မတ်စောက်ကွေ့ကောက်ပြီး ပြုပြင်ဆဲ ကတ္တရာလမ်းများ၏ ဘေးဘယ်ညာတွင် “သတိ မိုင်းရှိသည်” ဟူသည့် ဆိုင်းဘုတ်များလည်း တွေ့ရသည်။ ထိုလမ်းတလျှောက် ကျေးရွာများတွင် ကယားရိုးရာဝတ်စုံများ ဝတ်ဆင် ကြပြီး “ခွပ်ဒေါင်း” အလံ ကိုင်ဆောင် ထားကြကာ အိုးစည်တီး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြသည်။
ထိုနေရာသည် ကယားပြည်နယ် လွိုင်ကော်မြို့နှင့် မိုင်ပေါင်း ၄၀ ကျော် ခန့်ဝေးကွာပြီး ၂ နာရီခွဲကျော် ကားဖြင့် မောင်းပါက ရှားတောမြို့သို့ ရောက်ရှိသည်။ ရှားတောမြို့နယ် အတွင်းရှိ ပြည်သူများသည် ကယားဘာသာ စကားကို အဓိက ပြောဆိုကြပြီး မြန်မာဘာသာစကား မပြောတတ်ကြသည် ကိုလည်း တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ခရီးစဉ် ဖြစ်သည့် ရှားတောမြို့နယ်သို့ စက်တင်ဘာ ၁၂ ရက်နေ့တွင် သွားရောက်ကာ လမ်းပေါ်ရှိ ဒေါလဲဒူး ကျေးရွာတွင် ခဏရပ်ကာ ဒေါလဲဒူးကျေးရွာ ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံစဉ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ပါတီအလံအကြောင်း မေးမြန်းသည့်အခါ ကယားလူမျိုးများက မသိကြကြောင်းကိုလည်း ကယားအမျိုးသမီးငယ်တဦးက ဘာသာပြန်ပေးနေသည်။
ထိုတွေ့ဆုံချိန်တွင် ဒေသခံများက ဒေါ်အောင် ဆန်းစုကြည်အား ဆန်များပေးရန်၊ ကျောင်းများ ဆောက်လုပ် ပေးရန် တောင်းဆိုခဲ့သည်။ “ဆန်တွေ စိုက်ပျိုးဖို့ ခက်ခဲတယ်။ အိမ်တိုင်းမှာ ဆန်မရှိဘူး။ ဆန်ပေးပါ။ ကျောင်းတွေ မရှိဘူး။ ကျောင်းဆောက်ပေးပါ” ဟု ဒေသခံတဦးက ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆိုသည်။
ကယားပြည်နယ် မဲဆွယ်ခရီးစဉ် လာရောက် သည့် ဒေါ်အောင်ဆန်းစုကြည်ကို ကယားပြည်သူများက မသိရှိကြ၊ ပွဲလုပ်မည် ဟူ၍သာ လာရောက် ကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဟောပြောသည့် အကြောင်းကို နားမလည်ကြ ကြောင်းကို ရှားတောဒေသခံများက ဧရာဝတီသို့ ပြောသည်။
“ရွေးကောက်ပွဲ ဆိုတာ မသိဘူး။ ပွဲရှိလို့ လာကြည့်တာ။ ဒီလိုမျိုးပွဲက ကျမတို့ဆီမှာ တခါမှ မလုပ်ဖူးဘူး။ ဒီနှစ်ထဲမှာ ဒါနဲ့ဆို ၂ ခါရှိပြီ။ ဟိုတနေ့ကလည်း ပွဲတခါ လုပ်သေးတယ်” ဟု ရှားတောမြို့ခံ ဒေါ်ဖရမ်းမွန်က ဧရာဝတီသို့ပြောသည်။
စက်တင်ဘာလလဆန်းက ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး မဲဆွယ်ခရီးစဉ်အနေဖြင့် ကယားပြည်နယ် ဒီမောဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲ မြို့၊ ဖားဆောင်းမြို့၊ လွိုင်ကော်မြို့နှင့် ရှားတောမြို့သို့ သွားရောက်ကာ ပါတီအောင်နိုင်ရေး အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ လူထုဟောပြောပွဲ ပြုလုပ်ခဲ့သည်။
NLD မဲဆွယ် ဟောပြောမှုကို လာရောက်နားထောင်သည့် ဖရူဆိုမြို့တွင် နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသမီးက “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျမတို့ ဘယ်သူ့ကို မဲပေးရမှန်း မသိသေးဘူး။ ရွေးကောက်ပွဲ ဆိုတာလည်း သိပ်မသိဘူး။ နားမလည်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ကယားပြည်နယ်တွင် မြို့နယ် ၇ မြို့နယ် ရှိပြီး မဲဆန္ဒရှင် ၁ သိန်း ၇ သောင်းကျော်သာ ရှိသည်။ ထိုသို့ လူဦးရေ ထူထပ်မှု အနည်းဆုံးဒေသ ဖြစ်ပြီး မဲပေးနိုင်သူဦးရေ နည်းပါးသည့် မဲဆန္ဒနယ်များတွင် သမ္မတဦးသိန်းစိန်၏ လူယုံတော်များ ဖြစ်ကြကာ လက်ရှိတွင်လည်း သမ္မတရုံး ဝန်ကြီးများ ဖြစ်ကြသော ဦးစိုးသိမ်းနှင့် ဦးအောင်မင်းတို့ လည်း တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပါလိမ့်မည်။
ဧရာဝတီအနေဖြင့် ယင်းဒေသများသို့ ရောက်ရှိ ခဲ့စဉ်အတွင်း ဝန်ကြီးဦးစိုးသိမ်းနှင့် ဦးအောင်မင်းတို့က အပစ် ရပ်စဲထားသော ဒေသခံ လက်နက်ကိုင်အဖွဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) မှတဆင့် ဒေသခံများက ဆန်နှင့် ပစ္စည်းဝေငှမှုများ ပြုလုပ်သည်ကို တွေ့ရှိခဲ့ရသည်။
ဘောလခဲမြို့နယ်တွင် ဒေသတွင်းဘောလုံး ပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး စကိုင်းနက် ရုပ်သံစက် ၅၇၀ ကျော် တနှစ်တာ ကြည့်ခွင့် အထူးထောက်ပံ့ ပေးမှုများ ပေးသလို ရှားတောမြို့တွင်လည်း ငြိမ်းချမ်းရေး တံဆိပ်ပါ ၆ ပြည်အိတ် ဆန်၊ ဦးထုပ်၊ ထီးနှင့် ကျောင်းသားများ အတွက် ကျောင်းဝတ်စုံ များကို ထောက်ပံ့မှုပြုလုပ်သည်။ ဆက်သွယ်ရေး ခက်ခဲပြီး ဆန်အိတ်ပို့ရန် ခက်ခဲသည့်ဒေသများကို ကျေးရွာ တရွာလျှင် ငွေ ၁၂ သိန်း ပေးခဲ့ကြောင်း ရှားတော မြို့ ဒေသခံများက ပြောပြကြသည်။
ရှားတော မြို့နယ်အတွင်းသို့ ပစ္စည်းများ ဝေငှရန် အတွက် ကရင်နီ တိုးတက်ရေးပါတီ (KNPP) မှလည်း စာရင်း ကူကောက်ခဲ့ရ ကြောင်း၊ ရွာ ၁၁ ရွာကို ဆန်အိတ် ၁၆၀ဝ ဖြန့်ဝေငှပေးခဲ့ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ဆိုးရွားပြီး ဆန်အိတ်ပို့ရန် ခက်ခဲသည့် ကျေးရွာကို တရွာလျှင် ငွေ ၁၁ သိန်းကျပ် ပေးခဲ့ပြီး၊ အဆိုတော် ရဲလေးကလည်း ဖျော်ဖြေပွဲ လာလုပ်ခဲ့ကြောင်း ရှားတောမြို့ (KNPP) မှ ဆက်ဆံရေးတာဝန်ခံ ဦးဘိုးလွယ်က ဧရာဝတီ သို့ ပြောသည်။
“ဒီလ ၃ ရက်နေ့က စဝေပါတယ်။ ၇ ရက်နေ့ အပြီး ဝေရပါတယ်။ လျှပ်စစ်မီးတွေ ရဖို့ လုပ်နေပါတယ်။ ကျနော်တို့ ရှားတောဘက်မှာ စာတက်တဲ့ သူတွေ မရှိဘူး။ ဘာမှ နားမလည်ဘူး။ ပိုက်ဆံပေးတဲ့သူ နိုင်နိုင်ပါတယ်” ဟု ဦးဘိုးလွယ်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း တသီးပုဂ္ဂလ ကိုယ်စားလှယ်များသည် အစိုးရဖွဲ့လို့ မရသည့် အတွက် အစိုးရဖွဲ့နိုင်သည့် ပါတီများကို မဲပေးကြရန် ရှားတောမြို့နယ် လူထုမဲဆွယ် စည်းလုံးရေးတွင် ပြောကြားသည်။
အဓိကအားဖြင့် ဒီမိုကရေစီ လမ်းဖွင့်ပေးမည့် အစိုးရ တခု တည်ထောင်နိုင်ရန် လာမည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲထည့်ရန်၊ ကြိုတင်မဲကို သတိရှိရန်နှင့် အစိုးရ ဖွဲ့နိုင်ပါက ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အဓိက လုပ်ဆောင်သွားမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
“ကျမတို့ အစိုးရလုပ်ချင်တယ် ဆိုတာ ဒီနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းပိုင်ခွင့်ကို ပြည်သူထံမှ တောင်းဆိုတာပဲ ဖြစ်ပါတယ်။ မက်လုံးပေးပြီး မဲဆွယ်တာ ခြိမ်းခြောက်ပြီး မဲဆွယ်တာဟာ ရွေး ကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ ငြိတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် အပစ်ရပ်စဲထားသော်လည်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မရှိသေးသော ကယားပြည်နယ်ရှိ မြို့နယ် များတွင် စစ်တပ်များစွာ ရှိကြကြောင်း၊ စစ်တပ်တွင် မဲဆန္ဒရှင် မည်မျှရှိသည်ကို အမတ်လောင်းများက မသိရှိသေးကြောင်း ကိုလည်း ရှားတောမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း ဦးအောင်ကျော်စိုးက ဧရာဝတီသို့ပြောသည်။
“ဒီဒေသမှာရှိ တဲ့ လူထုတွေက ရိုးသားတယ်။ ဒီရိုးသားတဲ့ အပေါ်မှာ သူတို့တွေက အနိုင်ယူချင်တဲ့ စိတ်ရှိတယ်။ ကျနော်တို့ ဒေသမှာ မဲပေးနိုင်တဲ့ ဦးရေနည်းတဲ့ အပေါ် ရိုးသားမှုတွေ အပေါ် လာပြီး ဗိုလ်ကျ စိုးမိုးချင်တယ် ပေါ့။ အဲ့ဒါကြောင့် ကျနော် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်”ဟု ဦးအောင် ကျော်စိုးက ဆိုသည်။
သို့ရာတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ဆိုသော်လည်း ကယားပြည်နယ် အတွင်းရှိ ဒေသခံများက ရွေးကောက်ပွဲ သည် မည်သည့် အရာနည်း ဟုပင် မသိရှိသကဲ့သို့ မဲပေးပုံပေးနည်း ကိုလည်း ပညာပေးမှုများ လာရောက်ပြောပြခြင်း မရှိကြောင်း၊ ပါတီများမှ ကျေးရွာသို့ ဆင်းပြီး မဲဆွယ်သည်ကို တွေ့မြင်ရသော်လည်း နားလည်မှု မရှိကြောင်းကို ဖားဆောင်းမြို့မှ ဒေါ်ဘောရီထူးက ဧရာဝတီသို့ ပြောသည်။
“ကျမတို့ မြို့မှာတော့ NLD က ပထမဆုံး လူထု ဟောပြောပွဲလုပ်တာပဲ။ ဒေါ်စု ဘာတွေ ပြောမလဲ ဆိုတာ လာနားထောင်တာပါ။ ရွေးကောက်ပွဲမှာ မဲဆွယ်ပြီး တကယ်နေရာ ရရင်တော့ ကျမတို့ မြို့ကို ပြန်လာပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရင် ကောင်းပါတယ်။ ကျမတို့ ကယားပြည်နယ်မှာ တခြားပြည်နယ်နဲ့ စာရင် ဖွံ့ဖြိုးမှု အဘက်ဘက်က အားနည်းနေပါတယ်” ဟု ဒေါ်ဘောရီထူးက ဆိုသည်။
ကယားပြည်နယ်အတွင်း NLD ပါတီ၊ တသီးပုဂ္ဂလ အဖြစ် သမ္မတဝန်ကြီး ဦးစိုးသိမ်း၊ ဦးအောင်မင်း၊ ရှမ်းဒီမိုကရက်တစ် အမျိုးသားပါတီ (SNDP) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၊ ကယားလူမျိုးစုံ ဒီမိုကရေစီ ပါတီ၊ ကယန်း အမျိုးသားပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) နှင့် ကြံ့ခိုင်ရေး ပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်မည်ကိုလည်း သိရသည်။ ။