ကချင်ပြည်နယ်မြောက်ပိုင်း (ကချင်အထူးဒေသ ၁ ပန်ဝါဒေသ) တွင် ကချင်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းနှင့် လက်ရှိ အမျိုးသားလွှတ်တော်အမတ်လောင်း ဦးစခုန်တိန့်ယိန်းက ကချင်ပြည်နယ်တွင်းရှိ ၎င်း၏ မဲဆန္ဒနယ်မြေ အမှတ် ၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများကို မဲဆွယ်စည်းရုံးမှုများ မပြုလုပ်ရန် သတိပေး အကြောင်းကြားခဲ့ကြောင်း သိရသည်။
လက်ရှိ ကချင်ပြည်နယ် အမှတ် ၅ မဲဆန္ဒနယ်မြေ ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ပြီး လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း ၎င်းမဲဆန္ဒနယ်မြေမှပင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးစခုန်တိန့်ယိန်းက NLD ကိုယ်စားလှယ်လောင်းများအား ဝိုင်းမော်၊ ချီဖွေနှင့် ဆော့လော်မြို့နယ်များရှိ ကျေးရွာများတွင် မဲဆွယ်စည်းရုံးမှုများ မပြုလုပ်ရန် တားမြစ်စာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထိုမြို့နယ် သုံးမြို့နယ်မှာ တရုပ်မြန်မာနယ်စပ် မြို့နယ်များဖြစ်ပြီး ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) လှုပ်ရှားရာ နယ်မြေလည်း ဖြစ်သည်။
ဦးစခုန်တိန့်ယိန်းသည် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ၏ ခေါင်းဆောင်ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် အစိုးရစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည့် အဖွဲ့ဖြစ်သည်။ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို အနိုင်ရကာ အမျိုးသားလွှတ်တေ်ာအမတ် ဖြစ်လာခဲ့သည်။
NDA-K ခေါင်းဆောင်မှ စက်တင်ဘာလ ၂၂ ရက် ရက်စွဲဖြင့် ပေးပို့သော စာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများအား “နယ်မြေဒေသနှင့် နယ်မြေဒေသအတွင်း မှီတင်းနေထိုင်ကြသည့် လူမျိုးမရွေး ဘာသာမရွေး မခွဲခြားဘဲ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အပြည်အဝရရှိရန် ဖော်ဆောင်ဆဲကာလဖြစ်သဖြင့် ဖွံဖြိုးတိုးတက်ရေး လုံခြုံရေး အာမခံ ကတိကဝတ်များရရှိရန် ဖော်ဆောင်ဆဲကာလဖြစ်ပါသည်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးအား နိုင်ငံတော်အုပ်ချူပ်မည့် အာဏာအပ်နှင်းပေးရန် မျော်လင့်ယုံကြည်နေကြသည့် ပါတီများ လူပုဂ္ဂိုလ်များ များပြားစွာ လှုပ်ရှားလာကြပါသည်။ မိမိတို့လက်ခံရန် အဆင်သင့်မရှိသေးသဖြင့် စည်းရုံးလှုပ်ရှားမှုများအား တားမြစ်ပါသည်” ဟု ရေးသားထားပြီး “၎င်းနယ်မြေဒေသသည် အစိုးရ အပြောင်းအလဲ ပြုလုပ်ရေး ရည်ရွယ်ဆောင်ရွက်နေခြင်း မရှိသေးသည့် ဒေသဖြစ်သဖြင့် နောက်ဆုတ်သွားကြရန် အကြောင်းကြားပါသည်” ဟု ပါရှိသည်။
NLD ပါတီမှ ဆော့လော်မြို့နယ်ကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်လောင်း ဦးဇော်လိုင်က ချီဖွေ အရှေ့မြောက်ဘက် ပန်ဝါဒေသသို့ မဲဆွယ်စည်းရုံးရေးဆင်းနေသော ၎င်းတို့၏ ချီဖွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းနိုင်ကို ပန်ဝါဒေသမှ ထွက်ခွာသွားရန် မောင်းထုတ်လိုက်သည်ဟု ကြားသိရကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“ကျနော်တို့ရဲ့ ချီဖွေမြို့နယ် NLD ဥက္ကဌဖြစ်တဲ့ ကိုယ်စားလှယ်လောင်း ဦးမင်းနိုင်ကို မဲဆွယ်စည်းရုံးတာတွေ လာမလုပ်ဖို့ ပန်ဝါကနေ မောင်းထုတ်လိုက်တယ်လို့ ကြားရပါတယ်။ အသေးစိတ်တော့ ကျနော်လည်း သေချာ မသိရသေးပါဘူး” ဟု သူက (စက်တင်ဘာ ၂၃ ရက်) ဗုဒ္ဒဟူးနေ့က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများအနေဖြင့် မည်သည့် မြန်မာ့အချုပ်အခြာ အာဏာပိုင်ဒေသတွင်းမဆို လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့် ရှိရမည်ဖြစ်ကြောင်း သူက ဆိုသည်။
“အခုလို တဦးချင်းစီကနေ ပန်ဝါမှာ မဲဆွယ်တာတွေ မလုပ်ဖို့ ကျနော်တို့ကို ပြောပိုင်ခွင့် မရှိဘူးလို့ ထင်တယ်” ဟု ဆိုသည်။ ဦးဇော်လိုင် ကိုယ်တိုင်လည်း ဆော့လော်မြို့သို့ မဲဆွယ်စည်းရုံးရေးဆင်းရန် သွားနေရင်း လမ်းခုလတ်တွင် ဖြစ်သည်။
နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွင် ဦးစခုန်တိန့်ယိန်းနှင့် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများမှာ NLD၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ လော်ဝေါ် အမျိုးသားညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ဖြစ်သည်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်သည် ချီဖွေ၊ ဆော့လော်နှင့် အင်ဂျန်းယန်မြို့နယ်များကို ကိုယ်စားပြုပြီး ထိုမြို့နယ်များတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ နှစ်သောင်းအောက်သာ ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများကို ဒေသတွင်းမဲဆွယ်ခွင့် တားမြစ်ကန့်သတ်သည့်အကြောင်းကို ကြားသိရကြောင်း တိုင်းလိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ စိုင်းဌေးအောင်ကလည်း ပြောဆိုသည်။
“ဒီသတင်း ကျနော်တို့လည်း ကြားပါတယ်။ အဲဒါက အမှန်ဆိုရင်တော့ မဖြစ်သင့်ပါဘူး” ဟု သူက ဆိုသည်။ တိုင်းလိုင် ပါတီ TNDP အနေဖြင့်လည်း ဝိုင်းမော်မြို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရှိသော်လည်း ထိုကဲ့သို့ သတိပေးမှုမျိုး ၎င်းတို့ပါတီအနေဖြင့် မရရှိကြောင်း တိုင်းလိုင်ပါတီ ဥက္ကဌက ဆိုသည်။
ဦးစခုန်တိန့်ယိန်း၏ သတိပေးတားမြစ်စာအရ ဝိုင်းမော်ချီဖွေ၊ ဆော့လော်နှင့် အင်ဂျန်းယန်မဲဆန္ဒနယ်များမှ NLD ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၁၃ ဦးအပေါ် တိုက်ရိုက်ထိခိုက်နိုင်သည်။