ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းဝက် ကျေးရွာတွင်းသို့ လက်နက်ကြီးကျည် ကျမှန်ပေါက်ကွဲသဖြင့် အမျိုးသမီးတဦး ဒဏ်ရာရရှိသွားပြီး အိမ်ခြေတချို့လည်း ပျက်စီးခဲ့ကြောင်း ရွာခံများထံမှ စုံစမ်းသိရှိရသည်။
ကောင်းဝက်ကျေးရွာကို လက်နက်ကြီးကျည်များ၊ သေနတ်များဖြင့် ယခုလ ၂၂ ရက်က ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ အိမ် တချို့အတွင်းက ငွေကြေးတချို့လည်း လုယက်ယူဆောင်ခြင်း ခံခဲ့ရကြောင်း မော်တောင်း ကျေးရွာအုပ်စု ကောင်းဝက်ရွာ အုပ်ချုပ် ရေးမှူး ဦးကျော်ခိုင် က ပြောပြသည်။
အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင် က“ဘယ်ဘက်ကပစ်တဲ့ ကျည်တွေလဲ ဆိုတာတော့ ကျနော်တို့ အနေနဲ့ ပြောရင် မှားသွားမှာလည်း စိုးပါတယ်။ ရွာထဲမှာ မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ ကျည်ပေါ်မှာတော့ ကျည်ဆန်နံပါတ်တွေလား ဘာတွေလားတော့ မသိဘူး။ ဗမာ စာတွေ ရေးထားတာတွေ့ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရွာသားတချို့က ၎င်းတို့အိမ်များမှ ငွေကြေးများ ဝင်ရောက် လုယူခံခဲ့ရကြောင်း၊ ၎င်းထံသို့ တိုင်ချက် လာရောက် ဖွင့်ထားကြောင်း၊ လက်နက်ကြီး လက်နက်ငယ်များ ထိမှန်ပျက်စီးသွားသော အိမ်များ၊ မပေါက်ကွဲသေးသော မော်တာကျည်များကို မူဆယ်မြို့ပေါ်ရှိ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများကိုယ်တိုင် ယခုလ ၂၃ ရက်နေ့က လာရောက် စစ်ဆေးပြီး မှတ်တမ်းယူသွားကြောင်း ဦးကျော်ခိုင် က ဆက်ပြောသည်။
ထို့အတူ မပေါက်ကွဲသေးသော လက်နက်ကြီးကျည် ၃ ခုကိုလည်း မုန်းကိုး ပြည်သူ့စစ် ဒုခေါင်းဆောင် ဦးအောင်ကြာနှင့် အဖွဲ့က လာရောက် ယူဆောင်သွားကြောင်းလည်း သိရသည်။
ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ်များဖြစ်ပစ်ခတ်ပြီး အိမ်ပေါ်အထိတက်ရောက်၍ ငွေကြေးများ လုယက် ယူဆောင် သွားသူများသည် တပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့များဖြစ်သည်ဟု လက်နက်ကြီး ထိမှန်၍ အိမ်များပျက်စီးသွားသူများနှင့် ငွေကြေး လုယက် ခံခဲ့ရသည့် ကောင်ဝက်ကျေးရွာ ဒေသခံများက ပြောသည်။
ကောင်းဝက် ရွာခံ စိုင်းအိုက်စိုးပေါင်း က “ကျနော့် အိမ်ရှေ့မှာ စစ်တပ်က သေနတ်တွေနဲ့ ပစ်တယ်။ ပြီးတော့ ကျနော့်ရဲ့ အိမ်ထဲ ဝင် လာတယ်။ ကျနော့် ပခုံးကို လက်နဲ့ ရိုက်ပြီး အိပ်ခန်းထဲမှာ ဝင်မွှေတယ်။ ကျနော့်အိမ်က ပိုက်ဆံ ၁၅ သိန်းနဲ့ တရုတ်ယွမ်ငွေ ၅ သောင်း ၅ ရာ ပါသွားတယ်။ ကျနော် အိမ်မှာမနေရဲလို့ အခု မူဆယ်ဘက် ထွက်ပြေးနေရတယ်”ဟု ဧရာဝတီကို ပြောပြသည်။
ထို့အပြင် တခြားအိမ်တချို့တွင်လည်း ငွေကြေး ယူဆောင်သွားခံရမှုများရှိပြီး အိမ်တချို့တွင် မှန်ဘီရိုများနှင့် တီဗီများ ရိုက်နှက်ဖျက် ဆီး ခံခဲ့ရကြောင်း လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ထိမှန်ပျက်စီးသွားသော အိမ်ခြေ စုစုပေါင်း ၁၁ လုံးရှိကြောင်း ကောင်း ဝက် ရွာခံ တဦးဖြစ်သည့် မိုင်းခမ်း ကလည်း ပြောဆိုသည်။
“အခုက ရွာမှာတော့ ကြောက်နေကြတာပေါ့။ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိကြဘူးဖြစ်နေတယ်။ ယူသွားတဲ့ ငွေတွေရော ပြန်ရ မလား မရလား မသိဘူး”ဟု မိုင်းခမ်း က ဧရာဝတီသို့ ပြောသည်။
ကောင်းဝက်ရွာ အနီးတွင် ယနေ့ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်သံ ပစ်ခတ်ပေါက်ကွဲသံများ ကြား နေရသဖြင့် ရွာခံတချို့ ဘေးလွတ်ရာ နေရာဘက်သို့ သွား၍ တိမ်းရှောင်ရန် စုဝေးနေကြကြောင်း ဒေသခံတဦးဖြစ်သည့် မိုင်းအေးကို က ပြောဆိုသည်။
“ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ပစ်နေတာလဲတော့ မသိဘူး။ ဒီမှာရှိတဲ့ ရွာသူ၊ ရွာသားတွေကတော့ တခြားနေရာမှာ သွားရှောင်ဖို့ အခု လူစု နေကြတယ်”ဟု မိုင်းအေးကို က ဧရာဝတီသို့ ပြောသည်။
ရွာသားများ၏ ပြောဆိုမှုများနှင့်ပတ်သက်၍ မူဆယ်မြို့နယ် ရဲစခန်းနှင့် တပ်မတော်အရေးကိစ္စများနှင့် ပတ်သက်၍ ဆက်သွယ်ရန် လမ်းညွှန်ထားသည့် ဖုန်းတချို့ကို ဧရာဝတီက မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။
မူဆယ်ခရိုင် မူဆယ်မြို့နယ်အတွင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့နှင့် အစိုးရ တပ်မတော် စစ်ကြောင်းများ၊ တပ်မတော် လက်အောက်ခံ ပြည်သူ့စစ်များ အကြား ယခုလအတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း TNLA က ပြောပြသည်။
သို့သော်လည်း ကောင်းဝက် ကျေးရွာအတွင်း ကျမှန်ပေါက်ကွဲသော မော်တာကျည်ကဲ့သို့ အမျိုးအစားများကို ၎င်းတို့ တိုင်းရင်းသား လက်နက်ကိုင်တပ်များ အသုံးမပြုကြောင်းနှင့် ကျေးရွာများကို ထိမှန်စေသည့် ပစ်ခတ်မှုမျိုး ၎င်းတို့တွင် ပြုလုပ်ခွင့် မရှိကြောင်း TNLA နိုင်ငံခြားရေးဌာန တာဝန်ခံ တာပန်လ က ဧရာဝတီသို့ ပြောသည်။