ထိုင်းဘုရင့် သမီးတော် မဟာ ချက်ကရီသီရိဒုံ လာမည့် အောက်တိုဘာလ ၃ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သတင်းရသည်။
မင်းသမီး သီရိဒုံသည် အောက်တိုဘာ ၃ရက်နေ့မှ ၆ရက်နေ့အထိ လာရောက်မည်ဖြစ်ပြီး၊ ပထမဦးစွာ ဘန်ကောက်မြို့မှ ထားဝယ်ဒေသကို သွားရောက်မည်၊ ထိုမှတဆင့် နေပြည်တော် အမျိုးသားပြတိုက်သို့ လာရောက်လေ့လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒု ဝန်ကြီး ဦးသန်းဆွေက ပြောသည်။
“ထိုင်းသံအမတ်ပြောတာက ထားဝယ်ကိုအရင်သွားမယ်၊ ထားဝယ်မှာ ထိုင်းတွေတည်ခဲ့ ဘုရား ၂ဆူကို သွားဖူး မယ်လို့ ပြောတယ်၊ ရှေ့ပြေးတွေတော့ သွားကြည့်ပြီးပြီ”ဟု ဦးသန်းဆွေက ဆိုသည်။
ထိုဘုရား ၂ဆူမှာ ဆင်ဆိပ်ရပ်ကွက်ရှိ သြရဂဠံဘုရားနှင့် ခုံဝန်းဒတ် အရပ်ရှိ ဘုရားရှစ်မြှောင့် စေတီများဖြစ်ပြီး တနင်္သာရီတိုင်းကို ယိုးဒယားဘုရင်များ သိမ်းပိုက်ထားစဉ်က တည်ထားခဲ့သည်ဟု သိရသည်။
တရုတ်၊ အိန္ဒိယ၊ ပါရှန်း စသည့်နိုင်ငံများ ကူးသန်းရောင်းဝယ်ရာ ရေလမ်းကြောင်းပေါ် တွင်ရှိသည့် တနင်္သာရီ ဒေသသည် အေဒီ ၃ရာစုနှစ်ခန့်ကစတင်ကာ ပုဂံမင်းများ၏ ပိုင်နက်အဖြစ် ရှိခဲ့သော်လည်း နောက်ပိုင်းတွင်မူ အုပ်ချုပ်သူမင်း၏ အရည်အသွေးပေါ်တွင် မူတည်ကာ အာဏာစက်အတိမ် အနက်ပြောင်းလဲမှုများဖြစ်ခဲ့ သည်။
၁၄၀၀ခုနှစ် မွန်- မြန်မာစစ်ပွဲကြီးများ ဖြစ်ပွားနေသည့် ဟံသာဝတီ ရာဇဓိရာဇ်မင်းလက်ထက်တွင်မူ ယိုးဒယားတို့ ကသိမ်းပိုက်ခဲ့သော်လည်း တပင်ရွှေထီး၊ ဘုရင့်နောင်လက်ထက်တွင် မြန်မာပိုင်နက် ပြန်ဖြစ်ခဲ့သည်။
၁၆ရာစုကုန်ခါနီးတွင် ယိုးဒယားတို့က ပြန်လည်သိမ်းယူပြီး မြို့ဝန်မြို့စားတို့ ခန့်အပ်ကာ အုပ်ချုပ်စေခဲ့ပြန်ရာ ရေကြောင်းကူးသန်းရောင်းဝယ်မှုတွင် အချက်အခြာကျသည့် မြိတ်မြို့ကို အင်္ဂလိပ်လူမျိုး ရစ်ချတ်ဘာနာဘီ (Richard Burneby) နှင့် ယိုးဒယား ဝှိုက်ဟု လူသိများသည့် ဆင်မြူရယ် ဝှိုက် (Samuel White)တို့ အပိုင်စားပေးကာ အုပ်ချုပ်စေခဲ့သည်မှာ ထင်ရှား၏။
၁၇၅၉ခုနှစ်တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက ယိုးဒယားတို့လက်မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက် ရယူခဲ့ရာ ထိုကတည်းကစ၍ တနင်္သာရီဒေသသည် မြန်မာ- ယိုးဒယား အပြန်အလှန် အုပ်ချုပ်နေမှု အဆုံးသတ်ကာ ယနေ့တိုင် မြန်မာပိုင်နက်အတွင်းတည်ရှိနေသည်။
ထိုင်းဘုရင့် သမီးတော် မဟာ ချက်ကရီသီရိဒုံ၏ ယခုခရီးစဉ်တွင် ထိုင်းတို့နှင့် ဖက်စပ်လုပ်ကိုင်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်သို့ သွားရောက် မရောက်ဆိုသည်ကိုမူ မပြော နိုင်ကြောင်း ဒုဝန်ကြီး ဦးသန်းဆွေကပြောသည်။
မင်းသမီး သီရိဒုံ၏ ပထမဆုံးသော မြန်မာပြည်ခရီးစဉ်မှာ ၁၉၈၆ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ အုပ်ချုပ် နေစဉ်က ဥက္ကဌကြီး ဦးနေဝင်း၏ ဖိတ်ကြားချက်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဒုတိယ အကြိမ်အဖြစ် ၁၉၉၄ခုနှစ်က ထိုင်း- မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ ကျိုင်းတုံ တာချီလိတ်ဒေသရှိ ဒေသခံပြည်သူများ၏ လူမှုရေး ယဉ်ကျေးမှုများကို ၂ ရက်ကြာလေ့လာရေးခရီးအနေနှင့် လာရောက်ဖူးသည်။
မင်းသမီး သီရိဒုံသည် တတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို၂၀၀၃ ခုနှစ်က ၅ ရက်ကြာလာရောက်ခဲ့ပြီး ပဲခူး၊ မန္တလေး၊ မူဆယ်၊ ကချင်ပြည်နယ် ပူတာအိုမြို့နှင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့များသို့လည်း သွားရောက်ခဲ့ သည်။
စတုထ္တအကြိမ်မှာ ၂၀၁၀ခုနှစ်ကဖြစ်ပြီး ထိုင်းတော်ဝင်မိသားစုမှ လှူဒါန်းထားသည့် ဆိုင်ကလုန်း နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်း ကဒုကနိ ကျေးရွာ စာသင်ကျောင်း၊ ဒေါ်ငြိမ်းကျေးရွာ ဆေးရုံ၊ ရန်ကုန်မြို့ရှိ သွေးလှူဘဏ်တို့ကို သွားရောက်ကာ ရွှေတိဂုံစေတီတော်ကြီးနှင့် ကျိုက်ထီးရိုး စေတီတို့ကိုလည်း သွားရောက်ဖူးမြှော်ခဲ့သည်။ထိုစဉ်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ် မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တို့နှင့် တွေ့ဆုံ ခဲ့သည်ဟု အစိုးရသတင်းစာတွင် ဖော်ပြသည်။
၂၀၁၃ ခုနှစ်ကလည်း ထိုင်းဘုရင့်တပ်မတော် ဗိုလ်လောင်းများနှင့် အတူ ဒေသန္တရ ဗဟုသုတ ရရှိရေး ၁ ရက်တာ ခရီးစဉ်အဖြစ် ရန်ကုန်မြို့ရှိ အမျိုးသား ပြတိုက်၊ မူးယစ်ဆေးဝါး ပြတိုက်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ စာသင်ကျောင်း တချို့နှင့် ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့သည်။
မင်းသမီး မဟာ ချက်ကရီ သီရိဒုံကို ၁၉၅၅ ခုနှစ် ဧပြီ ၂ ရက်တွင် မွေးဖွားခဲ့ပြီး မွေးချင်းများတွင် တတိယမြောက် သမီးဖြစ်သည်။
၎င်းသည် ၁၉၇၆ ခုနှစ်၌ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ သမိုင်းအထူးပြု ဘာသာဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ဆီလ်ပါကွန် တက္ကသိုလ်မှ အရှေ့တိုင်း ဘာသာဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် သရီနာခါရင် ဝီရော့တ် တက္ကသိုလ်မှ ပညာရေးဖွံဖြိုးမှုဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ကြောင်း သိရသည်။