ဖက်ဒရယ် ပြည်ထောင်စုပါတီ(FUP)မှ ဥပဒေအကြံပေး ဒေါ်နီနီမြင့်သည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ဒေါ်နီနီမြင့်သည် ၁၉၈၆ ခုနှစ်မှ စတင်ပြီး တရားလွှတ်တော်ရှေ့နေ တဦးအဖြစ်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
ယခုရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၎င်း၏ နိုင်ငံရေး သဘောထား အမြင်များကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းက တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ဖက်ဒရယ် ပြည်ထောင်စုပါတီ(FUP) ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဘာကြောင့် ရွေးချယ်ခဲ့တာပါလဲ။
ဖြေ။ ။ ပါတီရဲ့ လမ်းညွန်မှုတွေနဲ့ မူဝါဒတွေအပေါ် ကျမအနေနဲ့ ယုံကြည်မှုရှိလို့ ဒီပါတီကို ဝင်ပြီး ကိုယ်စားလှယ်လောင်း တယောက် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဗမာတယောက်ဖြစ်တဲ့ ကျမအနေနဲ့ ဒီပါတီကို ဝင်ခဲ့တဲ့အတွက် မေးတဲ့ သူတွေ၊ ပြောတဲ့သူတွေ ရှိပါတယ်။
ဘာလို့ ကိုယ့်ဗမာပါတီတွေထဲ မဝင်တာလဲ ဆိုပြီးတော့ပေါ့။ ကျမကတော့ တိုင်းရင်းသားအားလုံး အကျိုးကို ဒီပါတီကနေ ဆောင်ရွက် နိုင်မယ်ယုံကြည်လို့ ဒီပါတီကနေ ဝင်ပြိုင်ဖို့ ဆုံးဖြတ်တာပါ။ ကျမအနေနဲ့ ဒီပါတီထဲကို ၂၀၁၅ ခုနှစ်မှ ဝင်ရောက်တာဖြစ်ပြီး ပါတီမှာလည်း လက်ရှိ ဥပဒေအကြံပေးအဖြစ် တာဝန်ထမ်းဆောင် နေပါတယ်။
မေး။ ။ ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ။
ဖြေ။ ။ ကျမတို့အနေနဲ့ အခုချိန်မှာ မဲဆွယ်စည်းရုံးရေးတွေကို လုပ်ဆောင်နေပါပြီ၊ ဒီနေရာမှာလည်း အောက်ခြေအထိ ဆင်းပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ အသံတွေ နားထောင်တာတွေ ဆွေးနွေးတာတွေ လုပ်ပါတယ်။ ကျမတို့ပါတီကလည်း စတင် တည် ထောင် တာ သိပ်မကြာသေးတဲ့အတွက် မိတ်ဆက်ရင်းနဲ့ပဲ မဲဆွယ်စည်းရုံးတာတွေ လုပ်နေပါတယ်။
မေး။ ။ အင်းစိန်မြို့နယ်မှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တဦးအနေနဲ့ မြို့နယ်ထဲမှာ ဘာတွေအဓိက လိုအပ်နေတယ်လို့ ထင်ပါလဲ။
ဖြေ။ ။ အများစုက စီးပွားရေးအရ နိမ့်ကျနေကြတယ်။ တခြားသော ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာလည်း အားနည်းချက် တွေ ရှိနေပါတယ်။ နောက်ပြီး မြို့နယ်အတွင်းမှာ ရှိနေတဲ့ စက်ရုံတွေနဲ့ တခြားသော အလုပ်သမားတွေရဲ့ ဘဝတွေမှာလည်း စားဝတ် နေရေး ခက်ခဲနေကြပါတယ်။ သူတို့အနေနဲ့ ဒါတွေကို အများဆုံး တင်ပြကြတာလည်း တွေ့ရပါတယ်။ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့လည်း အားလုံးနဲ့ ဆက်နွယ်ပြီး တင်ပြကြတာတွေ ရှိပါတယ်။
မေး။ ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ပြည်သူတွေအတွက် ဘာတွေ အရင်ဆောင်ရွက်ပေးသွားမှာပါလဲ။
ဖြေ။ ။ ကျမတို့ပါတီရဲ့ အဓီက ရည်ရွယ်ချက်က ပြည်ထောင်းစုဖွား တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ် အတူတကွ နေထိုင်နိုင်ဖို့၊ ငြိမ်းချမ်းရေး ရရှိဖို့၊ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ဖို့ပါပဲ။ ကျမအနေနဲ့ကတော့ ပြည်သူတွေအားလုံး တန်းတူအခွင့်အရေးတွေ ဘက်စုံတိုးတက်လာဖို့၊ တရားဥပဒေ စိုးမိုးရေးတို့ကို ဦးစားပေး လုပ်ဆောင်သွားမှာပါ။ တခြားကျန် တဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ စတာတွေကို ပြည်သူတွေရဲ့ အသံကို နားထောင်ပြီးတော့ ကြိုးပမ်းလုပ်ဆောင်ပေး သွား မှာပါ။
မေး။ ။ လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာမယ်လို့ရော ထင်ပါသလား။
ဖြေ။ ။ လက်ရှိ ရွေးကောာက်ပွဲ ကော်မရှင်က လူတွေကလည်း အမှန်တရားကို ဖော်ထုတ်ချင်တဲ့သူတွေ ဖြစ်မယ်လို့ မှတ်ယူထား တယ်။ အခု မဲစာရင်း မှားယွင်းမှုတွေနဲ့ ပတ်သက်လို့လည်း အတတ်နိုင်ဆုံး ပြန်လည်ပြင်ဆင်ပြီး တည့်မတ်နိုင်ဖို့ ကြိုးပမ်းနေကြတာ ကိုလည်း တွေ့ရပါတယ်။ အားလုံးက ပြောင်းလဲချင်တဲ့ နိုင်ငံသားတွေ အနေနဲ့ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ကို အတတ်နိုင်ဆုံး ဝိုင်းဝန်းဆောင်ရွက်နေတယ်လို့ မြင်ပါတယ်။ အများကြီး ဆိုးဆိုးဝါးဝါးကြီး မဖြစ်ဖို့ကိုတော့ မျှော်လင့်ပါတယ်။
မေး။ ။ အနိုင်ရပြီး လွှတ်တော်ထဲ ရောက်သွားတဲ့အချိန်မှာ ဘယ်လိုအင်အားစုမျိုးနဲ့ မဟာမိတ် ဖွဲ့သွားမှာပါလဲ။
ဖြေ။ ။ ဒါကတော့ ကျမတို့ပါတီ အနိုင်ရရှိတဲ့အပေါ် မူတည်ပြီးတော့ ပါတီရဲ့မူဝါဒတွေ လမ်းစဉ်ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီတဲ့ သူ တွေနဲ့ လက်တွဲသွားဖို့ပဲ ရှိပါတယ်။ အခုချိန်က ကျမတို့အနေနဲ့ ပြည်သူတွေအတွက် လွှတ်တော်ကနေ ဘယ်လိုကူညီ ဆောင်ရွက်နိုင် မလဲ ဆိုတာကို ကြိုးပမ်းနေရတုန်းပဲ ရှိပါသေးတယ်။ အခွင့်အရေး ရှိလာတယ်ဆိုရင်တော့ ပြည်သူအတွက် အကောင်းဆုံး ကြိုးပမ်း လုပ်ဆောင်ကြမယ့်သူတွေနဲ့ ပူးပေါင်းသွားမှာပါ။
မေး။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ရော ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ကတော့ အရမ်းကို ကျယ်ပြန့်ပါတယ်။ လတ်တလော အနေနဲ့တော့ ကျမတို့က ဘယ်ပုဒ်မကိုတော့ အရင်ပြင်ရမယ် ဆိုတာမျိုး မူဝါဒတော့ မရှိပါဘူး။ ကျမတို့အနေနဲ့ ကိုယ့်ကိုဦးဆောင်မယ့် ခေါင်းဆောင် တယောက်ကို ကိုယ်တိုင်ကပဲ ရွေးချယ်ရတာမျိုးကို လိုချင်ပါတယ်။ ပြည်သူတွေ အကျိုးစီးပွားအတွက် ပြင်ဖို့လိုအပ်နေတဲ့ ပုဒ်မတွေအားလုံးကို ပြင်ဆင်နိုင်ဖို့ ကျမတို့အနေနဲ့ အတတ်နိုင်ဆုံး ကြိုးပမ်းသွားကြမှာပဲ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ အေပေါ်မှာရော ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ ပြည်တွင်းငြိမ်းချမ်းရေးကတော့ အေးအေးချမ်းချမ်း လက်နက်ကိုင် တပ်ဖွဲ့တွေ အချင်းချင်း အပစ်အခတ်တွေ ရပ်စဲပြီး တဖက် နဲ့တဖက် လျှော့ပေးသင့်တာ လျှော့ပေးပြီး၊ မေတ္တာရှေ့ထား ကြိုးပမ်းလုပ်ဆောင်ကြမယ်ဆိုရင် ဒါထက်ပြီးပြည့်စုံတဲ့ ငြိမ်းချမ်း ရေးကို ရရှိနိုင်မယ်လို့ ကျမယုံကြည်ပါတယ်။
ငြိမ်းချမ်းရေးလုပ်တဲ့ နေရာမှာလည်း ဒီစာချုပ်လေးချုပ်ရုံနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ ဒါကို ဆက်လက်ပြီး သဘောတူညီချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ လိုပါတယ်။ စာချုပ်ဟာ စားပွဲပေါ်မှာတင် ပြီးသွားတဲ့ပုံမျိုး မဟုတ်ဘဲ နောင်တိုင်းပြည် ကောင်းကျိုးအတွက် ဆက်လက်ဆောင်ရွက်မယ့် သူတွေဟာ ကတိပြုထားတဲ့အတိုင်း လုပ်ဆောင်ဖို့ လိုပါတယ်။
မေး။ ။ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရက ဘယ်လိုအစိုးရ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါလဲ။
ဖြေ။ ။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီအသီးသီးက အနိုင်ရဖို့ကို အားလုံးက ကြိုးပမ်းနေကြတာပါပဲ။ ကျမတို့လည်း ကြိုးပမ်းနေကြတယ်။ အဲဒီအတွက် ရွေးကောက်ပွဲအပြီး အစိုးရသစ် ဖွဲ့တဲ့အခါ တိုင်းရင်းသား အင်အားစုတွေလည်း အထိုက် အလျောက် ပါဝင်လာကြမယ် ထင်ပါတယ်။
ဒါကလည်း ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကျင့်သုံးခဲ့တဲ့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ဖို့၊ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံကြီး တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ ကျမအနေနဲ့ ဒီလိုပဲ ဖြစ်လာမယ်လို့ ယုံကြည်သလို မျှော်လည်းမျှော်လင့်ထားပါတယ်။
မေး။ ။ ရွေးကောက်ပွဲ အသုံးစရိတ်ကို ဘယ်လောက်အထိ သုံးစွဲသွားဖို့ ရှိပါလဲ။
ဖြေ။ ။ ဘယ်လောက် အသုံးပြုမယ် ဆိုတာတော့ သတ်မှတ်ထားတာမျိုး မရှိဘူး။ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု သတ်မှတ် ထုတ်ပြန်ထားပေးတဲ့ ဘောင်ထဲက အတိုင်းပဲ လုပ်ဆောင်သွားမှာပါ။
မေး။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောချင်တာများ ရှိပါသေးလဲ။
ဖြေ။ ။ ကျမတို့အနေနဲ့ ပြည်သူတွေရဲ့ အသံကို နားထောင်မယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို လွှတ်တော်မှာ ပြန်တင်ပြဖို့ ဆိုတာ ကလည်း သူတို့က ကျမတို့ကို ရွေးကောက်တင်မြှောက်မှ၊ ကျမတို့ကို ခိုင်းပြီးတာဝန်ပေးမှ ဆောင်ရွက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ သူတို့အကျိုးကို ကျမတို့က ဆောင်ရွက်ချင်တဲ့အတွက် ကျမတို့ကို ရွေးချယ်ခြင်းအားဖြင့် ကျမတို့ကလည်း သူတို့အကျိုးကို ဆောင်ရွက်နိုင် အောင် မဲပေးကြပါလို့ ပြောချင်ပါတယ်။ ။