ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပြေးဆွဲနေသော ကံ့ကော်ထူး ကမ်းရိုးတန်း ကုန်တင်ရေယာဉ်သည် ရန်ကုန်မှ စစ်တွေမြို့သို့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထွက်ခွာခဲ့ရာမှ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းနှင့် ၃၉ မိုင်ခန့် အကွာ တွင် အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားပြီး သင်္ဘောပေါ်တွင် လိုက်ပါသော သင်္ဘောသား ၂၁ ဦးမှာလည်း ပျောက်ဆုံး နေကြောင်း သတင်းရရှိသည်။
ကံကော်ထူးကုန်တင်ရေယာဉ်သည် စက်တင်ဘာလ ၁၇ ရက်နေ့မှ ရန်ကုန်မှနေ စစ်တွေသို့ ထွက်ခွာလာ ခဲ့ ရာ စက်တင် ဘာ လ ၁၉ ရက်နေ့တွင် အဆိုပါ ရေယာဉ်ကို လုံး၀ ဆက်သွယ်၍ မရတော့သဖြင့် နစ်မြုပ်သွားပြီဟု ယူဆရ ကြောင်း ၊ ကံကော်ထူး ကုန်တင်ရေယာဉ်၏ ရန်ကုန်- စစ်တွေခရီးစဉ်သည် ပုံမှန်အားဖြင့် ၄ ရက်သာ ကြာမြင့်သော ခရီးစဉ် တခု သာ ဖြစ်သော်လည်း စက်တင်ဘာလ ၂၄ ရက်နေ့ ၇ ရက်ကြာမြင့်သည်အထိ ရေယာဉ်မှာ စစ်တွေမြို့သို့ ဆိုက်ကပ် လာခြင်း မရှိ ကြောင်း စစ်တွေဆိပ်ကမ်းအာဏာပိုင်များက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းမှ ဝန်ထမ်းတဦးဖြစ်သူ ဦးလှမြိုင်က “ စက်တင်ဘာ ၁၇ ရက်နေ့ ရန်ကုန်ကနေ စ ထွက်ပြီး ၁၉ ရက်နေ့မှာ အဆက်အသွယ်ပြတ်သွားတယ်။ သဘောၤသား ၊ ရေယာဉ်မှုးနဲ့ အဆက်အသွယ်မရတော့ နစ်မြုပ်ပြီ လို့ ယူဆရပါတယ် ” ဟုပြောသည်။
စက်တင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် မြန်မာ့ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများကျရောက်ခဲ့ရာ ကံ့ကော်ထူးရေယာဉ်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့် ၃၉ မိုင်အကွာတွင် မိုးသက်လေပြင်းများကြောင့် နစ်မြှုပ်သွားပြီဟု ယူဆရကြောင်း၊ သင်္ဘောသား ၂၁ ဦးမှာလည်း အသက်ဆုံးရှုံးသွားပြီဟု ယူဆရဖွယ်ရှိနေကြောင်း စစ်တွေဆိပ်ကမ်းမှ တာဝန်ရှိသူတချို့က သုံးသပ်ပြောဆိုသည်။
ရန်ကုန်မြို့ရှိ ကံ့ကော်ထူးရေယာဉ်လိုင်း၏ ကုန်ပစ္စည်းတာဝန်ခံ ဦးကျော်မင်းသိန်းကို ဧရာဝတီက ဆက်သွယ် မေးမြန်း ရာတွင်မူ ရေယာဉ်နစ်မြှုပ်သွားခြင်း ရှိ၊ မရှိ အတည်မပြုနိုင်သေးကြောင်း၊ လတ်တလော ရေယာဉ်နှင့် လုံး၀ အဆက် အသွယ် ပျောက်ဆုံးလျက်ရှိသည်ကိုသာ အတည်ပြုနိုင်ကြောင်း ပြောဆိုသည်။
အဆိုပါကံ့ကော်ထူး ကုန်းရိုးတန်း ကုန်တင်ရေယာဉ်၏ပိုင်ရှင်သည် ရန်ကုန်မြို့မှ ဦးမောင်စံထွေး ဖြစ်ပြီး ရေယာဉ် သည် အလျား ၁၀၂ ပေ ၀၄ လက်မ ၊ အနံ ၃၀ ပေ ၀၅ လက်မ ၊ ရေယာဉ်အနက် ၁၃ ပေ ၀၈ လက်မ သစ်သားကိုယ်ထည် ရေယာဉ်အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။