြချင်လဲ။
ဖြေ။ ။ ဟုတ်တယ် အိမ့်ချစ်က နဂိုကတည်းက စွာတယ်။ အိမ့်ချစ်က နဂိုကတည်းက စိတ်ဆတ်တယ်။ အိမ့်ချစ်က မဟုတ်ရင် မခံဘူး။ နောက်တခု ရှိတာက အခုဟာက အွန်လိုင်း မီဒီယာက အရင်တုန်းက ဆိုရင် ပရိသတ်နဲ့ အနုပညာရှင် ဆိုတာ အလှမ်းဝေးတယ်။ အခု Facebook ပေါ်လာတဲ့အခါမှာ ပရိသတ်နဲ့ အနုပညာရှင်တွေ ဆိုတာ အရမ်း လက်လှမ်းမီသွားပြီ။ ခုနပြောသလိုပေါ့၊ တခါတလေကျလို့ ရှိရင် ကိုယ့်ကို မဟုတ်မဟတ် လုပ်ကြံပြီး ပြောတဲ့ အခါကျရင် ပြီးသွားမှာပါလေ ဆိုပြီး ငြိမ်နေတဲ့ အထဲမှာ အိမ့်ချစ် မပါဘူး။ အိမ့်ချစ်ရဲ့ အားနည်းချက်တခုက မဟုတ်တာ ကို မဟုတ်ဘူး ဆိုတာကို ချက်ချင်းပြောလိုက်ရမှ။ အဲဒါ ငါမဟုတ်ဘူး ဆိုတာကို ပြောတတ်တယ်။ ဆိုတော့ အဲဒါလေး တခုကတော့ အားနည်း ချက်ပေါ့။
မေး။ ။ အိမ့်ချစ်က အမေရဲ့ စကားကိုလည်း အရမ်းနားထောင်တဲ့ သူလို့သိရတယ်။ အမေက အိမ့်ချစ်အတွက် ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ။
ဖြေ။ ။ အိမ့်ချစ် အတွက်ကို ဘဝကြီးတခုကို ပေးဆပ်ထားရတာ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ စကားလေးတခွန်းကို အိမ့်ချစ် ဘက်က နားထောင်ရတာ အိမ့်ချစ် အတွက် အပန်းမကြီးပါဘူး။ ဒါလေးနဲ့ပဲ ကိုယ်က ပေးဆပ်နိုင်တာကိုး။ အဲဒီ အတွက်ကြောင့်ပါ။ မိဘ လိုချင်တာကလည်း ဒါပါပဲ။ သူတို့ကို ငွေတွေ ပေးနေလို့လည်း၊ ဂုဏ်တွေပေးနေလို့လည်း သူတို့ ပီတိ အစစ်အမှန် မရပါဘူး။ သူတို့ ဖြစ်စေချင်တာ၊ သူတို့အပေါ် စိတ်ရှိတာလေး၊ သူတို့ပြောစကား နားထောင် တာကိုပဲ မိဘက လိုချင်တာ ဆိုတော့ နေတယ်၊ အိမ့်ချစ် အမြဲတမ်း အဲဒီလို နေတယ် လို့တော့ မပြောပါဘူး။ အတတ်နိုင်ဆုံး နေတယ်။
မေး။ ။ ငယ်စဉ်က အိမ့်ချစ် ဖြတ်သန်းလာခဲ့တဲ့ အခြေအနေက တခြားသူတွေနဲ့ ယှဉ်ရင်ရော ဘယ်လို ကွာခြားမှုတွေ ရှိပါသလဲ။
ဖြေ။ ။ ကွာခြားပါတယ်။ သူများတွေ ကျောင်းသူဘဝကို လွတ်လပ်စွာနဲ့ ဖြတ်သန်းနေတဲ့ အချိန်မှာ ညီမက အလုပ်ခွင်ထဲ ရောက်သွားပါပြီ။ အလုပ်တောင်မှ သာမန် အလုပ်မဟုတ်ဘဲနဲ့ လူပေါင်းများစွာနဲ့ ဆက်ဆံပြီးတော့ သူ့ကို အပုပ်ချသမျှ၊ ကိုယ့်ကို ချီးမွမ်းသမျှ၊ ကိုယ့်ကို ကဲ့ရဲ့သမျှကို ကြုံခဲ့ရတဲ့ နေရာပါ။ ချီးမွမ်းရင်လည်း မာန်မတတ်ဘဲ ကဲ့ရဲ့ရင်လည်း အားမငယ်ဘဲ ကြံ့ကြံ့ခံပြီး ရပ်တည်ဖို့ ဆိုတာကတော့ တော်တော်ကို မလွယ်ခဲ့ပါဘူး။
ဒါကြောင့် အရွယ်နဲ့ မမျှတဲ့ ခံစားမှု လေးတွေတော့ ညီမမှာ ရှိတယ် ပေါ့။ ဒါပေမယ့် အဲဒါတွေက အခုချိန်မှာတော့ ညီမ အတွက် ဆုလာဘ်တွေပါပဲ။ အိမ့်ချစ်ဘဝကို အကောင်းဆုံး တည်ဆောက်သွားနိုင်ဖို့ အတွက်ကို ရခဲ့တဲ့ ဆုလာဘ်တွေ လို့ပဲ ပြောရမှာပေါ့။
မေး။ ။ အဆိုတော်တယောက် အဖြစ် ရပ်တည်မှုမှာ အဖေ အဆိုတော် ချစ်ကောင်းဆိုတဲ့ အမြင်ကနေ၊ လွမ်းမိုးမှုကနေ လွတ်မြောက်နိုင်အောင် အိမ့်ချစ်ဆိုတဲ့ အဆိုတော်ကိုပဲ ပရိသတ်က အသိအမှတ်ပြုပြီး ရပ်တည်နိုင်အောင် ကြိုးစားခဲ့ရတဲ့ အပိုင်းကရော…။
ဖြေ။ ။ ညီမကတော့ ဘယ်လိုရယ်လို့ ခွဲခြားပြီးတော့ မရှိပါဘူး။ ညီမကို ဘယ်လိုပဲ သတ်မှတ် သတ်မှတ်ပါ။ ဒါပေမယ့် ကိုယ့်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုတာ ကိုတော့ လိုချင်တာပေါ့ နော်။ ဒီအတွက်ကြောင့်မလို့ အိမ့်ချစ်မှာ အရမ်းပင်ပန်းပါတယ်။ အဖေရဲ့ ဆွဲခေါ်မှုနဲ့ တကွ၊ အဖေရဲ့ အုပ်မိုးမှုကို ဆွဲခွာပြီးတော့မှ ကိုယ့်ဘာသာ ရအောင် ကြိုးစားလာတာပါ။ ကိုယ့်ရဲ့ ခေါင်းကို ဦးချိုးထားတယ်။ အိမ့်ချစ်တကယ်ကို အောက်ခြေက တက်လာခဲ့တာ ပါ။ ညီမက ချစ်ကောင်းသမီး၊ တကယ့်ဝါရင့် သမ္ဘာရင့်တယောက်ရဲ့ သမီး ဆိုတာကို မေ့ထားတာပါ။ အိမ့်ချစ်ဟာ ဘာ လမ်းကြောင်းမှ မရှိ၊ ဘာလမ်းကြောင်းမှ မသိဘဲနဲ့ အစက စရတဲ့ သူတယောက်လိုပဲ ညီမစခဲ့တာပါ။ ဒီအတွက်ကြောင့် ညီမရဲ့ အောင်မြင်မှုကိုလည်း အများကြီး ကျေနပ်ပိတီ ဖြစ်မိပါတယ်။ ညီမအတွက်ကြောင့် ညီမရဲ့ အဖေကိုလည်း ဂုဏ်တက်အောင် လုပ်တယ် လို့လည်း ယူဆမိပါတယ်။ အဲဒီအတွက်ကြောင့်လည်း အရမ်းဝမ်းသာမိပါတယ်။
မေး။ ။ ဂီတသက်တမ်းရော အိမ့်ချစ်အချိန်ဘယ်လောက် ကြာရှိပြီလဲ။
ဖြေ။ ။ ညီမ ဂီတသက်တမ်း ၁၁ နှစ်ရှိပါပြီ။
မေး။ ။ ဒီအချိန်တွေ အတောအတွင်းမှာရော ဂီတက ကိုယ့်ကို ဘယ်လို Feeling တွေပေးလဲ။
ဖြေ။ ။ ပြောင်းလဲမှုတွေကတော့ အများကြီးရှိပါတယ်။ တချိန်လုံးက ဂီတဆိုတာ ဝါသနာတခု၊ အချိန်တွေ ကြာလာတဲ့ အခါမှာ ဂီတဟာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း တခု၊ နောက်ထပ် အချိန်တွေ ထပ်ကြာလာတဲ့အခါ အချိန် ၁၁ နှစ် ဆိုတာ ကြာပြီးတဲ့ အခါမှာတော့ ဂီတဟာ ဘဝဖြစ်သွားတယ်။ တခုတည်း မဟုတ်ဘူး။ အရာ အားလုံးပဲ ဝါသနာ၊ စီးပွားရေး၊ နောက်ဆုံးကိုယ့်ရဲ့ Life တခုလုံး ဖြစ်သွားတယ်။ ခံယူချက်တွေ ကလည်း အမျိုးမျိုး ပြောင်းလဲလာ တယ်၊ အတွေ့အကြုံတွေ အများကြီးရလာတယ်။ အိမ့်ချစ် ဆိုတဲ့ နာမည်တလုံး အတွက်ကို ခံနိုင်ရည်တွေလည်း ပိုပြီးတော့ ရှိလာခဲ့တယ်။
မေး။ ။ သင်ခန်းစာတွေရော ရခဲ့တာ ရှိလား။
ဖြေ။ ။ သင်ခန်းစာတွေကတော့ အများကြီးရှိခဲ့တယ်။ ကိုယ် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေမှာ ကိုယ့် အတွက် သင်ခန်းစာ ယူစရာတွေ အများကြီး ရှိခဲ့တယ်။ ခုနက ပြောသလို ပေါ့၊ လူတွေက ငါ့အပေါ်မှာ ဘယ်လိုမြင်လဲ၊ အင်တာဗျူး တခုကလည်း မေးဖူးတယ်။ သမီးက စိတ်ခံစားချက်တွေကို အရမ်း ထုတ်ပြတတ်တယ် တဲ့၊ အခု အချိန်မှာတော့ အဲဒီလို မဟုတ်တော့ ပြန်ဘူး၊ ဘာလို့လဲ တဲ့ အဲဒီလို မေးတယ်။ ညီမ ဘယ်လို ပြန်ဖြေခဲ့လဲ ဆိုတော့ ဟုတ်တယ် လို့၊ တချိန်တုန်း က အိမ့်ချစ်က စိတ်ခံစားချက်ကို ထုတ်ပြတတ်တယ်၊ အဲဒီတုန်းက ညီမက ကလေးလည်း ဖြစ်တဲ့ အတွက်ကြောင့်လို့ ဖော်ပြခဲ့တယ်။ ထုတ်ဖော် ပြောပြခဲ့တယ်။
ဒါပေမယ့် တခါတလေကျရင် အမှန်အတိုင်း ပေးဆပ်ခြင်းဟာ လူတွေနဲ့ မတန်ဘူးလို့၊ မတန်တဲ့ အတွက်ကြောင့် ညီမ မျိုသိပ်ထားလိုက်တာတွေ အများကြီး ရှိတယ်။ ဒါဆိုရင် လူတွေကို ပြောတာတွေက မုသားတွေ ဖြစ်မလားတဲ့၊ မုသား မဟုတ်ဘူးလို့၊ ပြောသင့်တာ ၁၀၀ ရာခိုင်နှုန်းမှာ ညီမ ၅၀ ရာခိုင်နှုန်းပဲ ပြောတော့တာ လို့။ ကျန်တာကို သိမ်းထားတတ် လာပြီလို့။ ဒီလိုဖြစ်အောင်လို့ လူတွေက သင်ပေး သွားတာလို့။
မေး။ ။ အိမ့်ချစ် ခံစားချက်တွေထဲက အမှန်တရားတခုခုကို၊ ပရိသတ်မသိသေးတဲ့ ခံစားချက်တခုခုကို ပြောပြပါဆို ဘယ်လို အကြောင်းအရာကို ပြောပြဖြစ်မလဲ။
ဖြေ။ ။ ပြောပြချင်တာ ရှိပါတယ်။ ပရိသတ်တွေက တခုအမြင်လေး ရှိတာက အိမ့်ချစ်ဟာ အဆိုတော် ဦးချစ်ကောင်းရဲ့ သမီး ဖြစ်တဲ့ အတွက်ကြောင့် အိမ့်ချစ်ဘဝဟာ လျှောက်လှမ်းရတာဟာ လွယ်တယ်လို့ ထင်ကြ ပါတယ်။ တခြားသူတွေက ခက်တယ်လို့ ထင်ပါတယ်။ မှားနေတယ်၊ တကယ်တမ်းတော့ အိမ့်ချစ်ဟာ တကယ့်ကို ခက်ခက်ခဲခဲ လျှောက်ခဲ့ရတာ ပါ။ ချစ်ကောင်းသမီးပဲ ဆိုပြီး တွဲခေါ်ခဲ့တာ မရှိခဲ့ပါဘူး။ အိမ့်ချစ်ရဲ့ အရည်အချင်းနဲ့ တကွ ငါဟာ ဘာ၊ ငါဟာ ဘယ်လို လုပ်နိုင်တယ် ဆိုပြီး ပြသနိုင်ခဲ့တဲ့ အချိန်မှ သာလျှင် အိမ့်ချစ်ဟာ မဆိုးဘူးဘဲ ဖြစ်လာပါ တယ်။ အိမ့်ချစ်ကို သုံးလို့ရပြီ ဆိုတော့မှ လူတွေက ခေါ်သုံးခဲ့ကြတာပါ။ ဒါကြောင့် ညီမက ဘဝ အရမ်းနာခဲ့တယ်။ အဲဒီအတွက်ကြောင့် ပိုပြီးတော့ ကြိုးစားတယ်။
တချို့က အောင်မြင်မှုကို အချိန်တိုတိုအတွင်းမှာ ရရှိပြီး လူအများရဲ့ ပံ့ပိုးခြင်းကို ခံရတယ်။ အဲဒီလူတွေကို တွေ့တိုင်းမှာ ညီမ စိတ်မကောင်း ဖြစ်မိတယ်။ ငါဟာ အင်မတန် ခက်ခဲပါလား။ ဒါပေမယ့် အဲဒီလို ခက်ခဲမှုကို တွေ့ကြုံလာရတော့ ပိုပြီးတော့ ကြိုးစားချင်စိတ် ဖြစ်လာတယ်။ ဘယ်သူ့ အကူအညီမှ မပါလည်း ငါတယောက်တည်း ရတယ်။ ကျိုးချင်တဲ့ နေရာ ကျိုး၊ ပဲ့ချင်တဲ့နေရာပဲ့ ငါ့ဟာငါ ကြိုးစားပြီး ငါရအောင် ပြန်ထမယ် ဆိုတဲ့ စိတ်က ပိုပြီးတော့ ခိုင်မာလာစေတယ်။ အဲဒီစိတ်တွေက ပိုပြီး ခေါင်းမာပြီး ပိုပြီး ခက်ထန်တဲ့ စိတ်ကိုလည်း ဖြစ်ပေါ်စေ လာတယ်။ အဲဒီစိတ်လေးတွေလည်း တခါတလေကျရင် နည်းနည်း ပြန်လျှော့ရတယ်။ တခါတလေကျရင် အစွန်း ရောက်သွားမှာ စိုးတဲ့အတွက် ကြောင့်ပါ။ ပရိသတ်ကို ပြောပြချင်တာ ဒါလေးပါပဲ။
အိမ့်ချစ်ဆိုတာ ဖြစ်ဖု့ိ အရမ်းခက်ခဲ ခဲ့ပါတယ်။ အိမ့်ချစ် ကြိုးစားလာခဲ့တဲ့ အပိုင်းကို တကယ်တမ်း သိရှိသူတွေကတော့ မီဒီယာတွေ ဆိုရင်လည်း သိကြပါတယ်။ တော်တော်များများက ဘယ်လိုလုပ် ရလာသလဲ၊ ဘယ်လို ရုန်းလာရသလဲ ဆိုတာကို သိကြပါတယ်။ ဆိုတော့ အခက်အခဲတွေ အများကြီးနဲ့ ကြိုးစားလာခဲ့ရတဲ့ ဘဝလေးကို အိမ့်ချစ် တန်ဖိုးထား ပါတယ်။
မေး။ ။ ကိုယ့်လို အခြေအနေမျိုးကို ကြုံတွေ့ရမယ့် လူငယ်အချင်းချင်းကိုရော ဘယ်လိုစကားမျိုး ပြောပြချင်လဲ။
ဖြေ။ ။ ဂုဏ်ယူပါလို့ပဲ အိမ့်ချစ်က ပြောချင်တယ်။ ဘဝမှာ ဒီလိုရခဲ့တဲ့ အတွေ့အကြုံတွေက ခုနက ပြောသလို တချို့ မိသားစုတွေဆို မိဘပါမှ၊ ဘေးလူ လိုက်ပါမှ၊ ဘေးလူ အကြံဉာဏ် ပေးမှ၊ ဘေးလူ Supporting လုပ်မှ ကိုယ့်ဘဝက တဖြည်း ဖြည်း ဖြစ်ထွန်းလာတာ။ ကိုယ့်ဘာသာ ကြိုးစားပြီး ရုန်းကန်လာကြတဲ့ သူတွေကျတော့ ဂုဏ်ယူလိုက်ပါ။ ငါဟာ ဘယ်သူ့ Supporting မှ မပါဘဲနဲ့ ကိုယ့်ရဲ့ အောင်မြင်မှု ကိုယ်ရရှိလာတယ် ဆိုတဲ့ ဘဝဟာ လိပ်ပြာသန့်သန့်နဲ့ လိပ်ပြာလုံတယ်။ ဒါဟာ အရေးကြီးဆုံးပါပဲ။ ဒီလိုလူမျိုးကိုလည်း ဘုရားက ကြည့် မနေပါဘူး။ တချိန်ကျလို့ရှိရင် အများထက် သာတဲ့ ဘဝကို ပေးမှာပါလို့ အားပေးချင်ပါတယ်။ ။