ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို စက်တင် ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များထံမှ သိရသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လက်မှတ် ရေးထိုးနိုင်ရေး အဓိကထား ဆွေးနွေးကြမည်ဖြစ်ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်မည့် မွန်ပြည်သစ်ပါတီ (MNSP) ဒုဥက္ကဋ္ဌ နိုင်ဟံသာက ဧရာဝတီသို့ ပြောသည်။
နိုင်ဟံသာက “အစိုးရဘက်က အားလုံး ပါဝင်ရေးမူကို လက်မခံတော့ ဘယ်လိုနည်းနဲ့ ဒါကို ဖြတ်ကျော်မလဲ။ ဘယ်လို နည်းလမ်း ရှာမလဲပေါ့လေ။ အဲဒီကိစ္စကို ဆွေးနွေးကြမှာပါ။ အားလုံးပါဝင်နိုင်ရေးကိုတော့ တဘက်က အဓိက ထားမယ်။ အဲဒီအခက် အခဲအပေါ်မှာ ဘယ်လို ကျော်ဖြတ်မလဲပေါ့လေ” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းမိုင်မြို့တွင် ၃ ရက်ကြာ ပြုလုပ်မည့် ထိပ်သီးညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD) အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များ တက်ရောက်ကြမည်ဟု သိရသည်။
ထို့အပြင် SD အဖွဲ့ဝင် မဟုတ်သော “ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု (NDAA) မိုင်းလား အဖွဲ့ တို့ကိုလည်း SD က ဖိတ်ကြား ထားကြောင်း သိရသည်။
အစိုးရက ကန့်သတ်ထားသည့် အဖွဲ့များ အားလုံး မပါဝင်သော်လည်း လက်မှတ်ရေးထိုးလိုသည့် အဖွဲ့များ ရှိနေပြီး ယခု ပြုလုပ်မည့် ညီလာခံတွင် တင်ပြမှုများ ပြုလုပ်လာနိုင်ဖွယ်ရှိသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အများစုက “အားလုံး ပါဝင်ရေး” ဆိုသည့် မူအပေါ်တွင် ရှိကြောင်းလည်း တိုင်းရင်းသား ခေါင်းဆောင်တချို့က ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင် အစိုးရ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် RCSS/SSA ကလည်း ယခု ညီလာခံကို တက်ရောက်မည် ဖြစ်ပြီး NCA စာချုပ်နှင့် ပတ်သက်၍ မရှင်းလင်းသေးသည့် အချက်များကို မေးမြန်း ဆွေးနွေးသွားမည်ဟု RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
ဗိုလ်မှူးကြီး စိုင်းလက “NCA ရဲ့တရားဝင်မှု အခြေအနေ၊ လက်မှတ်ထိုးပြီးတာနဲ့ မထိုးတာနဲ့ ဘယ်လို ကွာခြားတာတုန်း၊ ဝန်ကြီး ဦးအောင်မင်း ပြောပုံအရဆိုရင် ဒီ NCA ထိုးပြီးပေမယ့်လည်း တိုက်ပွဲတွေက ဆက်ဖြစ်နေဦးမယ်ဆိုတော့ ဘာအကြောင်းနဲ့ကြောင့် ဆက်ပြီးတော့ လက်မှတ်ထိုးကြရမှာလဲ။ အဲဒါတွေ မေးစရာ မေးခွန်းတွေ ရှိနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
RCSS/SSA အဖွဲ့သည် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းထားသည့် NCA သဘောတူ စာချုပ် အပေါ်တွင်လည်း သဘောတူကြောင်းနှင့် လက်မှတ်ထိုးရန်အတွက်လည်း သဘောထား ထုတ်ပြန်ထားသည့် အဖွဲ့ဖြစ်သည်။ သို့သော်လည်း ယခုရက်ပိုင်းတွင် ၎င်းတို့အပေါ် အစိုးရ တပ်မတော်မှ မြေပြင်၊ ဝေဟင်မှ ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သည့်အပေါ် နားမလည်နိုင်ဖြစ်နေရသည်ဟု ဆိုသည်။
အစိုးရနှင့် ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေးကို ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်တို့တွင် သဘောတူညီမှု ရရှိထားပြီး ၂၀၁၅ ခုနှစ်ပြည်ထောင်စုနေ့က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် “ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်” ဆိုသည့် စာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်သည်။
အလားတူ အစိုးရတပ်မတော်သည် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင်လည်း တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားနေပြီး ရာနှင့်ချီသည့် ဒေသခံများ အိုးအိမ်စွန့်၍ စစ်ဘေးရှောင်နေကြရသည်။
အစိုးရက NCA လက်မှတ်ထိုးရန် ကန့်သတ်ထားသည့် အဖွဲ့များထဲတွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ဖြစ်သည်။
TNLA ကို အစိုးရက ပဏာမ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် သဘောထားရှိကြောင်း သတင်းမီဒီယာများကို နှုတ်ဖြင့် ပြောဆိုမှုများ ရှိနေသော်လည်း လက်တွေ့မဆန်ကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များ ယုံကြည်မှုရစေရန် ဟန်ပြလုပ်ဆောင် မှုသဘောဆန်နေကြောင်း TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ဧရာဝတီသို့ ပြောသည်။
“ချင်းမိုင်မှာ ကိုညိုအုန်းမြင့်တို့က ဖုန်းဆက်ပြီး ကျနော်တို့ကို လိုက်ရှာတယ်။ ချင်းမိုင်မှာ တွေ့ကြရအောင် အစိုးရက ပေါ်လစီပြောင်းပြီး သမ္မတက ကျနော်တို့ကို Bilateral ပဏာမ အပစ်ရပ်အဆင့် လုပ်ဖို့ ကမ်းလှမ်းခိုင်းတယ်ဆိုပြီး အကြောင်းကြား လာတယ်လေ။ ဒါက တကယ်လက်တွေ့ မဆန်ပါဘူးလို့ ပြောချင်ပါတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ကို ထိုးစစ်ဆင် တိုက်နေတယ်ဆိုတော့ ဘယ်လိုမှ ယုံကြည်လို့ မရဘူး ဖြစ်နေတယ်” ဟု ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောသည်။
TNLA ကမူ NCA စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်ချုပ်ဆိုနိုင်ရေး အပေါ်တွင် ရပ်တည်သွားမည် ဖြစ်ပြီး ၎င်းတို့နှင့် အတူတိုက်ပွဲဝင်နေသည့် ကိုးကန့်အဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) တို့ကိုလည်း တပြိုင်တည်း ပါဝင် လက်မှတ်ထိုးနိုင်ရေး ချင်းမိုင်မြို့တွင် ၃ ရက်အကြာ ပြုလုပ်မည့် တိုင်းရင်းသား ထိပ်သီးညီလာခံတွင် တင်ပြသွားမည်ဟု ဆိုသည်။