ကျဉ်းမြောင်းသည့်တဲအတွင်း တလခန့်နေထိုင်ပြီးနောက် ဒေါ်စံဌေးတစ်ယောက် နောက်ဆုံးတွင် မည်သည့်နေရာ၌ အဆုံးသတ်ရမည်ကို ယခုချိန်ထိ မသိရသေးပါ။ သူနှင့် ခင်ပွန်းဖြစ်သူတို့သည် ရေနစ်မြှုပ်ခဲ့ခြင်းကြောင့် စွန့်ခွာခဲ့ရသည့် စစ်ကိုင်းတိုင်း ကလေးမြို့အနောက်ဘက်တွင်တည်ရှိသည့် မော်လိုက်ရွာသို့ ပြန်ရန် မဖြစ်နိုင်တော့ပါ။
အသက် ၄၅ နှစ်အရွယ်ရှိသော ဒေါ်စံဌေးတစ်ယောက်ကို အိမ်အသုံးအဆောင်ပစ္စည်းများကို လက်နှစ်ဖက်ဖြင့် ပိုက် ခေါင်းပေါ်တွင်ရွက်လျက် ကယ်ဆယ်ရေးစခန်းမှ သူ၏ဇာတိရွာဖြစ်သည့် မော်လိုက်ရွာသို့ လမ်းလျောက်ပြန်နေသည့် လမ်းတွင် ကျနော် တွေ့ဆုံခဲ့ပါသည်။ သူနှင့် မော်လိုက်ရွာ အပြန်လမ်းတွင် လမ်းလျောက်စကားပြောရင်း သူ့အနာဂတ်ကို ဘာဆက်လုပ်မလဲဟု မေးလိုက်သောအခါ “ကျမတို့ အနာဂတ်က ဘာမှ မသေချာပါဘူး”ဟု ပြန်ပြောခဲ့ပါသည်။
ဇူလိုင်လလည်မှ စ၍ ရေနစ်မြှုပ်ခံရသောကြောင့် ပြန်လည်နေရာချထားသော တနိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း ၃၈၅၀၀၀ တို့၏ဖြစ်ရပ်သည် အထက်ပါအတိုင်း ဖြစ်နေခဲ့ပါသည်။ အဆိုပါရေဘေးဒဏ်ကို မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ၁၂ ခု ခံစားခဲ့ရသည်။
ယခုချိန်တွင် ကလေးမြို့နယ်ရှိ ဒေသခံများအား ပြန်လည်နေရာချထားရန် ကနဦးအနေဖြင့် ငွေကြေးမတတ်နိုင်သည့် အိမ်ထောင်စုများအတွက် အစိုးရက မည်ကဲ့သို့ မြေနေရာများ ထောက်ပံ့ပေးသွားမည်ကို စောင့်နေကြောင်း ဒေါ်စံဌေးက ပြောသည်။
“အာဏာပိုင်တွေက နေဖို့ မြေနေရာ အသေးတကွက်အတွက် အနည်းဆုံး ၂ သိန်းခွဲ စရံပေးရမယ်တဲ့။ ပိုက်ဆံရှိတဲ့သူတွေကိုတော့ တခါတည်း ၅ သိန်းပေးရမယ်လို့် ကျမတို့ကို ပြောတယ်။ ဒါပေမယ့် ကျမမှာ ပိုက်ဆံမရှိဘူး။ အဲဒါကြောင့် ကျမ နာမည်စာရင်းထဲမှာတောင် မထည့်လိုက်ဘူး” ဟု ဒေါ်စံဌေးက ပြောသည်။
ထိုဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် မရေရာမှုများသည် အခြေချနေထိုင်ရန် နေရာသစ်ရှာဖွေခြင်း တခုတည်း မဟုတ်ပါ။ ၎င်းတို့၏ နေအိမ်များ၊ လယ်ကွက်များသည်လည်း ရေဖုံးလွှမ်းသွားခဲ့၍ ဒေသ၏ စီးပွားရေးလုပ်ငန်းနှင့် အသက်မွေးမှုအတွက် မရှိမဖြစ် လိုအပ်သည့် အရင်းအမြစ်များသည်လည်း ပျက်စီးဆုံးရှုံးခဲ့ပြီ ဖြစ်ပြီး ဒုက္ခတွေ့နေကြရပြီဖြစ်သည်။
မော်လိုက်ကျေးရွာရှိ အိမ်ထောင်စု ၃၀၀ ကျော်တို့သည် သောက်သုံးရှေရားပါးခြင်းနှင့် ရွံနွံများ ဖုံးလွှမ်းနေသောကြောင့် နေအိမ်များကို စွန့်ခဲ့ကြသည်။
မော်လိုက်ရွာက အသက် ၆၈ နှစ်အရွယ် ဦးတင်ဝင်းက နေထိုင်ရန် မြေနေရာ အသေးတကွက်အတွက် ကျပ် ၅ သိန်းပေးခဲ့ကြောင်း ပြောသည်။ “ကျနော် တကယ် မတတ်နိုင်ပါဘူး၊ ဒါပေမယ့် ကလေးတွေ အနာဂတ်ကို စဉ်းစားပြီး ပေးခဲ့တာပါ”ဟု ဦးတင်ဝင်းက ပြောသည်။
ဦးတင်ဝင်းသည် လူမူကယ်ဆယ်ထောက်ပံ့သည့်အဖွဲ့နဲ့ အတူ ရွာထဲက ပျက်စီးသွားသည့်အိမ်များကို လိုက်လံပြသပြီး ထိုသု့ိ ပျက်စီးသည့် မြင်ကွင်းမျိုး တခါမှ မကြုံတွေ့ခဲ့ဖူးကြောင်း ပြောပြပါသည်။
“ကျနော်တို့ အဖိုးက အသက ်၉၀ အရွယ်မှာ ဒီအိမ်မှာဘဲ ခေါင်းချသွားခဲ့တာ။ မှတ်မိသလောက်တော့ အခု ကျနော်တို့ ကြုံတွေ့နေရသလို ကြောက်စရာကောင်းတဲ့ အတွေ့အကြုံမျိုး အဖိုး တခါမှ မကြုံဖူးခဲ့ဘူး”ဟု ဦးတင်ဝင်းက ပြောသည်။
မော်လိုက်ကျေးရွာတွင် ရေများ အလျင်အမြန် တက်လာသောအခါ ဦးတင်ဝင်းသည် နေအိမ်ရှိ ပစ္စည်းများ သိမ်းဆည်းရန် အချိန်အနည်းငယ်သာ ရရှိခဲ့ပါသည်။ ရေများသည် အိမ်ဝင်ပေါက်ကျော်သည်အထိ မြင့်တက်လာသောအခါ ဦးတင်ဝင်းသည် အိမ်ခေါင်မိုးကို ထိုးဖောက်ကာ အဝတ်အစားများကို ယူခဲ့ရသည်။
“ကျနော့် စပါး တင်း ၆၀၀ ဆုံးရှုံးသွားပြီ” ဟု ဦးတင်ဝင်းက ပျက်စီးနေသော စပါးလက်ကျန်များရှိသည့် စပါးကျီကို လက်ညှိးထိုး၍ ပြောသည်။
Moving Day နောက်ထပ် ပြောင်းရွေ့မူမှ ဒုက္ခသည်
ကလေးမြို့အဝင်အဝမှာ ပေါက်ခေါင်းရွာက ရေဘေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၁၅၀ ခန့်ရှိပြီး ကားလမ်းမကြီးဘေးတွင် နေထိုင်ကြရပါသည်။ မကြာခင်နောက်ထပ်တစ်နေရာ ပြန်လည်ရွေ့ပြောင်းပေးလိမ့်မည်ဟု သိရကြောင်းပြောသည်။
၎င်းတို့သည် ကလေးမြို့ အဝင်လမ်းမကြီးတစ်လျောက်တွင် တစ်လကြာ နေထိုင်ခဲ့ရပြီး ကားလမ်းဘေးတွင် စခန်းများပြုလုပ်ထားခြင်းကြောင့် ကားမတော်တဆမှုများဖြစ်ပွားသည်။ အဲဒီအတွက် အာဏာပိုင်တွေက နောက်ထပ်တစ်နေရာ ပြန်လည်ရောချထားရန် စီစဉ်နေခြင်းဖြစ်ကြောင်း အမျိုးသမီးဒုက္ခသည်တစ်ဦးက သူမရဲ့ တဲထဲမှာ စကားပြောရင် ပြန်ပြောပြသည်။
“ဒီလမ်းမမှာနေရတာ ကျမတို့အတွက် မလုံခြုံပါဘူး။ ကလေး ၃ ယောက်လောက် ကားတိုက်မူဖြစ်ခဲ့တယ်။ ကားတွေ သူတွေက အန္တရာယ်မဖြစ်အောင် မောင်းပေမဲ့လည်း ကလေးတွေက လမ်းပေါ်မှာ လျောက်ပြေးနေတာ။ အဲဒီအတွက် တခြားနေရာကို ပြောင်းပေးမယ်လို့တော့ ပြောထားပါတယ်။” ဟု ကလေးမြို့အဝင် လမ်းမပေါ်တွင် ရွက်ဖျင်ထိုး၍ နေသည့် ပေါက်ခေါင်းကျေးရွာမှ ဒေါ်စန်းရီကပြောသည်။
ကလေးမြို့နယ် ပေါက်ခေါင်းရွာသည် ရေနစ်မြှုပ်မှုကြောင့် အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြန်လည်နေထိုင်၍ မရသောအခါ ရွာသူရွာသားများသည်လည်း မိမိတို့အိမ်သို့ ဘယ်အချိန်ပြန်ရမည်ကို မသိကြသေးပါ။ ကလေးမြို့နယ်မှ တာဝန်ရှိသူများသည် ကားလမ်းဘေးစခန်းတွင်နေထိုင်သည့် ပေါက်ခေါင်းရွာမှ ရေဘေးသင့်ပြည်သူများအား ပြန်လည်နေရာချထားရန် ကလေးမြို့မှ မိနစ်၂၀ခန့်မောင်းနှင်ရသည့် သာယာဝတီရွာရှိ ဘောလုံးကွင်းနေရာကို ရွတ်ဖျင်တဲထိုးထားပါသည်။
ပြီးခဲ့သည့် သီတင်းပတ်က သိန်းနှင့်ချီသော ရေဘေးသင့်ပြည်သူများကို ဒီဇင်ဘာလအထိ ကူညီထောက်ပံရန် အမေရိကန်ဒေါ်လာ ၇၅ မီလီယံလိုအပ်လိမ့်မည်ဖြစ်ကြောင်း ကုလသမ္မဂက ပြောကြားခဲ့သည်။ ကလေးမြို့နယ်နှင့် အခြားနေရာများရှိ ရေဘေးသင့်ပြည်သူအများအတွက် လိုအပ်သည့် စာရင်းတွင် နေစရာအိမ်သည် ထိပ်ဆုံးမှရပ်တည်လျက်ရှိသည်။