ရွေးကောက်ပွဲအတွက် နိုင်ငံရေးအရ မဲဆွယ်စည်းရုံးမှုများတွင် ဘာသာရေးအား အလွဲသုံးစား ခုတုံးလုပ်ခြင်းများအပေါ် သည်းခံသွားမည် မဟုတ်ကြောင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းရီက ဧရာဝတီသို့ ပြောသည်။
တစည ပါတီ ဗဟိုဌာနချုပ်၌ စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် ၂၇ နှစ်မြောက် ပါတီ နှစ်ပတ်လည် အခမ်းအနားအပြီးတွင် ဘာသာရေးအား ခုတုံးလုပ် မဲဆွယ်မှုများအပေါ် ၎င်း၏ သဘောထားအမြင်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးထွန်းရီက “ဘာသာရေးကို နိုင်ငံရေးမှာ အလွဲသုံးတာတွေ ရှိလာရင်လည်း ဘယ်သူမှ သည်းခံနေမှာ မဟုတ်ပါဘူး။ ဥပဒေနဲ့အညီ ပြောစရာ လုပ်စရာရှိတာတွေ လုပ်သွားရမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲ မဲဆွဲစည်းရုံးကာလသို့ ရောက်ရှိနေချိန်တွင် ပါတီများ၏ မဲဆွယ်မှုများအပေါ် ဘာသာရေး အဖွဲ့အစည်း တချို့၏ နှောက်ယှက်မှုများ၊ ဘာသာရေးအရ မည်သည့်ပါတီကိုသာ မဲပေးရန် စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံရေးပါတီတချို့က ထုတ်ဖော် ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးက NLD ၏ မဲဆွယ်စည်းရုံးရေးကို ထိခိုက်စေနိုင်သည့် စာသားပါ စာရွက်စာတမ်းများကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် လိုက်လံ ဝေငှ နေခြင်းဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေး နှောင့်ယှက်လျက်ရှိကြောင်း စက်တင်ဘာ ၂၁ ရက်နေ့တွင် မီဒီယာများသို့ ပြောကြားခဲ့သည်။
ယင်းသို့ ဘာသာရေး အဖွဲ့အစည်း တခုအနေဖြင့် ကြေညာချက် ထုတ်ပြန်ကာ ပါတီတခုကိုသာ မဲပေးရန် လုပ်ဆောင်သည့် ပုံစံများမှာလည်း မဖြစ်သင့်တော့ကြောင်း ဦးထွန်းရီက ပြောသည်။
လက်ရှိ ကျင့်သုံးနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၆ တွင် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုလုပ်ရန် တရားဝင် ပြဌာန်းထားသည်။
တစည ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၇၅၆ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် တစည ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၂ ဦး အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၆၄ ဦး အနိုင်ရရှိခဲ့ကာ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်မူ အနိုင်ရရှိခဲ့ခြင်း မရှိကြောင်း ယင်းပါတီထံမှ သိရသည်။