သမ္မတ ဦးသိန်းစိန်က သက်တမ်း ၅ နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုများ တစိုက်မတ်မတ် ကြိုးပမ်း ဆောင် ရွက်ခဲ့ ရာ ပြည်သူများ တိုက်ရိုက်အကျိုးသက်ရောက်မှုများရှိသကဲ့သို့ နှစ်ကာလရှည်ကြာစွာအကျိုးရှိရန် အခြေခံ အုတ်မြစ်ခင်းခဲ့ရခြင်းများလည်း ရှိကြောင်း မနေ့က ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ အစည်းအဝေး၌ ပြောလိုက်သည်။
သူတာဝန်ထမ်းဆောင်စဉ်က မိန့်ခွန်းကိုကြည့်လျှင် ရည်မှန်းချက်ကို ကွက်ကွက်ကွင်းကွင်း သိရှိနိုင်မည်ဖြစ်ပြီး လုပ်ဆောင်စရာ အများကြီးအနက်မှ ဆင်းရဲမှုလျော့နည်း ပပျောက်ရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကို ရွေးချယ်ပြီး မူဝါဒ လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပါကြောင်း၊
သိသာမြင်သာထင်သာမှုများအနက် မြစိမ်းရောင်စီမံချက်၊ ကမ္ဘာ့ဘဏ်၏ CDD စီမံချက်များ ဖြစ်ပြီး နယ်စပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို တွေ့နိုင်ပါကြောင်း၊ အဓိကအားဖြင့် နိုင်ငံရေး၊ လူမှုစီးပွားရေး ၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ပြုပြင်ပြောင်းလဲ မှုများ ဖြစ်ပါကြောင်း၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရာတွင် နိုင်ငံရေးလွတ်လပ်မှု၊ နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်မှု၊ မကြာခင်ကျင်းပမည့် ရွေးကောက်ပွဲများအပြင် လူမှုအဖွဲ့အစည်းများ ဖွဲ့စည်းမှု၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လူ့အခွင့်အရေး ပြဿနာများ လျော့ပါးလာစေမှု အပါ အဝင် နိုင်ငံရေး အကျဉ်းသား အများအပြားကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးကြိုးပမ်းမှုကိုလည်း ဦးစားပေးအဆင့် အနေဖြင့် ယခုအချိန်အထိ တစိုက်မတ်မတ် ဆောင်ရွက်နေသည်ကို အားလုံးအသိ ပင် ဖြစ်ပါကြောင်း။
နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် ယခင်နှင့်မတူ ထူးခြားစွာ ပြောင်း လဲနိုင်ခဲ့ သဖြင့် ဒေသတွင်းရော၊ အပြည်ပြည်ဆိုင်ရာကပါ အသိအမှတ်ပြု ကူညီဆက်ဆံခဲ့သည် ကို တွေ့ရှိနိုင်ပါကြောင်းလည်း ဆိုသည်။
ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကဲ့သို့သော အဖွဲ့အစည်းများ၏ နည်းပညာအထောက်အပံ့ဖြင့်ဗဟိုဘဏ်သည် သီးခြားအဖွဲ့အစည်းဖြစ်လာ သကဲ့သို့ ဘဏ္ဍာရေးဝန်ကြီး ဌာနသည်လည်း သီးခြားအဖွဲ့အစည်း ဖြစ်လာခဲ့ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု (Public Financial Management – PFM) လုပ်ငန်း များ ပိုမိုထိရောက်လာသကဲ့သို့ Treasury Department ကလည်း ပီပြင်လာပြီ ဖြစ်ပါကြောင်းပြောသည်။
သို့သော် သန့်ရှင်းသည့် အစိုးရ၊ ကောင်းမွန်သည့်အစိုးရ၊ ပွင့်လင်းသည့် အစိုးရဖြစ်အောင် မိမိအမြဲ တိုက်တွန်းနှိုးဆော်နေသော်လည်း အားရကျေနပ်မှုမရှိသေးကြောင်း နောက်ဆုံးအချိန်အထိ ဇွဲ၊ လုံ့လ စိုက်ထုတ် ကြိုးပမ်းသွားမည်ဟု ပြောကြားသွားသည်။