အစိုးရက ထုတ်ပြန်လိုက်သည့် အနည်းဆုံး အခကြေးငွေ ဥပဒေ ထွက်ရှိလာပြီးနောက် စက်ရုံလုပ်ငန်းရှင်များက ၎င်းတို့၏ အလုပ်သမား ထောင်နှင့်ချီ၍ အလုပ်ဖြုတ်ပစ်လိုက်သည့်အတွက် ရွေးကောက်ပွဲအကြို ကာလအတွင်း အလုပ်ရှင် အလုပ်သမားများအကြား ပြဿနာ ကြီးထွားလာမည်ကို အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများက စိုးရိမ်နေကြသည်။
စက်တင်ဘာ ၁ ရက်မှ စတင် အသက်ဝင်သည့် အနည်းဆုံး အခကြေးငွေ ၃၆၀၀ ကျပ် အတည်ပြုပြီးနောက်ပိုင်း စက်ရုံအလုပ်ရုံများတွင် ဝန်ထမ်းအင်အား လျှော့ချလာရာ ရန်ကုန်မြို့ရှိ အလုပ်သမားပေါင်း ၈၀၀၀ ကျော်နှင့် မန္တလေးမြို့တွင် အလုပ်သမား ၁၀၀၀ ခန့် အလုပ်ပြုတ်သွားရသည်။
အလုပ်ဖြုတ်ခံရသည့် စက်ရုံအလုပ်သမားများက သက်ဆိုင်ရာ မြို့နယ် အလုပ်သမား ဖျန်ဖြေရေး ခုံသမာဓိ ကောင်စီများသို့ တိုင်ကြားကြသော်လည်း ပြဿနာအများစုမှာ ယနေ့အထိ မပြေလည်သေးပေ။။
လုပ်ငန်းရှင်များက ၎င်းတို့၏ အလုပ်သမားကို ပေးသည့် အကြောင်းပြချက်မှာ “ကုန်ပစ္စည်း အမှာစာမရ၍ တွက်ခြေမကိုက်” ဟူသည့် အချက်တချက်သာ ဖြစ်သည်။
စံပယ်ပွင့် အထည်ချုပ် မှ ဝန်ထမ်း ၂၃၇ ဦး၊ ရွှေဆန်းရီ အထည်ချုပ်မှ ၉၇ ဦးနှင့် အာရှနှင်းဆီ အထည်ချုပ်မှ ၁၉၆ ဦး အပါအဝင် စက်ရုံတချို့ ပိတ်သိမ်းခြင်း၊ လူလျှော့ခြင်းများ ပြုလုပ်နေကြသည်ဟု သိရသည်။
“ကျမတို့က ခုံသမာဓိကောင်စီကို တိုင်တော့ တာဝန်ရှိသူတွေက လုပ်ငန်းရှင်ကို မေးတယ်။ အလုပ်သမားတွေကို ဘယ်လိုပုံစံနဲ့ ထုတ်သလဲ၊ ဘာကြောင့်လဲပေါ့၊ စည်းကမ်းဖျောက်ဖျက်လို့လား ဆိုတာတွေပေါ့။ အော်ဒါ အမှာစာနည်းလို့ လျော်ရတာမျိုးဆိုတဲ့ အကြောင်းပြချက် အပေါ် အချက်အလက်တွေ တောင်းတော့ မပေးနိုင်ဘူး သိရတယ်။ တိုင်စာအပေါ် ဆုံးဖြတ်တာက ကျမတို့ အလုပ်သမားကိုယ်စားလှယ် ၇ ဦးကိုပဲ အလုပ်ပြန်ခန့်တယ်ဆိုတော့ ဒါဟာ မတရားတဲ့ ဆုံးဖြတ်ချက်နဲ့မို့ ယူမလာဘူး” ဟု လှိုင်သာယာ စက်မှုဇုန်ရှိ အာရှနှင်းဆီ အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မသန္တာမိုးက ပြောသည်။
မြန်မာလုပ်ငန်းရှင် တဦးပိုင်ဆိုင်သည့် အာရှနှင်းဆီ အထည်ချုပ်စက်ရုံမှ အခြေခံ အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၇ ဦး အပါအဝင် အလုပ်သမား ၁၉၆ ဦးကို သြဂုတ်လအတွင်းက နစ်နာကြေးပေးကာ အလုပ်ဖြုတ်ခဲ့သည်။ စက်ရုံတွင်ကျန်သည့် အလုပ်သမား ၂၄၀ ကျော်ကိုလည်း အလုပ်ဖြုတ်ပြီး နစ်နာကြေးများပေးကြောင်း၊ လစာသစ်နှုန်းထားတခုဖြင့် ဝန်ထမ်းသစ်များအဖြစ် ပြန့်ခန့်ကြောင်း သိရသည်။
မသန္တာမိုးက “လုပ်သက် ၁၀ နှစ်၊ ၁၃ နှစ် ဝန်ထမ်းတွေ အပါအဝင် အကုန်လုံးကို ဖြုတ်ပစ်ပြီး ဝန်ထမ်းသစ်အနေနဲ့ ပြန်ခန့်တာဆိုတော့ လုပ်သက်ရင့် ဝန်ထမ်း သူ့ဆီမှာ မရှိတော့ဘူးလေ။ အဲဒီလို ဥပဒေမဲ့ လက်တလုံးခြား လုပ်တာ” ဟု ရှင်းပြသည်။
လက်ရှိ အလုပ်သမား ဥပဒေများအရ လုပ်ငန်းရှင်အနေဖြင့် အကြောင်းတစုံတရာကြောင့် လုပ်သက် ၄ နှစ်နှင့် အထက် ဝန်ထမ်းကို အလုပ်မှ ရပ်စဲပါက ပေးရမည့် နစ်နာကြေးမှာ လုပ်သက်အလိုက် ပေးရမည်ဖြစ်သည်။ ထို့ကြောင့် လျော်ကြေး မပေးလိုသည့် အလုပ်ရှင်အများစုက ဝန်ထမ်းသစ် ပြန်ခန့်သည့်ပုံစံမျိုးဖြင့် ပြုလုပ်လာကြကြောင်း၊ တနေ့ ၃၆၀၀ ကျပ်မှလွဲ၍ တခြား ခံစားခွင့်များပေးရန် မသေချာကြောင်း အလုပ်သမားများထံမှ သိရသည်။
ကုန်ဈေးနှုန်းတက်သည့် ဒဏ်ကို ရင်ဆိုင်ရင်း စားဝတ်နေရေး ကျပ်တည်းမှုကို ရင်ဆိုင်နေရသော အလုပ်သမား လူတန်းစားများ မြန်မာနိုင်ငံတွင် ဒုနှင့်ဒေး ရှိနေသည်။
အလုပ်သမားများ၏ စားဝတ်နေရေး ကျပ်တည်းမှု ပြဿနာ၏ အဖြေကား အနည်းဆုံး လုပ်ခလစာ နှုန်းထားအပေါ် မူတည်၍ အဆင်ပြေလာရေး ဖြစ်သည်။ သို့သော် လက်တွေ့တွင် အလုပ်ဖြုတ်ခံရခြင်းနှင့် တခြားခံစားခွင့်များလည်း မသေချာတော့သည့်အတွက် အလုပ်သမားများက အစိုးရအနေဖြင့် တာဝန်ယူမှုများ ပြုလုပ်ပေးစေလိုကြောင်း ပြောဆိုလာကြသည်။
“အလုပ်ရှင်ကလည်း တွက်ခြေမကိုက်မှာ စိုးရိမ်သလို အလုပ်သမားကလည်း သူတို့ရပိုင်ခွင့်တွေအတွက် စိုးရိမ်နေကြတယ်။ ဥပဒေကို နားလည်လာရင်တော့ ပြေလည်သွားမှာပါ။ စက်ရုံတွေက ပိတ်သိမ်းတယ်ဆိုတာထက် အဓိက က လုပ်သားအင်အားတွေ လျှော့နေတာ။ ပြဿနာတွေကတော့ နေ့စဉ် ဖြေရှင်းပေးနေရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အလုပ်ဖြုတ်ဖို့ ကြိုတင်ပြောရမှာ ရှိတယ်။ စည်းကမ်းနဲ့ မလုပ်တာတွေတော့ ငါတို့ လက်မခံဘူး။ တချို့ကလည်း ရပြီးသား လစာကို မစွန့်လွတ်ချင်တာနဲ့ အလုပ်ရှင်ဘက်ကလည်း တမျိုးနဲ့ ဆိုတော့ ညှိနှိုှုင်းနေရတာပေါ့” ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဧရာဝတီသို့ ပြောသည်။
အစိုးရက လတ်တလော ဖြစ်ပွားနေသည့် အငြင်းပွားမှုများ ပြေလည်စေရန် အလုပ်ရှင်များကို အလုပ်ခန့်အပ်မှုများ ပြုလုပ်ပြီး ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရန် ကြေညာထားပြီး သတ်မှတ်ထားသည့် အတည်ပြုနှုန်းထားဖြင့် လစာများပေးရမည်ဟု ပြောဆိုထားသည်။
အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သည့် ကိုယ်စားလှယ်များကမူ ယခု ထွက်ရှိလာသည့် အခြေခံလစာ သတ်မှတ်နှုန်းထားအပေါ် မူတည်ကာ တိုင်းပြည်၏ ရွေးကောက်ပွဲအကြို ကာလအတွင်း အလုပ်ရှင်နှင့် အလုပ်သမားများ အကြား အခြေအတင်ဖြစ်ပွားကာ ပိုမိုဆိုးရွားသည့် အခြေအနေများကို ဦးတည်သွားမည်ကို စိုးရိမ်နေကြသည်။
ထို့ကြောင့် နေပြည်တော်တွင် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရတို့ ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ လက်ရှိပြဿနာများအရေး အဖြေရှာဆွေးနွေးကြမည်ဟု သိရသည်။
“လုပ်ခလစာ သတ်မှတ်ချက်အပေါ် နေရာဒေသ အများအပြားက လုပ်ငန်းရှင်တွေရဲ့ တုံ့ပြန်မှုက ပြင်းထန်တယ်။ လုပ်အားတွေ လျှော့ချတော့ အလုပ်အကိုင် လျော့နည်းလာတယ်။ လုပ်ခလစာ ၃၆၀၀ ပေးလိုက်တယ်ဆိုပြီး ကျန်တဲ့ရပိုင်ခွင့်တွေ အကုန်လျော့သွားတယ်။ တကယ်က ဥပဒေထွက်လာရင် ဆုကြေးကတော့ ဘယ်လောက် လျှော့သွားမယ်၊ ကျွမ်းကျင်မှု လုပ်သက်ကြေးဘယ်လောက် ဆိုတာမျိုး တိကျတဲ့ သဘောတူ စာချုပ် မျှော်လင့်ထားခဲ့တာ မဖြစ်လာဘဲနဲ့ ပြဿနာ ထိပ်တိုက်တိုးမယ့် အလားအလာတွေ တွေ့နေရတယ်။ စက်တင်ဘာလ အတွက် လုပ်ခများ ထုတ်လာရင် ထိပ်တိုက် ရုန်းရင်းဆန်ခတ်တွေဖြစ်မှာ စိုးရိမ်တယ်” ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးဇာနည်သွေး က ပြောသည်။
ဆက်လက်၍ သူက “အလုပ်ဖြုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေ အတွက်လည်း အလုပ်ခန့်ထားပေးဖို့ ကိစ္စတွေ အစိုးရနဲ့ ဆွေးနွေးထားပြီးသားပါ။ တချို့လုပ်ငန်းရှင်တွေကလည်း ခန့်အပ်မယ်လို့ သဘောတူထားပြီးသား ဖြစ်တယ်” ဟု ရှင်းပြသည်။
လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းရပ်တည်ရာတွင် အခွန်ပေးဆောင်ရခြင်း၊ ကုန်သွယ်ခွန် များပြားခြင်း၊ လမ်းတံတားကြေး ပေးဆောင်နေရခြင်းစသည့် ကိစ္စများတွက် အခက်အခဲများ ရှိနေပါက အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များနှင့် တွေ့ဆုံ ညှိနှိုင်းသင့်ကြောင်း၊ ယင်းအပေါ် အဖြေရှာ၍ အစိုးရသို့ တင်ပြတောင်းဆိုပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ အလုပ်သမားအရေး လှုပ်ရှားသူများက ထောက်ပြ ပြောဆိုကြသည်။
မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက “အခြေခံလစာ သတ်မှတ်လိုက်နိုင်တဲ့ အောင်မြင်မှုကို ကျနော်တို့ ဆက်လက် ထိန်းသိမ်းသင့်တယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်ဖို့လိုတယ်။ လုပ်ငန်းခွင် ထိခိုက်မှု၊ လျော်ကြေးနဲ့ စာချုပ်တို့လို ကိစ္စတွေကို ဥပဒေတွေ ပြဋ္ဌာန်းသင့်ပြီ။ ကျနော်ကတော့ ဒီကိစ္စတွေကို နောက် အစိုးရလက်ထက်အထိ သယ်သွားမှာလားဆိုပြီး ပြည်ထောင်စု လွှတ်တော်ကို မေးခွန်းထုတ်စရာရှိတယ်” ဟု သုံးသပ်သည်။
အလုပ်သမားများ အနေဖြင့် စက်ရုံများမှ အလုပ်ဖြုတ်ခံရခြင်း၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရခြင်း စသည့် ပြဿနာများ အပါအဝင် အခက်အခဲများ ရှိပါက အလုပ်သမားအရေး ဆောင်ရွက်နေသည့်သမဂ္ဂများ၊ အဖွဲ့ချုပ်များသို့ ကာယကံရှင်များကိုယ်တိုင် တိုက်ရိုက် ပြောဆိုနိုင်ကြောင်း သိရသည်။
အခြေခံလစာ နှုန်းထား အတည်ပြု သတ်မှတ်မှု မပြီးခင် ကာလကတည်းက ယင်းသတ်မှတ်မှုကို ကန့်ကွက်မှု အများဆုံးမှာ စက်မှုဇုန်များရှိ စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်များပင် ဖြစ်သည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ကြေညာချက်များအရ လုပ်ခလစာ ပြဿနာ၊ အလုပ်သမား အခွင့်အရေးပြဿနာ ဖြစ်ပွားမှုကြောင့် ဖြေရှင်းမှု အများဆုံးမှာလည်း စက်မှုဇုန်များရှိ စက်ရုံများမှ အလုပ်ရှင်နှင့် အလုပ်သမားများပင် ဖြစ်ကြောင်း တွေ့ရှိရသည်။
လုပ်ငန်းရှင်များ၏ အကြောင်းပြချက်များမှာ လုပ်ငန်းလည်ပတ်ရာတွင် အပိုကုန်ကျမှုများစွာ ရှိနေသဖြင့် လုပ်ခလစာ တိုးမြှင့်လိုက်ပါက တွက်ခြေ မကိုက်ခြင်း၊ အခွန်ဆောင်ရမှု များပြားခြင်းနှင့် လမ်းတံတား အခက်အခဲများရှိခြင်း စသည်တို့ ဖြစ်သည်။ ထို့ကြောင့် အစိုးရပိုင်းကလည်း ယင်းကိစ္စများအတွက် ဖြည့်ဆည်းပေးမှုများ ပြုလုပ်ပေးသင့်ကြောင်း လုပ်ငန်းရှင်များက ထောက်ပြပြောဆိုနေကြသည်။
“အခွန်ပေးဆောင်ရတဲ့ စနစ်တွေအတွက် အစိုးရကို ပြောစရာတွေ ရှိနေတယ်။ လမ်းတံတားကြေးတွေ ပေးရတယ်။ စက်မှုဇုန်တွေမှာ မီးမရတဲ့ ပြဿနာလိုမျိုး အပိုကုန်ကျမှုတွေလည်း ရှိတယ်။ လုပ်ခလစာ တိုးမြှင့်ပေးလိုက်တဲ့အခါ အလုပ်သမားတွေကလည်း စွမ်းရည်တွေ တိုးလာဖို့လိုအပ်တယ်” ဟု အမည်မဖော်လိုသူ ပြည်တွင်းလုပ်ငန်းရှင်တဦးက ပြောသည်။
နိုင်ငံတဝန်း အလုပ်သမား လုပ်ခလစာ နည်းပါးမှုနှင့် အလုပ်သမား အခွင့်အရေး မရရှိကြသည့်အတွက် ဆန္ဒထုတ်ဖော်မှု၊ တောင်းဆိုမှုများ ယနေ့အထိ ဖြစ်ပွားနေဆဲ ဖြစ်ပြီး၂၀၁၁ ခုနှစ် တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြမှုများမှ စတင်၍ ယနေ့အချိန်အထိ ဆန္ဒပြမှုနှင့် အလုပ်သမား အခွင့်အရေး တောင်းဆိုမှုပေါင်း ၆၀ဝ ခန့် ဖြစ်ပွားခဲ့ပြီး စက်မှုဇုန် အလုပ်သမား ဆန္ဒပြမှုများသည် အများဆုံး ဖြစ်ခဲ့သည်။
အစိုးရက ထိုသို့ဆန္ဒပြတောင်းဆိုသူ အလုပ်သမားတချို့ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ လူစုလူဝေး ပြုလုပ်မှုများဖြင့် ပုဒ်မတပ် အရေးယူလျက်ရှိပြီး လက်ရှိတွင် အမှုရင်ဆိုင်နေကြရသည့် အလုပ်သမား ၅၀ ဦးခန့်ရှိနေပြီး ထောင်ဒဏ် ကျခံနေရသူများလည်း ရှိနေသည်။
အစိုးရကမူ လက်ရှိရင်ဆိုင်နေသည့် အလုပ်ရှင် အလုပ်သမားပြဿနာများ ပြေလည်စေရန်အတွက် ဥပဒေများ အသက်ဝင်ရေး၊ အခွန်ကောက်ခံခြင်း ကိစ္စများကို ဖြေလျှော့ပေးခြင်း၊ စက်မှုဇုန် နယ်မြေများအတွင်း ဖြစ်ပေါ်နေသည့် ရေ၊ မီးပြဿနာများ အဆင်ပြေစေရေး၊ အချိန်ပိုကြေး ၂ ဆ ပေးရမည့်ကိစ္စအပေါ် ဆောင်ရွက်ပေးမည်ဟု ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် အနည်းဆုံးအခကြေးငွေ ဥပဒေနှင့် နည်းဥပဒေကို ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီးနောက် မြန်မာနိုင်ငံတဝှမ်းရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ တနိုင်ငံလုံး တပြေးညီ သတ်မှတ်လိုက်သည့် အနည်းဆုံးအခကြေးငွေမှာ တနာရီလျှင် ၄၅၀ ကျပ်နှုန်းဖြင့် အလုပ်ချိန် ၈ နာရီအတွက် တရက်လျှင် ၃၆၀၀ ကျပ်ဖြစ်ကြောင်း အစိုးရက သြဂုတ် ၂၉ ရက်ထုတ် အစိုးရသတင်းစာများမှ ထုတ်ပြန်ကြေညာခဲ့သည်။