ဒီနေ့ခေတ်မှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ တန်းတူရင်ပေါင်တန်းပြီး လုပ်ငန်းခွင် အသီးသီးမှာ ဝင်ရောက်လုပ်ကိုင်နေကြရတယ်။ ကုမ္မဏီတွေမှာ ရာထူးအမျိုးမျိုးနဲ့ ဝင်ရောက် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေရှိသလို ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အရောင်းဝန်ထမ်းတွေအဖြစ် လုပ်ကိုင်နေကြရတဲ့ အမျိုးသမီးတွေလည်း အများကြီးပါပဲ။ သူတို့တွေရဲ့ အိမ်ပြန်ချိန်တွေမှာ နေမင်းရဲ့အလင်းရောင်ကို အားကိုးလို့ မရတော့ဘူး။ မြို့ပြညရဲ့ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးချိန်ရောက်မှပဲ အိမ်ပြန်ရတဲ့သူတွေ ဖြစ်နေပါပြီ။
မြို့ပြမှာနေထိုင်ကြတဲ့ အမျိုးသမီးတွေရဲ့ အိမ်ပြန်ချိန်တွေ နောက်ကျရတဲ့အကြောင်းရင်းတွေထဲမှာ လုပ်ငန်း မပြီးပြတ်သေးတာကလည်း အဓိက အကြောင်းအရင်းဖြစ်တယ်။လုပ်ငန်းခွင် အစည်းအဝေးတွေကြောင့်လည်း ညကြီးမိုးချုပ်မှ အိမ်ပြန်ကြရသူတွေ ရှိတယ်။ လချုပ်အစီရင်ခံစာတွေ ရေးနေရလို့ အချိန်ပို ဆင်းနေရတဲ့ ဝန်ထမ်းအမျိုးသမီးတွေလည်း ရှိတယ်။ညပိုင်း အရောင်းဖွင့်တဲ့ ကုန်စုံဆိုင်(convenience store) က အရောင်းဝန်ထမ်းတွေနဲ့ ဘီယာအရောင်းမြှင့်တင်ရေး အရောင်းဝန်ထမ်းတွေရဲ့ အိမ်ပြန်ချိန်တွေကလည်း မိုးစုံးစုံးချုပ်ချိန်တွေသာ ဖြစ်ကြပါတယ်။
ရန်ကုန်မြို့ကြီးမှာနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ အိမ်ပြန်ချိန်တွေက ကံမကောင်း အကြောင်းမလှစွာပဲ အခြားမြို့ပြက အမျိုးသမီးတွေထက် ပိုလို့နောက်ကျပါတယ်။ အိမ်ပြန်ချိန် ဘတ်စ်ကားစီးရတဲ့ ဒုက္ခကို လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတိုင်း နေ့စဉ်ခံစားနေရတဲ့ဒုက္ခ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ကိုယ်ရောစိတ်ပါ အလုပ်လုပ်ခဲ့ရလို့ ကိုယ်စိတ်နှလုံး ချုံးချုံးကျနေတဲ့ အမျိုးသမီးတွေကို ငါးပိသိပ် ငါးချဉ်သိပ် ကြပ်ညပ်နေအောင် တင်ထားတဲ့ ဘတ်စ်ကားတွေရဲ့ယဉ်နောက်လိုက်တွေက ယာဉ်စီးခယူပြီး ငေါက်တယ်။ သက်တောင့်သက်သာမရှိတဲ့ ယာဉ်တွေပေါ်မှာ စိတ်မသက်မသာ ထိုင်ပြီး အနံ့ပေါင်းစုံ ရှုရှိုက်ရင်း အိမ်ပြန်ကြရတယ်။
အိမ်ပြန်ချိန်တွေမှာ ခရီးသည်လုရင်းပြိုင်ကားသဖွယ် အပြိုင်မောင်းကြတဲ့ ဘတ်စ်ကားယာဉ်မောင်းတွေရဲ့ ကားကိုစီးရင်း ဘုရားစာတွင်တွင်ရွတ်လို့ ဘယ်ကိုမှ စိတ်မပျံ့လွင့်ရဲတဲ့ အမျိုးသမီးတွေ ရှိတယ်။ ကားပေါ်မှာ ခရီးသည်တွေပြည့်နေပေမယ့် ကားမှတ်တိုင်က ကွမ်းယာသည်နဲ့ဆွေမျိုးစပ်နေတဲ့ စပယ်ယာတွေကို သည်းခံကြရတယ်။ကိုယ့်ထိုင်ခုံရှေ့မှာ နေရာမရလို့ ရပ်နေသူက ကိုယ့်ထက် အသက်ကြီးသူဖြစ်နေသည့်တိုင် အထုပ်အပိုးပါခဲ့ရင် ကူညီကိုင်တွယ်ပေးတာကလွဲလို့ ထိုင်ခုံနေရာ ဖယ်မပေးနိုင်ကြတော့ဘူး။ (ကိုယ်တိုင်က တနေကုန် ပင်ပန်းနွမ်းနယ်စွာ လုပ်ကိုင်ခဲ့ရတာမို့ ထိုင်ခုံနေရာကို မက်မောလို့ မဟုတ်ပါပဲ ဝန်စည်စလွယ်တွေနဲ့ မတ်တပ်မရပ်ချင်တော့တာလည်း ပါတယ်။)
မြို့ပြခရီးသည် သယ်ယူပို့ဆောင်ရေးကို စနစ်တကျ မစီမံတတ်တဲ့ အဖွဲ့အစည်းအောက်မှာ လုပ်ကိုင်နေကြရတဲ့ ယာဉ်ပိုင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေနဲ့ နေ့စဉ်ဆက်ဆံနေကြရတဲ့ ရန်ကုန်မြို့ပြနေထိုင်သူတွေ ဘဝဟာ စိတ်မကောင်းစရာပါပဲ။ အခုလို ကားတွေပေါလာ၊ ခရီးသည်များလာ၊ ယာဉ်ကြောပိုရှုပ်ထွေးပြီး ယာဉ်ကြောပိုကြပ်လာချိန်မှာ ရန်ကုန်မှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေရဲ့ အိမ်ပြန်ချိန်က အရင်ထက်ပိုလို့ နောက်ကျလာခဲ့ရပါတယ်။
၂၁ ရာစု အမျိုးသမီးတွေရဲ့ အိမ်ပြန်ချိန်တွေက လုံခြုံစိတ်ချရပါရဲ့လား။ မန္တလေးမြို့က ဂျာနယ်လစ် အမျိုးသမီးတယောက်က သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အိမ်ပြန်ချိန်ကို အခုလိုပြောပြတယ်။ “သတင်းကိစ္စနဲ့ အင်တာဗျူးဖို့ တိုက်က ထွက်လာတော့ ညနေ (၆း၀၀) နာရီလောက်ရှိပြီ။ အင်တာဗျူးက နှစ်ဆင့်သွားရတာ။ အလုပ်ပြီးလို့ပြန်မယ်ဆိုတော့ ည(၈း၀၀) နာရီထိုးပြီးပြီ။ ကျမစီးတဲ့ ဆိုင်ကယ်ဘေးနားကို ဆိုင်ကယ်တစီး ကပ်လာပြီး နောက်ကနေကျော်လိုက်၊ ရှေ့ကနေ စီးလိုက် လုပ်နေတယ်။ ကြည့်လိုက်တော့လည်း ရီဝေဝေနဲ့။ ဆိုင်ကယ်နံပါတ်က မပါဘူး။ အခုတော့ ကိုယ့်အနားကို ဆိုင်ကယ်ကပ်လာရင် ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကြောက်နေပြီ”တဲ့။
အခုနောက်ပိုင်းမှာ မြို့ပြညတွေက မလုံခြုံတော့ဘူး။ အုပ်စုဖွဲ့ လုယက်တာတွေ ရှိတယ်။ မူးယစ်ရီဝေသူအချို့က မကြားနိုးနား ပြောကြတာတွေလည်း ရှိတယ်။ ပိုက်ဆံအိတ်လုပြေးတာ၊
ဟန်းဖုန်းလိုချင်လို့ ရိုက်လုတာ၊ ဆွဲကြိုးဖြတ်ပြေးတာစတဲ့ ရာဇဝတ်မှုတွေက နေ့စဉ်နီးပါးဖြစ်နေတယ်။ နှမသားချင်းမစာနာပဲ ထိကပါးရိကပါး လုပ်ကြတာတွေကိုလည်း မြို့ပြမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေရဲ့ အိမ်ပြန်ချိန်တွေမှာ ကြုံတွေ့နေကြရပါတယ်။
ယာဉ်ထိန်းတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဆိုင်ကယ်ပါဝင်တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တွေက အများဆုံးဖြစ်နေတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့ အများဆုံး အချိန်တွေကလည်း ညပိုင်းအချိန်တွေမှာ ပိုအဖြစ်များတယ်။ ယာဉ်ထိန်းတပ်ဖွဲ့ကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ အိမ်ပြန်ချိန်နောက်ကျမှာကို မြို့ပြက အမျိုးသမီးတွေ အရင်ကထက် ပိုပြီးစိုးရိမ်လာကြတယ်။ အမျိုးသမီးတွေရဲ့ အိမ်ပြန်ချိန်နောက်ကျမှုကြောင့် အိမ်မှာကျန်ရစ်တဲ့ မိသားစုဝင်တွေက လည်တဆန့်ဆန့်နဲ့ မျှော်နေရတာ ထုံးစံဖြစ်နေပါပြီ။ အိမ်ပြန်ရောက်သင့်တဲ့အချိန် မရောက်ရင် အိမ်ရှိလူကုန် စိတ်ပူကြရတယ်။ အိမ်ပြန်မရောက်သေးတဲ့ လုပ်ငန်းခွင်က သမီးကို မိဘတွေက ဖုန်းဆက်မေးသင့်ရင် မေးကြရတယ်။ အိမ်ပြန်ရောက်ပြီဆိုမှ စိတ်နှလုံးဒုံးဒုံးချရတဲ့ သမီးရှင်တွေရဲ့ မိဘတွေလည်းရှိပါတယ်။
“ည(၈း၃၀)နာရီမှာ ဖုန်းမည်လာရင် အဖေဆက်တဲ့ဖုန်းဆိုတာနံပါတ် မကြည့်ပဲနဲ့ ကျမသိတယ်”လို့ မန္တလေး ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်တဲ့အသက်၂၆ နှစ်အရွယ်ဝန်ထမ်း အမျိုးသမီးငယ် တယောက်က ပြောပါတယ်။ အရင်ခေတ်တွေက အမျိုးသမီးတွေ အလုပ်လုပ်စရာမလိုပဲ အိမ်ထောင်စုဇယားမှာ မှီခိုလို့ဖြည့်ခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ လူနေမှု ပုံစံတွေပြောင်းလာပြီး အမျိုးသမီးတွေလည်း အလုပ်လုပ်လာကြရတယ်။ ဟိုးအရင်ခေတ်တွေက အမျိုးသမီးတွေ လုပ်ငန်းစလုပ်ခဲ့ကြစဉ်မှာ ညနေ (၄း၀၀)နာရီဟာ လုပ်ငန်းခွင်သိမ်းချိန် ဖြစ်ပါတယ်။ တဖြည်းဖြည်း အိမ်ပြန်ချိန်တွေ နောက်ကျလာတယ်။
ဒီနေ့ကာလမှာ ည ၇ နာရီခွဲ (၈း၀၀) နာရီအိမ်ပြန်ရောက်ရင် စောတယ်လို့ သတ်မှတ်နိုင်တဲ့ကာလကို ရောက်လာပြီ။ မိသားစုတစုမှာ အိမ်ထောင်ဦးစီးတယောက်တည်းရဲ့ လုပ်ခလစာကို ထိုင်စားတယ်ဆိုတာ၂၀ ရာစု လူနေမှုပုံစံဖြစ်ပါတယ်။ အဲဒီတုန်းက ဖခင်ဖြစ်သူရဲ့ ဝင်ငွေတခုတည်းနဲ့ သားသမီးအားလုံးကို ကျောင်းပြီး ဘွဲ့ရသည်အထိ ထားနိုင်ခဲ့ကြတယ်။ အဖေဖြစ်သူက နေ့စားဝန်ထမ်း ဖြစ်စေ လခစားဝန်ထမ်းဖြစ်စေ သူ့တယောက်ထဲရဲ့ ဝင်ငွေက မိသားစုကို ဝမ်းဝရုံသာမက ခါးလှတဲ့အထိ ဆင်နိုင်ခဲ့ကြတယ်။ ဒီနေ့ခေတ်မှာတော့ အရွယ်ရောက်ပြီးသူတိုင်း အိမ်ရှိလူကုန် ကျားမ မရွေး တက်ညီလက်ညီ လုပ်လာကြရတယ်။ (အရွယ်မရောက်သေးတဲ့ ကလေးသာသာ အရွယ်တွေလည်း မိသားစုစားဝတ်နေရေးအတွက် လုပ်ငန်းခွင်အချို့မှာ ဝင်ရောက် လုပ်ကိုင်နေကြတာ ရှိပါတယ်။)
အိမ်ထောင်စုတွေရဲ့ ကုန်ကျစရာတွေကလည်း ပိုပြီးများလာတယ်။ မကုန်မဖြစ် ကုန်ကျစရိတ်တွေက ရှိနေတော့ ကျားမ မရွေး လုပ်နေကြရတယ်။ တယ်လီဖုန်းဘီလ်၊ လျှပ်စစ်မီတာခ၊ရေခွန်၊ ဗီစီဒီခွေ၊ ဆိုင်ကယ်ဓာတ်ဆီဖိုး၊ ဆိုင်ကယ်ပြင်ဆင်စရိတ်စတဲ့ ဗာဟီရတွေမှာ ကုန်ကျစရိတ်တွေက လစဉ်ထွက်နေတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ လူဦးရေက ၂၀၁၅ ခုနှစ် မေလ သန်းခေါင်စာရင်းအရ ၅၁ သန်းကျော် (၅၁,၄၈၆,၂၅၃ ဦးတိတိ) ရှိပါတယ်။ အမျိုးသားဦးရေက၂၄ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေက၂၆ သန်း ကျော်ရှိနေပါတယ်။ အသက် ၁၅ နှစ်ကနေ ၆၄ နှစ်အတွင်း အလုပ်လုပ်နိုင်တဲ့ (working age) လူဦးရေက ၃၂ သန်းကျော်(၃၂,၉၈၂,၇၆၈)ရှိတယ်။နိုင်ငံလူဦးရေရဲ့ ၆၇ ရာခိုင်နှုန်းက အလုပ်လုပ်နိုင်တဲ့အရွယ်တွေ ဖြစ်ကြတယ်။ အဲဒီထဲမှာ အမျိုးသမီးတွေရဲ့ အရေအတွက်က အများအပြား ပါဝင်တယ်။ အလုပ်လုပ်နိုင်တဲ့အရွယ် အလုပ်အကိုင်ရရှိမှုနဲ့ လူဦးရေအချိုးမှာ အမျိုးသား(၈၁.၉)ရာခိုင်နှုန်းနဲ့အမျိုးသမီး(၄၈.၄)ရာခိုင်နှုန်း ရှိပါတယ်။ အလုပ်လုပ်ဖို့ အသင့်ရှိနေတဲ့ အလုပ်အကိုင်ရှာဖွေဆဲက အမျိုးသမီးရော အမျိုးသားပါ(၄)ရာခိုင်နှုန်း ဝန်းကျင်မှာ ရှိနေပါတယ်။
အမျိုးသမီးတွေရဲ့ကာယ ဉာဏအားတွေကို စီမံခန့်ခွဲမှု၊ လုပ်သားအင်အားစု၊ ကုန်ထုတ်စွမ်းအားနဲ့ ဝန်ဆောင်မှုတွေမှာ သုံးနေကြရပါတယ်။ ဒီနေ့ခေတ်မှာ ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီး၊ ညွှန်ကြားရေးမှုးချုပ်၊ ပါမ္ခောချုပ်၊ တိုင်းဦးစီးမှုးစတဲ့ ရာထူးနေရာတွေအထိ အမျိုးသမီးတွေ တက်လှမ်းလာနိုင်တာ တွေ့နေရပါပြီ။ ကုန်ထုတ်လုပ်ငန်း၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ သူတို့ရဲ့ လုပ်အားကို အသိအမှတ်ပြုပြီး ရယူသုံးစွဲနေကြရတယ်။ သတင်းမီဒီယာလုပ်ငန်း၊ အရောင်းမြှင့်တင်ရေးလုပ်ငန်း၊စာရင်းစစ် စာရင်းကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လက်ခစား အထည်ချုပ်၊ ပညာရေး၊ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး စတာတွေမှာ အမျိုးသမီးတွေ ဝင်ရောက်လုပ်ကိုင်နေကြရတယ်။ ပင်ပမ်းတဲ့အလုပ်တွေဖြစ်တဲ့ လမ်းခင်းတဲ့အလုပ်၊ လမ်းသန့်ရှင်းရေးအတွက် အမှိုက်သိမ်းအလုပ်၊ ပန်းရံအလုပ်တွေမှာပါ အမျိုးသမီးတွေရဲ့ လုပ်အားကို အသိအမှတ်ပြုထားရတယ်။
လုပ်ငန်းခွင်မှာ အမျိုးသားတွေနဲ့ တန်းတူအမျိုးသမီးတွေ ရင်ပေါင်တန်းလုပ်နေကြရပေမယ့် သူတို့ရဲ့ အိမ်ပြန်ချိန်တွေက မလုံခြုံဘူး။ တချို့မိသားစုတွေမှာ အိမ်ထောင်ဦးစီးတာဝန်ကို
အမျိုးသမီးတွေက ယူထားကြရတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတွေအဖို့ နို့ဆာလို့စောင့်နေတဲ့ ရင်သွေးတွေ ရှိတယ်။ စိုးရိမ်စိတ်နဲ့ စောင့်ကြိုနေတဲ့ ခင်ပွန်းတွေ ရှိတယ်။အိမ်ထောင်မရှိတဲ့ အမျိုးသမီးတွေအတွက် အိမ်ပြန်ချိန်ကို သောကကြီးကြီးနဲ့စောင့်နေတဲ့ မိဘမောင်ဖွားတွေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ လုပ်ငန်းခွင်ကနေ အိမ်ကိုပြန်ချိန်တွေဟာ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာ ဖြစ်ဖို့လိုအပ်ပါတယ်။ ကိုယ်စိတ်နှလုံး သုံးပါးစလုံးရဲ့ လုံခြုံမှုကို အာမခံနိုင်တဲ့ လူ့အဖွဲ့အစည်း တရပ်ဖြစ်ဖို့ လိုအပ်ပါတယ်လို့ အကျိုးမျှော်ပြီး နှိုးဆော်လိုက်ပါရစေ။